ရသေ့တောင်မှာ မုန်တိုင်းတိုက်အပြီး သောက်သုံးရေရှားပါးမှုကြောင့် ဝမ်းပျက်၊ဝမ်းလျှောဖြစ်လို့ လူ(၁)ဦး‌ သေဆုံး

မေ၊၂၁-၂၀၂၂
MM(VOM)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ဒိုးဝေချောင်းမှာ`မိုခါ ´ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ပြီးနောက် ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေဖြစ်ပွားနေပြီး လူသေဆုံးမှုတွေလည်း ရှိလာတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက်က`မိုခါ´ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ကျေးရွာအတွင်း နေအိမ်တွေနဲ့ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းတွေပျက် စီးခဲ့ပြီး ကျေးရွာက ရေကန်အားလုံးလည်း ဆားငံ ရေတွေဝင်ရောက်မှုကြောင့် သောက်သုံးလို့မရတဲ့အခြေအနေအထိဖြစ်နေကာ ဝမ်းပျက်၊ဝမ်းလျှော ရောဂါဖြစ်ပွားမှု မြင့်တက်လာတယ်လို့ သိရပါတယ်။

”မုန်တိုင်း တိုက်ခတ်မှုကြောင့် သောက်သုံးရေ ရှားပါးသွားတာပါ၊ သောက်သုံးရေကန်တွေထဲ ဆားငံရေ ဝင်ရောက်ခဲ့တာ၊ အဲ့ဒီ ဆားငံရေဝင်ရောက်တဲ့ ရေကို ဒေသခံတွေက သောက်သုံးနေရတယ်၊ အခုတော့ လူတော်တော်များများ ဝမ်းပျက် ဝမ်းလျှော ရောဂါများ ဖြစ်ပွားလာတယ်၊ ဝမ်းပျက် ဝမ်းလျှောရောဂါကြောင့် ၁၉ ရက်နေ့က အသက် ၅၀ ကျော်အရွယ် ဦးထွန်းအေးမောင်ဆိုသူ သေဆုံးသွားတယ်၊အခု ရေတွေက လုံးဝ မသန့်ရှင်းတော့ဘူး၊ ဒီအခြေအနေအတိုင်းဆို မလွယ်တော့ဘူး၊ အသက်ဆုံးရှုံးတာတွေ များလာနိုင်တယ်။”လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဲ့ဒီဒေသမှာ တချို့ကလေးတွေ နဲ့ မူလရောဂါအခံရှိတဲ့ လူကြီးတွေလည်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေတယ်လို့သိရပြီး လက်ရှိအခြေအနေအပြင် နောက်ထပ် လူသေဆုံးတဲ့ဖြစ်စဉ်တွေ မဖြစ်ပွားစေဖို့ သန့်ရှင်းတဲ့ သောက်သုံးရေတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ အခုနှစ်ထဲ ဝမ်းပျက် ၊ ဝမ်းလျှော ရောဂါဖြစ်ပွားလို့ လူသေဆုံးတဲ့ ဖြစ်စဉ်ဟာ ပထမဆုံးဖြစ်ပွားတာလို့ သိရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် ပေါက်တော၊ မြေပုံ၊ စစ်တွေ၊ ပုဏ္ဏာကျွန်း၊ ရသေ့တောင် စတဲ့မြို့နယ်တွေက မြစ်ကမ်း၊ ချောင်းကမ်း အနီးရှိ ရွာတွေက သောက်သုံးရေကန်တွေမှာလည်း မုန်တိုင်းကြောင့် ဆားငံရေတွေ ဝင်သွားတာ၊ ရေကန်ပျက်စီးသွားတာတွေ ရှိနေတယ်လို့ သိရပါတယ်။

သက်ဆိုင်ရာကတော့ မေလ ၁၉ ရက် နောက်ဆုံး ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ`မိုခါ´ဆိုင်ကလုန်း မုန်တိုင်းကြောင့် စုစုပေါင်း သေဆုံးသူ ၁၄၅ ဦးအထိရှိလာတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ရသေ့တောင့် #မုန်တိုင်း #ဝမ်းပျက်ဝမ်းလျှော #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW