ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် ဗန်းမော်ဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူ

မေ ၂၆ – ၂၀၂၃
SN (VOM)

ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် နိုင်ငံတော်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီးဟာ မနေ့ မေ ၂၅ ရက်၊ ည ၁၁ နာရီ ၁၁ မိနစ်အချိန်က မန္တလေးမြို့မှာ ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီလို့ ဆရာတော်ဘုရားကြီးရဲ့ တပည့် ဆရာတော်‌တွေဆီက သိရပါတယ်။

မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာဖြစ်ပြီး၊ ပျံလွန်တော်မူချိန်မှာ သက်တော် ၉၄ နှစ်၊ ဝါတော် ၇၄ ဝါ ရှိပြီလို့ သိရပါတယ်။

“သာသနာတော်အတွက် အလွန်ဝမ်းနည်းစရာကောင်းပါတယ်။ အခုထိရော နောက်နောင်ပါ သာသနာမှာ ဘယ်တော့မှ မရှိတော့တဲ့ နောက်ဆုံးတစ်ပါးတည်းသော သာသနာ့ဦးဆောက်ပန်း ဝဋံသကာတစ်ပါးပါ”လို့ ဆရာတော်ဘုရားကြီးရဲ့ တပည့် ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။

ဆရာတော်ကြီးဟာ အသည်းရောဂါနဲ့ အစာပြွန်ရောဂါတို့ကို ခံစားခဲ့ရတာကြောင့် ပြီးခဲ့တဲ့ မတ်လအတွင်းက ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှာ သွားရောက် ဆေးကုသမှု ခံယူခဲ့ပြီး ဧပြီလမှာတော့ ကျန်းမာရေးအခြေအနေ တိုးတက်လာတဲ့အတွက် မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ကာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဗန်းမော်ကျောင်းတိုက်မှာ သီတင်းသုံးနေရင်း ပျံလွန်တော်မူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမော်ဆရာတော်ကြီးဟာ တစ်နိုင်ငံလုံးတွင် တစ်ပါးထဲသာ ရယူနိုင်ခဲ့တဲ့ “ပါဠိသိရောမဏိဘွဲ့” ရ အဋ္ဌကထာကျမ်းပြုအကျော် ထူးခြားလှတဲ့ သာသနာ့အာဇာနည်တစ်ပါးလည်းဖြစ်ပါတယ်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ရဲ့ ဥက္ကဋ္ဌဆရာတော်လည်းဖြစ်ပြီး နဝမမြောက် ဗန်းမော်ဆရာတော်လို့လည်း လူသိများကာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှာလည်း ဒုတိယပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

#VOM #voiceofmyanmar #ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် #ဗန်းမော်ဆရာတော်ဘုရားကြီး #ဘဝနတ်ထံပျံလွန်တော်မူ

Related posts

Leave a Comment

VOM News

FREE
VIEW