ပျောက်ဆုံးခဲ့ရ စိတ္တဇအလွမ်းနေ့စွဲများ

ဆူးငှက်
 
စိတ်ထဲမှာတော့ တစ်နေ့မနေ့ကလို ထင်နေမိတာ ပါပဲ။ ဒါပေမယ့် တကယ်တမ်းပြန်စဉ်းစားလိုက်တော့ နှစ်ပေါင်း ၃၀ကျော်ပြီလေ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်ရောက်တာ ၁၉၇၅-၇၆ ခုနှစ် ပါ။ မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံ
တက္ကသိုလ်ပေါ့။ တက္ကသိုလ်မှာ ပထမနှစ်ကနေ စတုတ္တနှစ်အထိ (၄)နှစ်စလုံး ပြည့်ပြည့်၀၀
နေခဲ့ရတာ ကျွန်တော်တို့နှစ်က နောက်ဆုံးနှစ်ပါ။နောက်နှစ်မှာပဲ ဆယ်တန်းအောင်လို့ တက္ကသိုလ်
ဆက်တက်မယ်ဆို နန်းရှေ့က ဒေသကောလိပ်မှာ စတက်ကြရတာလေ။ ဒေသကောလိပ်
(၂)နှစ်နေပြီးမှ သက်ဆိုင်ရာတက္ကသိုလ်အသီးသီးဆီ ခရီးဆက်ကြရတာ။
 
ကျွန်တော်တို့ တက္ကသိုလ်တက်ကြတယ်ဆိုတာ မြို့ပေါ်က နေ့ကျောင်းသားတွေဆိုတော့ သိပ်မထူးခြားလှပါဘူး။ မနက်လင်းရင် အိမ်ကစက်ဘီးနဲ့ထွက်၊ စုရပ် သူငယ်ချင်းအိမ်၊ ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်ကနေ ကျောင်းကို တစ်စုတဝေး တပျော်တပါးသွားကြတာပါပဲ။
အထက်တန်းကျောင်းသားတုန်းကလည်း ဒီလိုပါပဲ။ တက္ကသိုလ်စတက်ကြတော့ တစ်ကျောင်းလုံးနဲ့သက်ဆိုင်တဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို အားကစားရုံမှာ တခမ်းတနားကျင်းပတယ်။ အဲဒီနေ့ကစပြီး အထက်တန်းကျောင်းနဲ့ မတူတဲ့ တက္ကသိုလ်အရသာကို နဖူးတွေ့ဒူးတွေ့ စတွေ့တော့တာပါပဲ။ မေဂျာအသီးသီးက ကျောင်းသူကျောင်းသားတွေက တန်းစီပြီး ကိုယ့်မေဂျာရှေ့ကနေတက္ကသိုလ်အားကစားရုံကြီးဆီလမ်းလျှောက် သွားကြရတယ်။
 
တစ်သုတ်ပြီး တစ်သုတ်ပေါ့လေ။မောင်မယ်သစ်လွင်လေးတွေကို စီနီယာအကိုကြီး၊ အစ် မကြီးတွေက လမ်းဘေးဝဲယာကနေ တန်းစီပြီး အားပေးကြတယ်။ ကြိုဆိုကြတယ်။ ကိုယ့်မေဂျာမှာကိုပဲ ကျောင်းရောက်တာ ၃ရက်၊ ၄ရက်မျှသာရှိသေးတော့ မြန်မာပြည်တစ်နံတစ်လျားက မတစ်ထောင်သားသမီးတွေကို အခုမှပဲ ရင်တခုန်ခုန်နဲ့ကျီးကန်းတောင်းမှောက် ကြည့်ကြရတာပေါ့။ ဟုတ်တယ်လေ တစ်မိုးတည်းအောက်မှာ လေးနှစ်လုံးလုံး (ပုံမတော်ရင် ငါးနှစ်၊ခြောက်နှစ်လည်း ဖြစ်သွားနိုင်တာပေါ့)တွေ့ကြရမှာဆိုတော့ ဖြူသလား၊ မည်းသလားဆိုတာ စောင့်စား ရင်ခုန်ရတာ ထုံးစံပါပဲလေ။
ကျွန်တော်တို့က သင်္ချာအဓိကဆိုတော့ မိန်း(Main) လို့ခေါ်တဲ့ ပင်မအဆောက်အဦးကြီး အရှေ့ဖက်ခြမ်း စာသင်ဆောင်တစ်ထပ် မြေစိုက်ဝါးကပ်တဲ(အဲဒီတုန်းက)တွေရှေ့မှာ စုကြရတယ်။ ကျွန်တော်နဲ့ အထက်တန်းမှာကတည်းကအတူနေခဲ့ပြီး တက္ကသိုလ်မှာ တစ်မေဂျာတည်းဖြစ်ခဲ့တာက သူငယ်ချင်း ကျော်ရွှေ (ယခု မြို့နယ်သစ်တော့ဦးစီးမှူး)ပဲဖြစ်တယ်။ သူနဲ့ နှစ်ယောက်တွဲလေးပေါ့ အလုံးတူ အရပ်တူတွေလေ။ သူငယ်တန်းမှသည် ဆယ်တန်းထိ မကွဲမကွာတစ်တန်းတည်းနေခဲ့တဲ့ ဝင်းဟန်
(ယခု-‌ နေပြည်တော်တပ်မတော်ငွေစာရင်းရုံး)က တက္ကသိုလ် မှာ ရုက္ခခဗေဒရောက်သွားတယ်။
သူလည်း နောက်နှစ်မှာ သင်္ချာကို ပြောင်းပြေးလာပြန်ရော။
 
တက္ကသိုလ်ရဲ့ ပထမဆုံးမောင်မယ်သစ်လွင် ကြို ဆိုပွဲနေ့မှာ ယောင်ချာချာနဲ့ ကျွန်တော်နဲ့ ကျော်ရွှေ သူငယ်ချင်းနှစ်ယောက်သာဖြစ်ပေမယ့်၊ ကျွန်တော်တို့လို သူငယ်ချင်းနှစ်ယောက်တွဲတွေက ကိုအုန်းမြင့်နဲ့ ကိုမျိုးထွန်း၊ (သူတို့က
ဖားသားလဖုန်းကတည်းက တတွဲတွဲ)။ ကိုမြင့်အောင် (မြို့မဘလောက်)နဲ့ ကိုဟီးရားလား
(သူတို့က အာနာပူနာဖတ်စာကတည်းက တတွဲတွဲ)။ ကိုစိုးမြင့်နဲ့ ကိုမြင့်ဆွေ (လျှပ်စစ်ဝန်ကြီး
ဌာန) (သူတို့ကလည်း အထက ၁၄ ကတည်းက တတွဲတွဲ)။ အဲဒီနှစ်ယောက်တွဲ သုံးစုံနဲ့
ကျွန်တော်တို့ ရွှေတချောင်း အနောက်ခြမ်းသားနှစ်ယောက်တွဲ တစ်စုံတို့ ပေါင်းမိကြတယ်။ ၈ယောက်ပေါ့။ ကျွန်တော် နဲ့ ကျော်ရွှေက ပုပုမည်းမည်းသေးသေး။ ကိုအုန်းမြင့် နဲ့ ကိုမျိုးထွန်းက အလုံးတူရပ်တူ ဝါသနာတူ မျက်မှန်
ကိုယ်စီနဲ့အထိ ပုံစံတူ။ ကိုမြင့်အောင်က ဖြောင့်ဖြောင့်တာင့်တောင့် (ရုပ်ရှင်မင်းသားကြီးဝင်းဦးဂိုက်)၊ ကိုဟီးရားလားက ရှည်ရှည်ကိုင်းကိုင်း။ ကိုစိုးမြင့်က ပုပု ၀၀။ ကိုမြင့်ဆွေကလည်း ပိန်ပိန်ရှည်ရှည်။နောက်နှစ် ဝင်းဟန်ရောက်လာတော့ တုတ်တုတ်မည်းမည်း ရှည်ရှည်။ ကျွန်တော်တို့အုပ်စုက ဘယ်လိုမှ စိတ်ဝင်စားဖွယ်ရာ ကြည့်ပျော်ရှုပျော်ကွက်..တစ်ကွက်မှ မပါ။ ကံဆိုးချင်တော့ ကိုယ့်မေဂျာမှာလည်း ၄နှစ် ၄မိုး တစ်မိုးတည်းအောက်အတူနေ၊ ကသိုင်းရှုရမယ့်ကျောင်းသူတွေမှာလည်း အင်း..မျက်နှာပူစရာ၊ အားနာစရာဖြစ်လည်း မတတ်နိုင်တော့ဘူး။ရှေ့မျက်နာနောက်ထားပြီး ပြောရဦးမှာပါပဲ။ ရင်ထဲ ဒိန်းခနဲ ခုန်ပြီး ကြက်သီးမွှေးညင်းထတမျှ ခံစားစရာက တယ်ပြီး မမြင်လှဘူး။
 
သူများမေဂျာတွေနဲ့များ ကွာပါ့။ ကိုအုန်းမြင့်နဲ့ ကိုမျိုးထွန်းကတော့ မျက်မှန်ကြီးတွေ တဝင်းဝင်း နဲ့ ကိုယ့်ထက်ပါဝါအားကောင်းတော့ သူတို့အာဘော် မသိမသာတီးခေါက်ကြည့်မိတယ်။ သူတို့ကလည်း ဣ‌န္ဒြေကြီးတစ်ခွဲသားနဲ့ ချိန်ချိန်ဆဆ မယုတ်မလွန် ပြောပါတယ်။
 
အင်း..““ကျွန်တော်တို့ကျောင်း မြောက်ဘက်လမ်းမှာနေတဲ့ ကလေးမလေးက မဆိုးလှဘူးဗျ။ ဆံပင်က အများနဲ့မတူ စုတ်ဖွားဖွားနဲ့မျက်နှာမှာလည်း ဘာမိတ်ကပ်မှ မသုံးဘူး၊ နဂိုနေအသားပဲ။ သူ့ပုံစံက ထူးထူးခြားခြားမို့ မဆိုးဘူးလို့ အမှတ်ပေးရမှာပဲ””တဲ့။ ဒါနဲ့ သူတို့ညွှန်ပြလို့ ကြည့်မိတယ်။ အများတကာက တက္ကသိုလ်ကို ပွဲနေပွဲထိုင်လို ဝတ်စားဖီးလိမ်းပြီး တက်နေကြချိန် အဲဒီကျောင်းသူက ပေါ့ပေါ့ပါးပါး ဖျပ်ဖျပ် လတ်လတ်၊ အခုခေတ်စားနေတဲ့ Free Style ဆိုတာကို ၁၉၇၅-၇၆ ကတည်းက သူမက ခေတ်မီစွာ ကျင့်သုံးနေတာမျိုးပေါ့။ ကိုမြင့်အောင်နဲ့ ကိုဟီးရားလားကလည်း Free Style ကိုနှစ်သက်တယ်ထင်ပါ့။
 
နောက်တစ်ယောက်ကို ပြပြန်တယ်။ သူက ရွာဟိုင်းဈေး (ယခု မန်းမြို့ဈေး)မြောက်ဘက်မှာနေသတဲ့။ သူကလည်း ဆံပင်ပုံစံက ဖွာလန်ကျဲပုံစံ။ မျက်နှာမှာလည်း ဘာသနပ်ခါး၊ ဘာ မိတ်ကပ်မှ မပါဘူး။ အဝတ်အစားကလည်း ရှပ်အင်္ကျီလို ခပ်ပွပွတွေ ဝတ်တယ်။ ထဘီက ခြေမျက်စိဖုံး.. ဒရင့်တိုက်။ ကိုစိုးမြင့်နဲ့ ကိုမြင့်ဆွေက နှစ်ယောက်တတွဲတွဲပေမယ့် သဘောထားက မတူဘူး။ တစ်ယောက်စီက တစ်ဦးစီကို အဆိုပြုကြတယ်။ ကိုစိုးမြင့်ပြတဲ့သူက ဖြူတယ်။ ယဉ်တယ်။ မြန်မာပြည်အနောက်ခြမ်း တိုင်းရင်းသူလေးပုံစံက သိသာတယ်။ ကိုမြင့်ဆွေပြတာကအရပ်နည်းနည်းမြင့်တယ်။ ဆံပင်ဖြောင့်ဖြောင့် ရှည်ရှည်။ အသားနည်းနည်း ညိုတယ်။ ဗမာဆန်တဲ့ အညာသူစရိုက်ပေါ်တယ်။
 
ကဲ.. ကျွန်တော်နဲ့ ကျော်ရွှေကရော။ ကျွန်တော်တို့ကတော့ ကိုယ့်ထက်အသက် လေးငါးခြောက်နှစ်ကြီး..။ ဝါကြီးတဲ့လူကြီးတွေနဲ့ တန်းတူ ရည်တူ သဘောထားမပေးဝံ့ပါဘူး။ ပေးပိုင်ခွင့်လည်း မရှိပါဘူး။ ကလေးမို့ ကလေးလိုပဲ နေရတာပါ။
တက္ကသိုလ်ကို စတက်ပြီး တစ်ပတ်မျှ မပြည့်ခင် မှာပဲ လွတ်လပ်တဲ့ တက္ကသိုလ်ကျောင်းသားစရိုက်နဲ့ နှလုံးသားတွေ ဖျပ်ခနဲနိုးထဖို့ ကြိုးစားကြည့်ခဲ့ကြတာပါပဲ။
 
နောက်ဆုံးနှစ်စာမေးပွဲကြီးအပြီးမှာ တက္ကသိုလ်မြေမှာ တက္ကသိုလ်ကျောင်းသူကျောင်းသား အဖြစ် တရားဝင် နောက်ဆုံးခြေချကြရတဲ့ Vivaနေ့မှာ Adress လိပ်စာ စာအုပ်လေးတွေထဲ အပြန်အလှန် အမှတ်တရစကားတွေ ရေးသားကြတယ်။
 
ကျွန်တော့်စာအုပ်လေးထဲက အစ်မကြီးအရွယ်ကျောင်းသူတစ်ဦးက အခုလိုအမှတ်တရ
စာလေး ရေးပေးခဲ့ပါတယ်။
““ဟေ့ နင်တို့အဖွဲ့ကို ဒို့အဖွဲ့က တက္ကသိုလ် ၄နှစ် သက်တမ်းတစ်လျှောက်
“မစွံအဖွဲ့”လို့ နာမည်ပေးခဲ့ ကြတာဟ။ ဟုတ်တယ်လေ။ Class မှာလည်း မကပ်၊ တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်မခွာနိုင် တတွဲတွဲနဲ့ လက်ဖက်ရည်ဆိုင်မှာချည်း တဝါးဝါးတဟားဟား အချိန်ကုန်နေကြတာ။ အဲဒီတော့ ဘယ်မှာနင်တို့ စွံကြပါ့မလဲ။ တက္ကသိုလ်မှာ တစ်ယောက်မှ ရည်းစားမရှိခဲ့ကြတာ တကယ့်သမိုင်းဝင်ပါပဲဟာ။ ဒါပေမယ့် နင်တို့ ၉ယောက်အုပ်စုထဲက
တစ်ယောက်ကိုတော့ ငါက သနားလို့ ဆွဲထုတ်ပြီးစွန်အောင် လုပ်ပေးလိုက်ပါတယ်”” တဲ့..။
အဲဒီအစ်မကြီးက မသင်းသင်းကြိုင်ပါ။ သူက ကျွန်တော်တို့ထဲက ကိုအုန်းမြင့်နဲ့
နဖူးစာဆုံပြီး အခုဆို မြေးတောင်ရနေပါပြီ။
 
ကျန်တဲ့ ကျွန်တော်တို့နှစ်ယောက်ကတော့ တက္ကသိုလ်နဲ့ ပတ်သက်ပြီး အသည်းမာခဲ့ကြချည့်လို့ အပြစ်တင်ရင်လည်း ခံရုံပေါ့လေ။ ဘယ်တတ်နိုင်ပါ့ မလဲ။
ဒီကိစ္စက ဇွတ်ခံစားလို့မှ မရတာ..။ ဒါပေမယ့် အဲဒီအချိန် ခေတ်စားနေတဲ့ စိုင်းထီးဆိုင်ရဲ့
“စိတ္တဇအလွမ်း ”ကိုတော့ ရေရေလည်လည် ခံစားနေကြပြီလေ….။
[(၁၉၇၅-၇၉)မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်အမှတ်တရ]
 
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW