မိုခါမုန်တိုင်းဟာ စစ်တွေမြို့ကနေ ဝင်ရောက်မှာဖြစ်လို့ ဒေသခံတွေ အမြန်ပြောင်းရွှေ့ကြဖို့ တိုက်တွန်း

မေ ၁၁ – ၂၀၂၃
SN (VOM)

မိုခါမုန်တိုင်း မေ ၁၄ ရက်မှာ စစ်တွေမြို့ကနေ ဝင်ရောက်မှာဖြစ်လို့ ဒေသခံတွေအနေနဲ့ ဘေးကင်းရာကို အမြန်ဆုံးပြောင်းရွှေ့ကြဖို့ မိုးလေဝသပညာရှင် တစ်ဦးက တိုက်တွန်ထားပါတယ်။

မေ ၁၄ ရက်နေ့မှာ မုန်တိုင်းဗဟိုချက် စစ်တွေ ရသေ့တောင်ကြား၊ မကျည်းချောင်းကနေပြီး ဝင်ရောက်မှာဖြစ်ပြီး မုန်တိုင်းဝန်းမိုင် ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မုန်တိုင်းကြောင့် မြေငူကျွန်း၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်းတော၊ မြေပုံ၊ ပုဏ္ဍားကျွန်းမြို့၊ မြောက်ဦး အထိအခိုက်အပျက်အစီး များနိုင်တယ်လို့ သိရပါတယ်။

“မိုးရေချိန် ၂၀၀ မီလီမီတာကနေ ၃၀၀ မီလီမီတာအထိ ရွာသွန်းနိုင်လို့ မိုးအလွန်ကြီးမှာဖြစ်ပါတယ်။ ဘေးကင်းရာ ကုန်းမြင့် လုံခြုံတဲ့နေရာဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြပါလို့ အကြံပြုလိုက်ပါတယ်” လို့ မိုးလေဝသပညာရှင် မစုစုစံက အသိပေးထားပါတယ်။

မုန်တိုင်းဝင်ရောက်စဥ် တစ်နာရီ မိုင် ၉၀ ကနေ လေပြင်းတိုက်ချိန် ဆောင့်တိုက်လေ ၁၀၀ မိုင်အထိ တိုက်ခတ်နိုင်ပြီး ရေလှိုင်းအမြင့် ၃၂ ပေ မှ ၃၆ ပေအထိ ရှိနိုင်တယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ ဆိုင်ကလုန်မုန်တိုင်း မိုခါ (MOCHA) ဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် (၃၆၅) မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် (၄၇၅) မိုင်ခန့်၊ စစ်တွေမြို့ (Sittwe) ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင် (၆၁၅) မိုင်ခန့်အကွာမှာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။

“ဆိုင်ကလုန်းမုန်တိုင်း “ONE” (01B) ဖြစ်လာပြီး မုန်တိုင်းလမ်းကြောင်းကလည်း စစ်တွေကို ဝင်မယ်ဆိုတာ သေချာသွားပြီဖြစ်ပါတယ်။ ကမ္ဘာ့သဘာဝဘေးဆိုင်ရာ သတိပေးချက်ထုတ်ပြန်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းစနစ် (Global Disaster Alert and Coordination SYSTEM) ကလည်း မြန်မာနိုင်ငံကို အမြင့်ဆုံးလေတိုက်နှုန်း ၁၆၇ ကီလိုမီတာ (တစ်နာရီ ၁၀၃ ဒသမ ၇ မိုင်)ရှိ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်မယ့် အခြေအနေကြောင့် လူဦးရေ ၂ သန်းကို ထိခိုက်နိုင်ကြောင်း အနီရောင်အဆင့် သတိပေးချက် “RED ALERT” ထုတ်ပြန်လိုက်ပါတယ်”လို့ မော်ဒန်ခန့်မှန်းချက်တွေကို လေ့လာသုံးသပ်သူ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။

လက်ရှိ ကမ္ဘာ့သဘာဝဘေးဆိုင်ရာသတိပေးချက် ထုတ်ပြန်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းစနစ်ရဲ့ အသိပေးကြေညာချက်မှာ ရခိုင်ပြည်နယ်မှ လူဦးရေ ၉၃၀,၀၀၀ ၊ချင်းပြည်နယ်မှ လူဦးရေ ၂၁၀,၀၀၀၊ မကွေးတိုင်းမှ လူဦးရေ ၁၇၀,၀၀၀ နဲ့ စစ်ကိုင်းတိုင်းမှ လူဦးရေ ၄၄၀,၀၀၀ တို့ဟာ အန္တရာယ်ရှိတဲ့ လေပြင်းတိုက်ခိုက်ခြင်းကို ခံရနိုင်တယ်လို့လည်း အသိပေးထားကြောင်း သူက ပြောပါတယ်။

အနည်းဆုံး တစ်နာရီ မိုင် ၄၀ အထိ လေပြင်းတိုက်ခိုက်မှုဒဏ်ကိုခံရနိုင်တဲ့ မြန်မာနိုင်ငံက လူဦးရေ စုစုပေါင်းကတော့ ၅ ဒသမ ၄ သန်းအထိရှိပြီး အဓိက ထိခိုက်ပျက်စီးနိုင်မယ့် လေယာဉ်ကွင်းတွေကတော့ စစ်တွေ၊ ထီးလင်းနဲ့ ဂန့်ဂေါလေယာဉ်ကွင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဆိုင်ကလုန်မုန်တိုင်း မိုခါ (MOCHA) ဟာ မေ ၁၂ ရက်မှာ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်ကာ မေ ၁၃ ရက်မှာတော့ အားအနည်းငယ်လျော့သွားနိုင်ပြီး မေ ၁၄ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ ကျောက်တော်မြို့ကြားမှ ဖြတ်ကျော် ဝင်ရောက်နိုင်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မိုခါမုန်တိုင်း #စစ်တွေကနေဝင်ရောက်နိုင်

Related posts

Leave a Comment

VOM News

FREE
VIEW