မုန်တိုင်းကြောင့် ဆင်ဖြူကျွန်း စလင်းချောင်းတလျှောက်ရှိ ရွာပေါင်း ၂၀ ကျော် ရေမြုပ်ခဲ့

မေ ၁၅ – ၂၀၂၃
SN (VOM)

မိုခါမုန်တိုင်းကြောင့် မကွေးတိုင်း၊ဆင်ဖြူကျွန်းရှိ စလင်းချောင်းရေ လျှင်မြန်စွာ မြင့်တက်ခဲ့တာကြောင့် အဲ့ဒီချောင်းတလျှောက်ရှိ ရွာပေါင်း ၂၀ ကျော် ရေနစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မုန်တိုင်းကြောင့် ဆင်ဖြူကျွန်းမြို့ အပါအဝင် စလင်းချောင်းဘေးတလျှောက်ရှိ ကျီးသိုက်၊ နောင်တော်ကြီး၊ ကညှပ်၊ ပေါင်းဆည်၊ ယမ်းဘိုကုန်း၊ နွယ်တမယ်၊ ဥယျာဉ်စု၊ ခရေကုန်း၊ နွယ်တမယ်၊ ငှက်ပျောတော၊ ရွာသစ်ကြီး၊ ဖုံးမိုကုန်း၊ ယမ်းဘိုကုန်း၊ သရက်ချဉ်၊ တောင်ပို၊ ချောင်းဖြူ အစရှိတဲ့ ရွာပေါင်း ၂၀ ကျော် ရေနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

“အိမ်တွေရေမြုပ်သွားပြီ။ ဘာမှ ယူချိန်မရလိုက်ဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အသက်ဘေးကလွတ်အောင် ပြေးခဲ့ရတယ်။ ကျေးရွာတွေထဲ ပိတ်မိနေတဲ့သူတွေလည်း များတယ်။ အကူအညီ တောင်းခံတာတွေလည်း ရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရေစီးကြောင့် စလင်းချောင်းဘေးရှိ နေအိမ်အချို့ အလုံးလိုက်ကျွတ်ပါသွားကာ အသက်ဘေးကလွတ်အောင် ဦးစားပေး တိမ်းရှောင်ခဲ့ရတဲ့အတွက် နေအိမ်ရှိ ပစ္စည်းတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

“စလင်းချောင်းတလျှောက်က ကျေးရွာတွေအကုန် ရေမြုပ်နေတာ။ တစ်ထပ်အိမ်တွေဆို တစ်အိမ်လုံးမြုပ်ကုန်တယ်။ ရေတွေဝင်လာတာ မြန်လွန်းလို့ ဘာမှယူချိန်မရလိုက်ဘူး” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

မေ ၁၄ ရက် မနေ့က ညနေပိုင်းအချိန်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ၀င်ရောက် တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဟာ မကွေးတိုင်းဘက်ကို ဆက်လက်ရွေ့လျား တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ဆင်ဖြူကျွန်း #မုန်တိုင်းဝင်ရောက်ပျက်စီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW