ဇူလိုင်၊ ၇-၂၀၂၃
MM(VOM)
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ကလေးတွေ အများဆုံးပါဝင်တဲ့ စစ်ဘေးရှောင်စခန်းတွေက ဒေသခံစစ်ဘေးရှောင်အယောက် ၇၀၀၀ နီးပါးဟာ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေအရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။
”အခု စစ်ဘေးရှောင်တွေက ပြီးခဲ့တဲ့ ဇွန်လ ပထမအပတ်နဲ့ ဒုတိယ အပတ်လောက်က ရောက်လာတဲ့ စစ်ရှောင်အသစ်တွေပါ ၊ စစ်ဘေးရှောင် အကုန် ၇၀၀၀ နီးပါးလောက်ရှိတာ၊ စစ်ရှောင်တွေထဲမှာ ကြည့်ရတာ ကလေးတွေ တော်တော်များတယ် ၊ အခုသူတို့တွေ အမိုးအကာတွေ ၊ အနွေးထည်တွေ ၊ စားဖို့ရိက္ခာတွေ လိုအပ်နေတာ ၊ အခုလိုအပ်ချက်က အရမ်းများနေတယ်၊ စစ်ရှောင်တွေက မလျော့တဲ့အပြင် ထပ်တိုးလာတော့ လိုအပ်ချက်က များနေတာပေါ့ ။”လို့ စစ်ရှောင်တွေကို ကူညီပေးနေသူ တစ်ဦးကပြောပါတယ်။
ဒေသခံတစ်ဦး”က အရင်က အလှူရှင်တွေ အရမ်းပေါတာ ၊ အခုလုံးဝမရှိသလောက်ဖြစ်နေတယ် ၊အရင်လို လွတ်လွတ်လတ်လတ်သွားလို့လာလို့ မရတာတွေကြောင့်ပေါ့ ၊ ဒီလိုဆိုလည်း ပြစ်မထားကြပါနဲ့ ၊သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး အဝတ်အထည်တွေ စားဖို့ သောက်ဖို့ ပစ္စည်းတွေကို လှူဒါန်းပေးဖို့ ပြောချင်ပါတယ်။”လို့ ပြောပါတယ်။
အဲ့ဒီ စစ်ဘေးရှောင် အယောက် ၇၀၀၀ နီးပါးထဲမှာ အသက်ငယ်သေးတဲ့ ကလေးတွေ ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ နာတာရှည်ရောဂါဝေဒနာခံစားနေရတဲ့သူတွေ ထက်ဝက်ခန့်အထိပါတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီ စစ်ဘေးရှောင်တွေထဲက ကလေးတွေနဲ့သက်ကြီးပိုင်းတွေဟာ ဇူလိုင်လ ၁ ရက်လောက်ကနေ စတင်ပြီး ချောင်းဆိုးတာ ၊ ခေါင်းကိုက်တာ၊ ကိုယ်ပူတာ ၊ အသားတွေ နာကျင်တာ ၊ အစားအသောက်ပျက်တာတွေ ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။
ရခိုင်ပြည်နယ်ကို ကူညီကယ်ဆယ်ရေး သွားရောက်ဆောင်ရွက်မယ့် ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းတွေ အနေနဲ့ နစကရဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးပေါင်းစပ် ညှိနှိုင်းရေးကော်မတီဆီကို အသိပေးတင်ပြပြီးမှ သွားရောက်နိုင်မယ်လို့ သက်ဆိုင်ရာရဲ့ ပြောဆိုထုတ်ပြန်ချက်တွေအရ သိရပါတယ်။
Photo – ဒေသခံတစ်ဦး
#voiceofmyanmar #VOM #ရသေ့တောင် #စစ်ရှောင်အခက်အခဲ