VOM ရဲ့ သိပ္ပံနဲ့ နည်းပညာကဏ္ဍ

ညီဘွား (VOM)

-အာကာသထဲမှာ လူသားတွေနေထိုင်နိုင်ရေး ကိုယ်ပိုင်စခန်းဆောက်ဖို့ SpaceX စီစဉ်နေ

အမေရိကန်ဘီလျှံနာသူဌေး အီလွန်မာ့ခ်ရဲ့ SpaceX ကုမ္ပဏီဟာ ကမ္ဘာ့ပထမဆုံး စီးပွားဖြစ်အာကာသစခန်း တည်ဆောက်ဖို့အတွက် စာချုပ်တရပ်ကို မေ ၁၀ ရက်က လက်မှတ်ရေးထိုးပြီး လူသားတွေ အာကာသထဲမှာ ရှင်သန်နေထိုင်နိုင်ဖို့ ခြေလှမ်းတရပ်စတင်လိုက်ပြီဖြစ်ပါတယ်။

SpaceX ဟာ အဲဒီအာကာသစခန်းကို ၂၀၂၅ ခုနှစ်နောက်ဆုံးထားပြီး အာကာသထဲကို လွှတ်တင်ပြီးနောက် များမကြာမီမှာ လူလိုက်ပါတဲ့အာကာသခရီးစဉ်အများအပြားကို ၀န်ဆောင်မှုပေးသွားမယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Haven-1 လို့အမည်ရတဲ့ အဲဒီအာကာသစခန်းကို ကယ်လီဖိုးနီးယားပြည်နယ် လောင်းဘိခ်ျအခြေစိုက် ပုဂ္ဂလိက အာကာသကုမ္ပဏီ Vast ကနေ တည်ဆောက်နေပြီး သူ့ရဲ့ရည်မှန်းချက်ကတော့ အနာဂတ်မှာ ကမ္ဘာ့ပေါ်က လူဘီလီယံများစွာ အာကာသထဲမှာ ရှင်သန်နေထိုင်နိုင်ဖို့ဖြစ်ပါတယ်။

SpaceX ဟာ Haven-1 အာကာသစခန်းကို ကမ္ဘာပတ်လမ်းကြောင်းထဲကို လွှတ်တင်ဖို့အတွက် သူ့ရဲ့စွမ်းအားမြင့် Falcon 9 ဒုံးပျံကို အသုံးပြုသွားမှာဖြစ်ပါတယ်။ Vast ကုမ္ပဏီဟာ ကနဦးမှာတော့ ကမ္ဘာ့ဆွဲငင်အားအတုပါ၀င်တဲ့ မီတာ ၁၀၀ ရှည်လျားတဲ့ အာကာသစခန်းကို တည်ဆောက်မှာဖြစ်ပါတယ်။

ကမ္ဘာ့ပတ်လမ်းကြောင်းတွေအတွင်းကို ပိုမိုကြီးမားပြီး လူသားတွေနေထိုင်နိုင်မယ့် အာကာသစခန်းတွေလွှတ်တင်ဖို့ Vast ရဲ့ ပထဆုံးခြေလှမ်းဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ပူးပေါင်းဆောင်ရွက်မှုအတွက် SpaxeX ကို ကျေးဇူးတင်ကြောင်း Vast ကုမ္ပဏီက ထုတ်ဖော်ပြောဆိုထားပါတယ်။

-ယူရေးနပ်စ်ဂြိုဟ်ရဲ့ ဂြိုဟ်ရံလတွေမှာ ရေရှိနိုင်ကြောင်း နာဆာထုတ်ဖော်ပြောဆို

ယူရေးနပ်စ်ဂြိုဟ်ရဲ့ အကြီးဆုံးဂြိုဟ်ရံလလေးစင်းမှာ ရေခဲလွှာတွေရှိနိုင်ကြောင်း အမေရိကန်အာကာသအေဂျင်စီ(နာဆာ)ရဲ့ သိပ္ပံပညာရှင်တွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဂြိုဟ်ရံလလေးစင်းဖြစ်တဲ့ Ariel, Umbriel, Titania, Oberon နဲ့ Miranda ဂြိုဟ်ရံလတို့ရဲ့အတွင်းပိုင်းဖွဲ့စည်းပုံရဲ့ ဆင့်ကဲဖြစ်စဉ်ကို အသေးစိတ်လေ့လာပြီးနောက် ယူရေးနပ်စ်ဂြိုဟ်မှာ ရေရှိကြောင်း ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

၁၉၈၀ ခုနှစ်တွေအတွင်းက သွားရောက်ခဲ့တဲ့ ယူရေးနပ်စ်ဂြိုဟ် စူးစမ်းလေ့လာရေးယာဉ် Voyager ကရရှိခဲ့တဲ့ အချက်အလက်တွေနဲ့ ဆက်လက်လေ့လာတွေ့ရှိခဲ့တဲ့ သုတေသနတွေ့ရှိချက်တွေအရ ဂြိုဟ်ရံလတွေပေါ်မှာ ရေရှိနိုင်ကြောင်း နာဆာက ကောက်ချက်ချခဲ့တာဖြစ်ပါတယ်။

နာဆာဟာ ကမ္ဘာအပြင် အခြားသောဂြိုဟ်တွေပေါ်မှာ သက်ရှိတွေရှင်သန်နေထိုင်နိုင်ဖို့အတွက် ရေရှိမရှိ စူးစမ်းရှာဖွေမှုတွေ ပြုလုပ်နေပြီး ၂၀၀၅ ခုနှစ်ကလည်း စနေဂြိုဟ်ရဲ့ လတစင်းဖြစ်တဲ့ Enceladus ရေရှိနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် နာဆာဟာ လာမယ့်နှစ်အတွင်း Europa Clipper အာကာသယာဉ်ကို လွှတ်တင်ဖို့စီစဉ်နေပြီး ကြာသပတေးဂြိုဟ်ရဲ့ ဂြိုဟ်ရံလဖြစ်တဲ့ Europa ပေါ်မှာ ရေရှိမရှိ စူးစမ်းလေ့လာသွားမှာဖြစ်ပါတယ်။

– ဂျပန်မှာ မောင်းသူမဲ့ကားတွေ စတင်အသုံးပြုဖို့ ဂျပန်အစိုးရခွင့်ပြု

ဂျပန်နိုင်ငံမှာ မောင်းသူမဲ့ကားတွေ စတင်အသုံးပြုခွင့်ကို ဂျပန်အစိုးရကခွင့်ပြုလိုက်ပြီဖြစ်ပြီး ဧပြီ ၁ ရက်စပြီး အချို့သောနေရာတွေမှာ စမ်းသပ်ပြေးဆွဲမှုတွေ စတင်နေပြီဖြစ်ပါတယ်။

ဒီလိုခွင့်ပြုရာမှာ အလိုအလျောက်မောင်းနှင်မှုအဆင့်လေးရှိတဲ့ မောင်းသူမဲ့ကားတွေ အသုံးပြုခွင့်ပေးတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြန်လည်ပြင်ဆင်ပြီးနောက်မှာ ဂျပန်အစိုးရက အခုလိုခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ယာဉ်မောင်းမပါ၀င်တဲ့ အဲဒီမောင်းသူမဲ့ကားတွေ ပြေးဆွဲဖို့ ဂျပန်အစိုးရအပြင် ပုဂ္ဂလိကကဏ္ဍကပါ စိတ်အားထက်သန်နေတဲ့ လက္ခဏာရှိနေပြီး ဂျပန်အစိုးရဟာ လာမယ့်သုံးနှစ်အတွင်း နိုင်ငံတစ်၀န်းက နေရာ ၅၀ ကျော်မှာ မောင်းသူမဲ့ကားတွေ ပြေးဆွဲဖို့ရည်မှန်းထားပါတယ်။

အဲဒီကားတွေဟာ တစ်နာရီကို ၁၂ ကီလိုမီတာနှုန်းနဲ့ အများပြည်သူဆိုင်ရာလမ်းတွေမှာ ပြေးဆွဲသွားမှာဖြစ်ပြီး ခရီးသည်ခုနှစ်ဦးထိ တင်ဆောင်နိုင်မှာဖြစ်ပါတယ်။ မောင်းသူမဲ့ကားတီထွင်ထုတ်လုပ်တဲ့ နည်းပညာကုမ္ပဏီတွေကလည်း နည်းပညာစမ်းသပ်မှုတွေအတွက် ဒေသဆိုင်ရာ အစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

ခေတ်သစ်ပို့ဆောင်ရေးကဏ္ဍမှာ မောင်းသူမဲ့ယာဉ်တွေက နေ့စဉ်လူနေ့မှုဘ၀ရဲ့ အရေးပါတဲ့အစိတ်အပိုင်း တစ်ရပ်အဖြစ် များမကြာခင်ဖြစ်လာတော့မှာဖြစ်ပြီး နည်းပညာကုမ္ပဏီကြီးတွေကလည်း ဒီလိုပြေးဆွဲ၀န်ဆောင်မှု ပေးနိုင်ဖို့အတွက် အပြိုင်အဆိုင် အားထုတ်ကြိုးပမ်းနေကြပါတယ်။

Ref:IE
#voiceofmyanmar #VOM #သိပ္ပံနဲ့နည်းပညာကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW