ရခိုင်မှာ မုန်တိုင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ကနဦးသိရပြီး အထိအခိုက် အပျက်အစီးလည်း များခဲ့

မေ ၁၅ – ၂၀၂၃
SN (VOM)

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ကနဦးသိရပြီး မြို့နယ်အတွင်းက အထင်ကရနေရာတွေအပါအဝင် နေရာဒေသများစွာ အပျက်အစီး များပြားခဲ့တယ်လို့ သိရပါတယ်။

ကနဦးရရှိထားတဲ့ သတင်းအချက်အလက်တွေအရ မုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်၊ အောက်စည်းမောင်းရွာမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ မေလ ၁၄ ရက်က ဝင်ရောက်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်၊ အောက်စည်းမောင်းရွာရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ပရဟိကျောင်းအပါအဝင် တစ်ရွာလုံးနီးပါး ပျက်စီးခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်အတွင်းက အထင်ကရနေရာတစ်ခုဖြစ်တဲ့ ကျောက်တော်တောင်က မဟာမုနိ အဆောက်အအုံတချို့နဲ့ မြို့နယ်အတွင်းက ကျေးရွာတွေ၊ လူနေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘုရားစေတီတွေ ပျက်စီးမှု အလွန်များပြားခဲ့တယ်လို့ သိရပါတယ်။

“လက်ရှိမှာ အကူအညီတွေလည်း မရသေးပါဘူး။ ဖုန်းလိုင်းတွေ ပြန်ပွင့်နေပေမယ့် တချို့နေရာတွေ ဆက်သွယ်ဖို့ ခက်ခဲနေသေးတယ်။ ကယ်ဆယ်ရေးတွေအပြင် စားရေးသောက်ရေးအတွက်လည်း အကူညီတွေ လိုအပ်နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျောက်တော်မြို့နယ်အတွင်းက ငါးဆောင်ဖက် ကျေးရွာမှာလည်း ရွာလုံးကျွတ် ပြိုကျပျက်စီးသွားပြီး သရက်တပင်ကျေးရွာနဲ့ ကျေးရွာအများအပြား မုန်တိုင်းဒဏ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂွမြို့နယ်ရှိ ရွှေ ဦးကွင်းကျေးရွာက ဘုန်းတော်ကြီးကျောင်း (၃) ကျောင်း၊ ဆေးပေးခန်း (၁) ခန်း၊နေအိမ် (၁၆၉) လုံး ပျက်စီးခဲ့ပြီး တိုင်ကျိုးကျေးရွာ၊ ဒေါင့်ချောင်းကျေးရွာနဲ့ ကင်းရုံးရပ်ကွက်တို့ရှိ နေအိမ်တွေ၊ တောင်ပေါက်ကျေးရွာရှိ ကွမ်းခြံတွေလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ရွှေဦးကွင်းကျေးရွာရှိ ၄၀၀ ဗို့ဓာတ်အားလိုင်း 9M တိုင် ၇ တိုင်ပြိုလဲကျခြင်း၊ ချယ်ရီလမ်းရှိ 315kVA ထရန်စဖော်မာ ၂ တိုင်စင်ပြိုလဲပြီး ထရန်စဖော်မာဝန်းခြံပါပျက်စီးခြင်း၊ မြို့နယ်ထွေအုပ်ရုံးဝန်းရဲ့ ထွေအုပ်ရိပ်သာရှိ ၄၀၀ ဗို့ဓာတ်အားလိုင်း 9M တိုင် ၃ တိုင်နဲ့ လမ်းဦးစီဌာနရုံးဝန်ရှိ ၁၁ ကေဗွီ မကျီးငူဖီဒါရှိ ၁၁ ကေဗွီဓာတ်အားလိုင်းတိုင် 3pole tension တိုင်တွေလည်း ပင်လယ်ဒီရေ တိုက်စားခြင်းကြောင့် ပြိုလဲပျက်စီးခြင်းတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဂွမြို့နယ်မှာ အခုလို ရပ်ကွက်/ကျေးရွာတွေ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့်လည်း လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း မိုခါမုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခြင်းနဲ့ မိုးသည်းထန်စွာရွာသွန်းခြင်းတို့ ဖြစ်ပွားခဲ့ပြီး အဲ့ဒီ့မြို့ပေါ်က နေအိမ်တွေ၊ ရုံးအဆောက်အဦးတွေ၊ စာသင်ကျောင်းတွေ ပျက်စီးခဲ့ပြီး ဦးရာဇ်တောင်ဘုရားမှ ဓာတ်လှေကားလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“ဒီတစ်ခါမုန်တိုင်းက ရခိုင်ကိုဝင်ဖူးသမျှထဲမှာ အပြင်းဆုံးလို့ ပြောလို့ရတယ်။ လေနဲ့မိုး တအားပြင်းတယ်။ ဒီလိုမျိုးတစ်ခါမှ မဖြစ်ဖူးဘူး။ အပျက်အစီးလည်း တအားများတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အနေနဲ့ လက်ရှိမှာ ရခိုင်နဲ့ ချင်းပြည်နယ်ကို မုန်တိုင်းကင်းတဲ့ အစိမ်းရောင်အဆင့်အဖြစ် သတ်မှတ်ထားတယ်လို့ မေ ၁၅ ရက် (ဒီနေ့) မနက်ပိုင်းမှာ ထုတ်ပြန် ကြေညာထားပါတယ်။

အလွန်အားကောင်းသော ဆိုင်ကလုန်းမိုခါကနေ ဆိုင်ကလုန်းမုန်တိုင်းမိုခါအဖြစ် ဒီနေ့မနက်ပိုင်းမှာ အားလျော့သွားပေမယ့် မုန်တိုင်းဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းကို ဆက်လက်ရွေ့လျားနေတာကြောင့် စစ်ကိုင်း၊ မန္တလေး၊ ကချင်နဲ့ ရှမ်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေကို အညိုရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုး/ဇလ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီ ဆိုင်ကလုန်းမုန်တိုင်းဟာ နောက် ၆ နာရီအတွင်းမှာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားပြီး ကချင်ပြည်နယ်မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွားမယ်လို့ မိုး/ဇလက ခန့်မှန်းထားပါတယ်။

လက်ရှိမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)အနေနဲ့ ရခိုင်ပြည်နယ်က မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြို့နယ် ၁၇ မြို့နယ်ကို သဘာ၀ဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် မေလ ၁၅ ရက်နေ့ (ဒီနေ့)မှာ ထုတ်ပြန်ကြေညာထားပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ရခိုင် #မိုခါမုန်တိုင်း #ထိခိုက်ပျက်စီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW