ဧရာဝတီတိုင်းထဲမှာ ဆင်သေဆုံးမှုတွေ များပြားလာပြီးနောက် သင်းကွဲဆင်းတွေ ကျေးရွာအတွင်း ဝင်ရောက်လာ

မေ ၊ ၁၄ ၊ ၂၀၂၃
SP (VOM)

ဧရာဝတီတိုင်း ၊ ငပုတောမြို့နယ်ထဲက ကျေးရွာတွေကို သင်းကွဲဆင်တွေ မကြာခဏဝင်ရောက်တတ်လေ့ရှိပြီး မနေ့ မေ ၁၃ ရက်က ငရုတ်ကောင်းတောင်ရွာနားမှာ သင်းကွဲ ဆင်သားပေါက်တစ်ကောင်ကို ဒေသခံတွေက ဖမ်းဆီးရမိထားတယ်လို့ သစ်တောရေးရာဌာနဆီက သိရပါတယ်။

” ငရုတ်ကောင်းရွာနားမှာ ဒေသခံတွေ ဖမ်းဆီးရမိပြီး ထိန်းသိမ်းစောင့်ရှောက်ပေးထားတဲ့ ဆင်သားပေါက်လေးက ၂ လသားအရွယ် ၊ တောဆင်ရိုင်း အမျိုးအစားဖြစ်တယ် ၊ အရပ်က ၃ ပေရှိတယ် ၊ ဒီအရွယ်က မိခင်နဲ့ အတူနေ နို့စို့အရွယ်ဖြစ်တာမို့ ဆင်လေးရဲ့ မိခင်ဖြစ်တဲ့ ဆင်မကြီး အသတ်ခံထားရတယ်လို့ ယူဆရတယ် ၊ အဲ့ဒါကြောင့် ဆင်လေးကို နို့ဗူးတိုက်ပြီး ဒေသခံတွေက စောင့်ရှောက်ပေးထားရတာ ” လို့ ငရုတ်ကောင်းတောင်ရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဧရာဝတီတိုင်း သစ်တောရေးရာဌာနမှာ ရှိတဲ့ တာဝန်ရှိသူတစ်ယောက်ကလည်း ” သစ်တောဦးစီးဌာနရဲ့တရားဝင် စာရင်းမှတ်တမ်းတွေအရ ၂၀၂၂ခုနှစ် ဇွန်လကနေ ၂၀၂၃ ခုနှစ် မတ်လအထိ သာပေါင်းမြို့နယ်မှာ ဓမ္မတာအရ သေဆုံးတဲ့ တောဆင်ရိုင်း ၄ ကောင်၊ သတ်ဖြတ်ခံရတဲ့ တောဆင်ရိုင်း ၅ကောင် ၊ ပုသိမ်မြို့နယ်မှာ ဓမ္မတာအရ သေဆုံးတဲ့ တောဆင်ရိုင်း ၂ ကောင် သတ်ဖြတ်ခံရတဲ့ တောဆင်ရိုင်း ၂ ကောင်၊ ငပုတောမြို့နယ်မှာ သတ်ဖြတ်ခံရတဲ့ တောဆင်ရိုင်း ၂ ကောင်ထိရှိတယ် ၊ ဧရာဝတီတိုင်းထဲမှာ ၁၂ လအတွင်း ဆင်သေဆုံးမှု ၁၅ ကောင်ရှိတယ် ၊ မှတ်တမ်း မတင်နိုင်သေးတဲ့ သေဆုံးမှုတွေလည်း ရှိတယ် “လို့ ပြောပါတယ်။

အဲ့ဒီလို ဆင်တွေသေဆုံးရတာနဲ့ ပတ်သက်ပြီး ငပုတောမြို့ခံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေသူ တစ်ယောက်က ” ၂၀၂၁ ကစလို့ သစ်တောရဲ အပါအဝင် သက်ဆိုင်ရာက တောဆင်ရိုင်းတွေရော ၊ ဌာနပိုင် ဆင်တွေကိုပါ စောင့်ရှောက်မှုအားနည်းလာတယ် ၊ အဲ့ဒါကြောင့် ဆင်တွေသေဆုံးရတာလည်းပါတယ် ၊ ဆင်တွေသေဆုံးရပြီး သင်းကွဲဆင်တွေများလာတာကြောင့် ရွာတွေထဲကို ဝင်လာတာဖြစ်တယ် ၊ ဆင်တွေက အားကိုးရှာတဲ့ အနေနဲ့ ရွာတွေနားကို ချည်ကပ်လာတာ ဖြစ်တယ် “လို့ ပြောပါတယ်။

မနေ့ မေ၁၃ရက်က ငပုတောမြို့နယ် ၊ ငရုတ်ကောင်းတောင်ရွာနားက ရွာသားတွေ စောင့်ရှောက်ပေးထားတဲ့ တောဆင်ရိုင်းပေါက်လေးကို ဧရာဝတီတိုင်း သစ်တောဌာနက ဌာနပိုင် ဆင်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ငရုပ်ကောင်းတောင်ရွာ ဒေသခံတစ်ဦး

#voiceofmyanmar #VOM #ငပုတော #သင်းကွဲဆင် #ရွာတွေထဲဝင်ရောက်လာ

Related posts

Leave a Comment

VOM News

FREE
VIEW