ဇူလိူင် ၆ – ၂၀၂၃
GG (VOM)
မွန်ပြည်နယ် ၊ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဆံတော်ရှင် တောင်တက်ကားလမ်း မိုင်းခွဲခံရပြီး တံတားပျက်စီးသွားတာကြောင့် ကားတွေသွားလာလို့မရတဲ့အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။
ဒီနေ့ ဇူလိူင် ၆ ရက် ၊ ညနေ ၃ နာရီခွဲလောက်မှာ ကင်မွန်းချောင်း-ကျိုက်ထီးရိုးသွား တောင်တက် ကားလမ်းပေါ်က လေးဖာတော တံတား ဖောက်ခွဲဖျက်စီးခံရတာဖြစ်ပြီး လက်ရှိမှာ ကားတွေဖြတ်သန်းသွားလာလို့မရဘူးလို့ သိရပါတယ်။
“ဟုတ်ပါတယ် ၊ မိုင်းခွဲခံရတော့ကျိုးသွားတယ်၊ပေါက်ထွက်သွားတာပေါ့။ ကားတွေဆင်းလာလို့မရတဲ့အနေအထားဖြစ်သွားတယ်။ညနေသွားစစ်မှသိရတာပေါ့။ တောင်ပေါ်မှာ ကျန်ခဲ့တဲ့ ခရီးသည်းတွေလည်း ရှိနေတာပေါ့။ ခရီးသည် ၂၀ လောက်တော့ရှိနေတာပေါ့။မနက်ဖြန်တော့ အပေါ်ကလည်း တောင်တက်ကားအသင်းကပို့ ၊ အောက်ကနေ ကျနော်တို့ကလည်းသွားကြိုဖို့လုပ်ထားတယ်။ “လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြောဆိုခွင့်ရှိသူ ဦးတိုးဝင်းကပြောပါတယ်။
တံတားဖောက်ခွဲခံရပြီး ပျက်စီးသွားတာကြောင့် ကားတွေဖြတ်သန်းသွားလာမရတော့လို့ ကျိုက်ထီးရိုးတောင်ပေါ်မှာ ပိတ်မိနေတဲ့ ဘုရားဖူးခရီးသည်တွေကို မနက်ဖြန်မှာ ပြန်လည်ခေါ်ယူဖို့စီစဥ်ထားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ တံတားပျက်စီးသွားတာကြောင့် ကျိုက်ထီးရိုးဘုရား တောင်တက်ကားတွေမောင်းနှင်မရကြောင်း ၊ ပျက်စီးတံတားကို အုပ်ချုပ်ရေးအဖွဲ့နဲ့ ဂေါပက ပေါင်းပြီး အမြန်ဆုံး ပြန်လည်ပြင်ဆင်ဖို့ လုပ်သွားမှာဖြစ်ကြောင်း၊ တံတားပြီးမှသာ ကားတွေကို ဖြတ်သန်းသွားလာလို့ရမှာဖြစ်တယ်လို့ သိရပါတယ်။
ကျိုက်ထီးရိုးဘုရားကို ဘုရားဖူးလာတဲ့ ခရီးသည်က နေ့စဥ် ကားအစီးရေ ၁၀ စီးကနေ ၂၀ ခန့် ရှိပြီး ထိုင်းခရီးသွားဧည့်သည်တွေလည်းလာရောက်တယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာလတုန်းကလည်း ကျိုက်ထီးရိုးဘုရား တောင်တက်ဂိတ်မှာ ပစ်ခတ်မှုတွေ ဖြစ်လို့ သေဆုံးသူ နဲ့ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။
အရင်လ ဇွန်လ ၂၉ ရက် မနက် ၄ နာရီကျော်လောက်ကလည်း မွန်ပြည်နယ်၊ ဘီလင်းမြို့နယ် ၊ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတား မိုင်းကပ်အခွဲခံရပြီး တံတားက ပျက်စီးသွားခဲ့ပြီး အဲ့ဒီတံတားပင် ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် တံတားပျက်စီးမှုကို လာရောက်စစ်ဆေးတဲ့ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ပါ ထပ်မံတိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM #ကျိုက်ထီးရိုးတောက်တက်လမ်း #မိုင်းခွဲခံရ