စစ်တွေမြို့ ပွိုင့်ကမ်းခြေရှိ သဲသောင်ပြင်မှာ ချိုင့်ခွက်တွေ ဖြစ်ပေါ်နေ

မေ ၁၂ – ၂၀၂၃
SN (VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပွိုင့်ကမ်းခြေရှိ သဲသောင်ပြင်မှာ ချိုင့်ခွက်တွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၁၁ ရက်နေ့၊ မနေ့ကစပြီးတော့ စစ်တွေမြို့ ပွိုင့်ကမ်းခြေက သဲသောင်ပြင်မှာ ချိုင့်ခွက်တွေ ဖြစ်ပေါ်နေတာဖြစ်ပြီး စစ်တွေကမ်းခြေနဲ့ စစ်တွေဟိုတယ်တွေ အကြားက သဲသောင်ပြင်တွေ နှစ်လက်မခန့် နိမ့်ဆင်းလာတယ်လို့ သိရပါတယ်။

“ရေတွေဆုတ်သွားလို့ ချိုင့်ခွက်တွေ ပေါ်လာတာလို့ ပြောနေကြတယ်။ အင်အားပြင်းမုန်တိုင်း မလာခင်ဖြစ်တတ်တဲ့ လက္ခဏာတွေလို့လည်း‌ ပြောကြတယ်။ အရင် နာဂစ်မလာခင်တုန်းကလည်း ဒီလိုတစ်ခါဖြစ်ဖူးတယ်။ အဲ့ဒီတုန်းကလည်း အခုလို ပုံမှန်မဟုတ်တဲ့ လဏ္ခာတွေ ပြတယ်။ ဒါပေမယ့် အဲ့ဒီတုန်းကတော့ ဘယ်သူမှ သတိမထားမိကြ၊ အတွေ့အကြုံလည်း မရှိကြသေးဘူးလေ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကမ်းခြေမှာ ရေပြင်နောက်ဆုတ်ပြီး သဲတွေပေါ်လာတာကို Storm Surge လို့ ခေါ်ပြီး မိုးလေဝသနဲ့ပတ်သက်လို့ အခိုင်လုံဆုံးဌာနတွေထဲက တစ်ခုဖြစ်တဲ့ National Oceanic and Atmospheric Administration (NOAA) မှာ “Storm Surge ဆိုတာဟာ မုန်တိုင်းကြောင့် ရေပြင် မြင့်တက်လာခြင်း” ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်တွေကမ်းခြေမှာ ရေပြင်နောက်ဆုတ်လာတာဟာ အဲ့ဒီ့အချိန်မှာ လေဟာ ကုန်းမှ ပင်လယ်ဘက်သို့ တိုက်နေတာကြောင့် ရေဆုတ်နေခြင်းဖြစ်ပြီး Storm Surge မဟုတ်ဘဲ Storm Surge နဲ့ ပြောင်းပြန် Reverse Storm Surge လို့ ခေါ်တယ်လို့ သိရပါတယ်။

Reverse Storm Surge ရေဆုတ်သွားတာဟာ ယာယီသာဖြစ်ပြီး Storm Surge ရေပြင် ပြန်လည် မြင့်တက်လာမှာဖြစ်ကာ အခုလို ရေဆုတ်သွားတဲ့ သဲပြင်ပေါ်ကို သွားလာခြင်းဟာ အလွန်အန္တရာယ်များတယ်လို့ လေ့လာသိရှိရပါတယ်။

“ပင်လယ်ထဲမှာ ဧရာမ မိုင်ရာချီတဲ့ မုန်တိုင်းစက်ဝန်း လေပွေကြောင့် အောက်ကရေတွေကပါ လိုက်လည်ပြီး မုန်တိုင်းဗဟိုရှိ ရေရဲ့မျက်နှာပြင်ဟာ အမြင့်ပေ ဆယ်ချီအထိ မြင့်တက် လည်လာပါတယ်။ ဒါ့ကြောင့် ပင်လယ်ကမ်းခြေက ရေတွေဟာ ကျသွားတတ်ပြီး မုန်တိုင်းတိုက်ခတ်တဲ့အခါ ပင်လယ်ရေဟာ လေနဲ့အတူ ပြန်လည်ရိုက်ခတ်ပါတယ်။ စစ်တွေကို ရိုက်ခတ်မယ့် ဒီရေလှိုင်းအမြင့်ဟာ ပေ ၂၀ ကျော်မြင့်ပါတယ်။ ပင်လယ်လှိုင်းဟာ ရိုက်ခတ်ပြီးနောက်ပိုင်း ကမ်းပေါ်က သက်ရှိသက်မဲ့ အရာအားလုံးကို ပင်လယ်ထဲကို ပြန်လည် ဆွဲခေါ်ယူသွားဦးမှာဖြစ်တဲ့တွက် အမြန်ရှောင်ဖို့ လိုအပ်ပါတယ်။ ကမ်းရိုးတန်းဒေသက ပြည်သူတွေက မဖြစ်မနေ ရှောင်ကို ရှောင်ရပါမယ်။ တိုက်၊ အိမ်၊ တဲ အကုန်ရှောင်ရမှာပါ” လို့ မိုးလေဝသ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

ဆောင်ရန်၊ ရှောင်ရန်တွေအနေနဲ့ သောက်ရေ ၄ ရက်စာ၊ အစားစာ ၃ ရက်စာ၊ ဆေးဝါး၊ ဓာတ်ဆား၊ အဝတ်နှစ်စုံ၊ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ ပါဝါဘန့်၊ လက်နှိပ်ဓာတ်မီး၊ အားသွင်းမီးလုံးတို့ ပြင်ဆင်ပြီး အရေးပေါ်အိတ်အဖြစ် ထားကြစေလိုတယ်လို့ သူက ပြောပါတယ်။

ဒီရေမရောက်နိုင်သောအရပ်မှာ ခိုင်ခံ့တဲ့ အဆောက်ဦးတွေထဲ မုန်တိုင်းခိုရမှာဖြစ်ပြီး ကွင်းပြင်မှာမနေဘဲ မြေပြို၊ အိမ်ပြို၊ တောင်ပြို အန္တရာယ်တွေကိုလည်း သတိပြုဖို့ လိုအပ်တယ်လို့ သိရပါတယ်။

ပြိုလဲနေတဲ့ ဓာတ်တိုင်၊ ဝါယာကြိုးတွေကို ထိတွေ့ကိုင်တွယ်ခြင်းမပြုသင့်သလို ရေနဲ့အတူ အဆိပ်ရှိသတ္တဝါတွေ မျောပါလာနိုင်တာကြောင့် ဒီအချက်တွေကိုလည်း ဂရုပြုမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW