ဧရာဝတီတိုင်းမှာ (မိုခါ)မုန်တိုင်းကြောင့် လူ(၂)ဦးသေဆုံးပြီး လူနေအိမ်တွေအပါအဝင် အဆောက်အဦ(၂၀၀)ကျော် ပျက်စီးခဲ့

မေ၊ ၁၅-၂၀၂၃
MM(VOM)

ဧရာဝတီတိုင်းမှာ (မိုခါ)မုန်တိုင်းရဲ့အရှိန်ကြောင့် လူ(၂)ယောက်သေဆုံးကာ လူနေအိမ်တွေ အပါအဝင် အဆောက်အဦ အလုံးရေ(၂၀၀)ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံ သဘာဝဘေးကာကွယ် ကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

(မိုခါ)မုန်တိုင်းရဲ့အရှိန်ကြောင့် ဧရာဝတီတိုင်းထဲက မအူပင် ၊ ရေကြည် ၊ လပွတ္တာ ၊ မော်လမြိုင်ကျွန်း ၊ဖျာပုံ၊ဝါးခယ်မ ၊ ဟင်္သာတ ၊ ဘိုကလေး ၊ ဟိုင်းကြီးကျွန်း၊ မြောင်းမြ ၊ ငပုတော ၊ ကျိုက်လတ် ၊ကျောင်းကုန်း၊ ပုသိမ်၊ ပြင်စလူ စတဲ့မြို့တွေနဲ့ မြို့နယ်တွေက လူနေအိမ်ခြေတွေ သာသနိက အဆောက်အဦးတွေ ၊ ရုံးတွေ ၊ စာသင်ကျောင်းတွေအပါအဝင် အဆောက်အဦ အလုံးရေ (၂၀၀)ကျော်ပါးပြိုပျက်စီးခဲ့ပြီးလူ(၂)ယောက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

”လူနေအိမ်တွေက မုန်တိုင်း စဖြစ်ကတည်းကပြိုကျတဲ့ စာရင်းတွေပါ၊ မနေ့က မုန်တိုင်းစတိုက်တဲ့ နေ့ကတော့ ရေကြည်မြို့နယ်ဘက်က ၁ ယောက် ပါအဝင် လူ ၂ ယောက်သေဆုံးခဲ့တယ်၊ ၂ ယောက်လုံးကသစ်ပင်ပိကျလို့ သေဆုံးခဲ့တာပါ၊ ပြိုကျ ပျက်စီးတဲ့ အဆောက်အဦအမျိုးအစားတွေက အစုံပဲ ၊ အခိုင်အမာ အဆောက်အဦတွေလည်း မနည်းပါတယ်။”လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဲ့ဒီ(မိုခါ)မုန်တိုင်းဒဏ်ကြောင့် လူ အယောက် ၄၀၀ နီးပါး သဘာဝဘေးဒဏ် ခံစားခဲ့ရပြီး သစ်ပင်တွေကျိုးကျတာ ၊ သစ်ပင်တွေလဲကျတာ၊ လျှပ်စစ်မီးတိုင်တွေ ကျိုးကျတာ၊ လျှပ်စစ်မီးတိုင်တွေ ယိုင်လဲတာတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

”အိမ်ကတော့ အမိုးလန်သွားတာ၊အကုန် ပြိုမကျလို့ တော်သေး၊ ကျွန်မတို့အိမ်က အရင်က သွပ် မိုးထားတာ၊ လောလောဆယ်တော့ ရွာထဲက မိတ်ဆွေတစ်ဦးရဲ့အိမ်မှာ ခဏ သွားပြောင်းနေတယ်လေ၊ နောက်ရက်ကြရင် အိမ်ပြန် ပြင်မှာပါ၊ သွပ်တော့ မမိုးနိုင်တော့ဘူး ၊ သွပ်တွေကိုနှမျောတာပေါ့ ၊အခု သွပ် တစ်ချပ်ကို ဈေးက နည်းတာမှမဟုတ်တာ၊ ဘာတတ်နိုင်မလည်း သဘာဝဘေး ဆိုတော့လည်း”လို့ ဧရာဝတီတိုင်း ၊ လပွတ္တာမြို့နယ်က ဒေသခံတစ်ဦး ကပြောပါတယ်။

အဲ့ဒီ သဘာဝဘေးဒဏ်သင့် ဒေသခံတွေရဲ့ ပြိုကျ ပျက်စီးဆုံးရှုံးတဲ့စာရင်းတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ သဘာဝဘေး ကာကွယ်ကူညီရေးအဖွဲ့အစည်းတွေ ၊ မီးသတ်တပ်ဖွဲ့တွေ၊ လူမှုကူညီရေးအသင်းအဖွဲ့တွေ စတဲ့ပူးပေါင်းအဖွဲ့တွေက စာရင်းတွေ ကောက်ယူနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၂၂ခုနှစ် မေလအတွင်းကလည်း ဘင်္ဂလားပင်လယ်အော်မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းတစ်လုံးရဲ့ အရှိန်ကြောင့် လူနေအိမ်တွေရာနဲ့ချီ ပြိုကျပျက်စီးခဲ့ပြီး သစ်ပင် ပိကျလို့ အမျိုးသမီး(၁)ယောက်နဲ့ ကလေး(၁)ယောက်သေဆုံးခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #မိုခါမုန်တိုင်း #ထိခိုက်ပျက်စီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW