ဩဂုတ် ၁၅၊ ၂၀၂၃
Shy V(VOM)
မူဆယ်နယ်စပ်မှာ ဒီကနေ့ ဩဂုတ်လ ၁၅ ရက် မွန်းလွဲပိုင်းက တရုတ် – မြန်မာ ငွေလဲလှယ်နှုန်း ထိုးတက်ပြီး တရုတ်ငွေ အရောင်းပိတ်ထားရကြောင်း ငွေအလဲအလှယ်လုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။
“တရုတ်ငွေ မရောင်းပေးဘူး။ အရောင်း ပိတ်ထားတယ်၊ ဝယ်ပဲဝယ်တာ၊ တရုတ်ငွေ အရောင်း ပိတ်သွားပြီ အဝယ်ပဲ ရှိတော့တာ၊ တရုတ် ယွမ်ပေး ကျပ်ယူက ကြိုက်သလောက် လာလဲလို့ရပေမယ့် ကျပ်ပေး၊ ယွမ်ယူတော့ မပေးဘူး။” လို့ ညနေ ၃ နာရီခန့်က ငွေလဲလှယ်လုပ်ငန်းလုပ်နေတဲ့ အမျိုးသမီး ၁ ဦးက ပြောပါတယ်။
ဒီကနေ့မှာတော့ ယွမ်ပေး ကျပ်ယူအနေနဲ့ ယွမ် ၁၀၀ ကို မြန်မာကျပ်ငွေ ၅၀,၀၅၀ ထိ တရုတ်ငွေဈေး ထိုးတက်သွားတာဖြစ်တယ်လို့ သိရပါတယ်။
ယွမ်ငွေက အတက်ပဲ ရှိနေတာကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန် ဈေးတက်လာနေတာကြောင့် အခက်အခဲဖြစ်နေရတယ်လို့ တနိုင်တပိုင် အရောင်းဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။
“ဈေးကတော့ အတက်ပဲ ရှိတယ်။ အကျမရှိဘူး။ ရောင်းရခက်နေပြီ။ ရောင်းပြီးရင် အဲ့ဒီဈေးနဲ့ ပြန်ဝယ်လို့ မရဘူး ဖြစ်နေတယ်။”လို့ အိမ်ဆိုင်ရောင်းသူ ဒေသခံ ၁ ဦးက ပြောပါတယ်။
နယ်စပ် သွင်းကုန်လုပ်ငန်းရှင်တွေကတော့ တရုတ်ဘက် ကုန်ဝယ်ဖို့ တရုတ်ယွမ် ဝယ်ရခက်တာကြောင့် တော်တော် အခက်အခဲ ဖြစ်နေရတယ်လို့ ပြောပါတယ်။
အစိုးရရဲ့ မူဝါဒကလည်း ပို့ကုန်ရှိတဲ့ လုပ်ငန်းရှင်တွေမှ သွင်းကုန် တင်သွင်းလို့ရမယ့်ပုံစံ ဖြစ်နေတာကြောင့် ခက်ခဲနေတယ်လို့ သွင်းကုန် လုပ်ငန်း ရှင် ၁ ဦးကလည်း ပြောပါတယ်။
လက်ရှိ မြန်မာ – တရုတ် နယ်စပ်မှာ ငွေကြေး တတ်နိုင်တဲ့ သူဌေးတွေကတော့ တရုတ်ငွေကို ရသလောက် ဝယ်ထားပြီး တန်ဖိုးထိုးကျနေတဲ့ မြန်မာ ကျပ်ငွေကို လက်ထဲ မထားကြဘဲ ရသလောက် လဲလှယ်ထားကြတာလို့ နယ်စပ်ဒေသခံ
တွေရဲ့ပြောပြချက်အရ သိရပါတယ်။
မနေ့ ဩဂုတ်လ ၁၄ ရက် ညနေပိုင်းမှာတော့ ယွမ်ပေး ကျပ်ယူ ယွမ် ၁၀၀ ကို ကျပ် ၄၉၀,၆၀ ဈေး ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။
Photo- Shy V(VOM)
#voiceofmyanmar #VOM #မူဆယ်နယ်စပ် #တရုတ်ငွေအရောင်းပိတ်