မြောက်ဥက္ကလာ မြို့နယ်ခန်းမနဲ့ ရွှေပေါက္ကံထွေ/အုပ်ရုံး မိုင်းခွဲခံရ၊ ထိခိုက်မှုတွေရှိ

ဩဂုတ် ၂ – ၂၀၂၃
SN (VOM)

ရန်ကုန်မြို့မှာ နစကတပ်စွဲထားတဲ့ မြောက်ဥက္ကလာပ မြို့နယ်ခန်းမနဲ့ ရွှေပေါက္ကံထွေအုပ်ရုံးမှာ မနေ့ ဩဂုတ် ၁ ရက် ညပိုင်းက အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ည ၈ နာရီကျော်က ရွှေပေါက္ကံ ထွေ/အုပ်ရုံးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သလို မြောက်ဥက္ကလာပမြို့နယ်၊ အဝိုင်းကြီးမှာရှိတဲ့ မြို့နယ်ခန်းမမှာလည်း ည ၉ နာရီကျော်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“ပေါက်ကွဲမှုတွေဖြစ်ပြီး လူနာတင်ကားနဲ့ စစ်ကားတွေ အရေးပေါ် အသံပေး၊ ဝီစီတွေမှုတ် ယောက်ယက်ခတ် သွားလာနေတာတော့ တွေ့ရတယ်။ မေဓါဝီဆေးရုံရှေ့မှာလည်း ရဲတပ်ဖွဲ့က ကင်းပုန်းဝပ် လုံခြုံရေးယူနေတာ တွေ့ရတယ်။ လမ်းသွားလမ်းလာတွေကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရွှေပေါက္ကံထွေအုပ်ရုံး တိုက်ခိုက်မှုကို မြောက်ဥက္ကလာပမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ (၂)က ပြုလုပ်ခဲ့တယ်လို့သိရပြီး အဖွဲ့ဝင်တွေကတော့ ဘေးကင်းလွတ်မြောက်ခဲ့တယ်လို့ အဲ့ဒီ့အဖွဲ့က သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

မြောက်ဥက္ကလာပမြို့နယ်၊ အဝိုင်းကြီးက မြို့နယ်ခန်းမ တိုက်ခိုက်မှုကိုတော့ KMD-18 မြို့ပြကျီးကန်း (Crow Squad)တပ်ဖွဲ့မှ “နွေဦးအောင်လံ” စစ်ဆင်ရေးအနေနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအပြီး ထိခိုက်မှုတချို့ရှိခဲ့ကာ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး အဖွဲ့ဝင်တွေ ဘေးကင်းနေပြီလို့ အဲ့ဒီ့အဖွဲ့က သတင်းထုတ်ပြန်ထားပါသေးတယ်။

“မြောက်ဥက္ကလာ အဝိုင်းလမ်းဆုံက ပေါက်ကွဲသံကတော့ အကျယ်ဆုံးပဲ။ အဲ့ဒီပေါက်ကွဲတာလည်းပြီးရော အဝိုင်းလမ်းဆုံမီးပွိုင့်၊ ဆေးတက္ကသိုလ် (၂) ရှိတဲ့ ခေမာသီလမ်းနဲ့ မြောက်ဒဂုံအဆင်း မြောက်ဥက္ကလာပဘက်အခြမ်း ကျိန်သစ္စာရှင် ဘုရားဘက်ခြမ်းနဲ့ ကြိုးတံတား အတက်အဆင်းတို့မှာ လမ်းတွေပိတ်ပြီး စစ်ဆေးရှာဖွေတာတွေလည်း ရှိတယ်” လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

ဒီပေါက်ကွဲမှုတွေကြောင့် မြို့နယ်ရဲ့ အဝင်အထွက်လမ်းတွေကို ပိတ်ဆို့ စစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေပြီး ကားကြီးဂိတ်မှတ်တိုင်၊ မော်ကျွန်းမှတ်တိုင်၊ သုနန္ဒာလမ်းဆုံ မဟာကျိန်သစ္စာရှင်ဘုရားအနီး၊ ကြိုးတံတားအတက်အဆင်း၊ ခေမာသီလမ်း ဆေး (၂)ရှေ့နဲ့ အဝိုင်းကြီးမီးပွိုင့်ကနေ မြောက်ဒဂုံ ဗထူးတံတားအထိ နေရာတွေကို အဓိကထား ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW