စစ်ကိုင်းတိုင်းမှာ နိုင် / ကျဥ်း ၄ ဦးကို စစ်အုပ်ချုပ်ရေး ဥပဒေအရ သေဒဏ်ချမှတ်

သြဂုတ် ၊ ၂၃ ၊ ၂၀၂၃
SP ( VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင် / ကျဥ်းတွေထဲက အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို စစ်အုပ်ချုပ်ရေး ဥပဒေ (Martial Law) အရ စစ်ခုံရုံးနဲ့ စစ်ဆေးခဲ့ပြီးနောက် သေဒဏ် အမိန့် စီရင်ချက် ချမှတ်လိုက်တယ်လို့ ဒေသခံ အရပ်ဘက် ရှေ့နေ အသိုင်းအဝိုင်းဆီက သိရပါတယ်။

” သေဒဏ်ချမှတ်ခံရတဲ့ သူတွေကတော့ ကိုအောင်ကျော်မိုး ခေါ် လားလား သူကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊၅၂(က)တို့ အရ သေဒဏ်ချမှတ်ခဲ့ရတယ် ၊ နောက် တယောက်က ကိုကျော်စွာဝင်း ခေါ် ကျော်စွာ သူကတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊၅၂(က)တို့ အရ သေဒဏ်ချမှတ်ခံရတယ် ၊ နောက်ပြီး ကိုဇော်မျိုးထွန်း ခေါ် တိုနီ သူကလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊၅၂(က)တို့ အရ သေဒဏ်ချမှတ်ခံရတာဖြစ်ပြီး မမြင့်မြင့်အေး ခေါ် အေးအေး ကလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊၅၂(ခ)တို့ အရ သေဒဏ်ချမှတ်ခဲ့တယ် ၊ အဲ့ဒီ ၄ ဦးကို အင်းတော်မြို့နယ် စစ်အုပ်ချုပ်ရေး ဥပဒေ (Martial Law) အရ စစ်ခုံရုံးနဲ့ စစ်ဆေးခဲ့ပြီး အခုလ ၁၈ ရက်မှာ သေဒဏ် ပေးခဲ့တာဖြစ်တယ် ” လို့ ဒေသခံ ရှေ့နေ တယောက်က ပြောပါတယ်။

အဲ့ဒီ သေဒဏ်အပြစ်ပေးခြင်းခံရတာနဲ့ ပတ်သက်ပြီး အင်းတော်မြို့နယ် စစ်ခုံရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဆေးစစ်ချက်ရယူပြီးမှ စစ်ခုံရုံးနဲ့ စစ်ဆေးတာဆိုတော့ ပြစ်ဒဏ်ချခံရသူတွေ အားလုံး ကျန်းမာရေး ကောင်းကြပါတယ် ၊ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ စစ်ဆေးပေါ်ပေါက်အချက် သူတို့ဟာ လက်နက်နှင့်ခဲယမ်းတွေ အကြိမ်ကြိမ် သယ်ယူပို့ဆောင်လွှဲပြောင်းပေးတာ ၊ အကြမ်း ဖက်သမားများသိလျက်နဲ့ ၎င်းတို့နဲ့ ဆက်သွယ်ဆောင်ရွက်တာ ၊ လုံခြုံရေးအဖွဲ့ တွေထံ သတင်းပို့ရန် ပျက်ကွက်ခဲ့တာ စတာတွေ့ရှိရတယ် ၊ အဲ့ဒါကြောင့် သေဒဏ် စီရင်ထိုက်လို့ ချမှတ်လိုက်တာ ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ သေဒဏ် အမိန့်ချမှတ်ခံရတဲ့ သူတွေရဲ့ မိသားစုဝင်တွေကတော့ ” စပြီး ဖမ်းသွားတဲ့အချိန်ကတည်းက ကြားခံနဲ့ပဲ အဆက်အသွယ်ရတယ် ၊ တွေ့ရတာမရှိဘူး ၊ သြဂုတ် ၁၈ ရက်က စစ်ခုံရုံးကနေ သေဒဏ်ပေးလိုက်တယ် ၊ သူတို့ ကျန်းမာရေး ကောင်းပါတယ် ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ထဲက မြို့နယ်တချို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်စပြီး စစ်အုပ်ချုပ်ရေး နယ်မြေအဖြစ် ထုတ်ပြန်ခဲ့ပြီးနောက် သြဂုတ် ၁၈ ရက်အထိ စစ်အုပ်ချုပ်ရေး ဥပဒေ (Martial Law) အရ ပြစ်ဒဏ်ချမှတ်ခံရသူ ၂၁၃ ယောက်ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်အုပ်ချုပ်ရေး #သေဒဏ်

Related posts

Leave a Comment

VOM News

FREE
VIEW