ပုန်ကန်မှုပြုခဲ့တဲ့ ၀ဂ္ဂနာကြေးစားအဖွဲ့ခေါင်းဆောင် ပရီဂိုဇင် ရုရှားမှာပင်ရှိနေကြောင်း ဘီလာရုစ်သမ္မတ အတည်ပြု

မင့်စ်၊ ဇူလိုင်-၇-၂၀၂၃
မျိုးဆက်(VOM)

ရုရှားမှာ ပြီးခဲ့တဲ့လက ပုန်ကန်မှုကို ဦးဆောင်ခဲ့တဲ့ ၀ဂ္ဂနာကြေးစားအဖွဲ့အကြီးအကဲ ပရီဂိုဇင်ဟာ ရုရှားမှာ ရောက်ရှိနေထိုင်နေကြောင်း ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အဲဒီပုန်ကန်မှုအပြီးမှ ပရီဂိုဇင်ဘယ်မှာနေလဲဆိုတာ ပဟေဠိဖြစ်နေခဲ့ပြီး လွန်ခဲ့တဲ့တပတ်ကျော်က သူဟာ ဘီလာရုစ်မှာရှိနေကြောင်း ပုန်ကန်မှုအဆုံးသတ်ဖို့ ကြား၀င်ညှိနှိုင်းပေးခဲ့တဲ့ ဘီလာရုစ်သမ္မတက အတည်ပြုပြောဆိုခဲ့ပါတယ်။

ပရီဂိုဇင်ဟာ ဘီလာရုစ် ပိုင်နက်ထဲမှာရှိမနေဘဲ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာရှိနေတယ်လို့ ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ပြောပါတယ်။

ပုန်ကန်မှုအဆုံးသတ်စေခဲ့ရာမှာ ကြေးစားအဖွဲ့အကြီးအကဲ ပရီဂိုဇင်အနေနဲ့ ဘီလာရုစ်မှာ ခိုလှုံဖို့နဲ့ ၀ဂ္ဂနာအဖွဲ့ရဲ့ ကြေးစားစစ်သားတွေကတော့ ရုရှားစစ်တပ်ထဲ၀င်ခြင်း၊ ဘီလာရုစ်ကို ပြောင်းရွှေ့ခြင်းနဲ့ အနားယူနိုင်ကြောင်း နှစ်ဘက် သဘောတူခဲ့ကြပါတယ်။

ဇွန်လနှောင်းပိုင်းမှာ ဘီလာရုစ်ကို ပျံသန်းသွားတဲ့ ပရီဂိုဇင်ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ပျံသန်းရာ လမ်းကြောင်းကို လေယာဉ်ပျံသန်းမှုစောင့်ကြည့်ဌာနတွေက ဖော်ပြထားပြီး လေယာဉ်ဟာ အဲဒီညနေက ရုရှားကို ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ သိထားသမျှကတော့ ၀ဂ္ဂနာကြေးစားစစ်သားတွေဟာ လက်ရှိချိန်ထိ ယူကရိန်းအရှေ့ပိုင်းက သူတို့ရဲ့အခြေစိုက်စခန်းတွေ သို့မဟုတ် ရုရှားမှာရှိတဲ့ ကရာစ်နိုဒါဒေသရှိ လေ့ကျင့်ရေးစခန်းတွေမှာ ရှိနေကြောင်း ဘီလာရုစ်သမ္မတကပြောပါတယ်။

Ref: BBC
#voiceofmyanmar #VOM #မင့်စ်

Related posts

Leave a Comment

VOM News

FREE
VIEW