မြိုင်မြို့ပေါ်က လူနေရပ်ကွက်ထဲ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ လူ ၂ ဦးသေ ၊ ၁ ဦး ဒဏ်ရာရ

မေ ၁၁ ၊ ၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့ ပေါ်က လူနေရပ်ကွက်တွေထဲ မနေ့ မေ ၁၀ ရက်နေ့ညက လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲလို့ အဆောက်ဦးတွေ ထိခိုက်ပျက်စီးတဲ့အပြင် လူသေဆုံး ၊ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ မြိုင်မြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” အမှတ် ၁ ရပ်ကွက်ထဲက အထက ၂ ကျောင်းရှေ့လမ်းမှာ လက်နက်ကြီးကျည် ၁ လုံး နဲ့ အမှတ် ၃ ရပ်ကွက်ထဲက ဦးညိုသင်းဆိုသူရဲ့ နေအိမ်ပေါ်ကို ၁ လုံး ကျရောက်ပေါက်ကွဲတယ် ” လို့ မြိုင်မြို့ခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မြိုင်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့ကည ၉ နာရီဝန်းကျင်မှာ လက်နက်ကြီး ၂ လုံး မြိုင်မြို့ပေါ်က လူနေရပ်ကွက်တွေထဲကိရောက်ပေါက်ကွဲတယ် ၊ အမှတ် ၁ ရပ်ကွက်ထဲက အထက ၂ ကျောင်း ၊ ၁ ထပ်ကျောင်းဆောင်ရှေ့ လက်နက်ကြီးကျည် ၁ လုံးကိရောက်ပေါက်ကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် ၄ ပေပတ်လည် အမိုးမျက်နှာကြပ် ၄၅ ချပ် ၊ ၁ ပေပတ်လည် ပြူတင်းပေါက်မှန်ချပ် ၅၂ ချပ် ပျက်စီးတယ် ၊ အမှတ် ၃ ရပ်ကွက်ထဲက ဦးညိုသင်းရဲ့ အိမ်ပေါ်ကို နောက် တလုံးကျရောက်ပေါက်ကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုမှာ အိမ်ရှင် ဦးညိုသင်း ရဲ့ ညီမ ဒေါ်အိမာမြင့် ဆိုသူ နဖူးမိုင်းစထိမှန်ပြီး သေဆုံးတယ် ၊ နောက်ပြီး ဒေါ်အိမာမြင့်ရဲ့ သားဖြစ်သူ မောင်ကျော်စံလင်း ဆိုသူလည်း နောက်ကျော မိုင်းစထိမှန် ဒဏ်ရာနဲ့ သေဆုံးသွားတယ် ၊ အဲ့ဒီအပြင် ေဒ်အိမာမြင့်ရဲ့ နောက်ထပ်သား တယောက်ဖြစ်တဲ့ မောင်ဇော်ဝေယံဦး ဆိုသူလည်း မျက်နှာမှာ ဒဏ်ရာရခဲ့တယ် ” လို့ပြောပါတယ်။

ဒါ့အပြင် မြိုင်မြို့ခံတယောက်ကလည်း ” ညက ၉ နာရီထိုးပြီးတော့ လက်လုပ် ရှော့တိုက်ဒုံးတွေနဲ့ ကံကြီးရွာဘက်ကနေ ပစ်တယ် ၊ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ မသိရဘူး ၊ အဲ့ဒီ ရှော့တိုက်ဒုံးတွေဟာ မြို့ပေါ်က လူနေရပ်ကွက်ထဲကျတယ် ၊ အမှတ် ၃ ရပ်ကွက်ထဲက သားအမိ ၂ ယောက်သေတယ် ၊ သား တယောက် ဒဏ်ရာရတယ် ၊ ၉ နာရီ ၂၅ မိနစ်မှာ မြို့လုံခြုံရေးဘက်က တန်ပြန်ပစ်တော့မှ ပစ်ခတ်တာတွေ ရပ်တန့်သွားတယ်” လို့ပြောပါတယ်။

ဒီလက်နက်ကြီး ပစ်ခတ်မှုဟာ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာ VOM အနေနဲ့ မသိရသေးပါဘူး။

ပခုက္ကူခရိုင်ထဲက ဆိပ်ဖြူ ၊ ပေါက် ၊ မြိုင် နဲ့ ရေစကြို စတဲ့မြို့နယ်တွေထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း ပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် လူ ၅၀ ထက်မနည်းသေဆုံးကာ ၊ လူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မြိုင်

Related posts

Leave a Comment

VOM News

FREE
VIEW