ဆန်၊ စပါးဈေးကျဖို့ လုပ်ဆောင်နေတယ်လို့ နစက ပြော

ဩဂုတ် ၂၃ – ၂၀၂၃
KT+SN (VOM)

လက်ရှိ ပြည်တွင်းမှာ ဆန်၊ စပါးဈေးနှုန်းတွေ တရှိန်ထိုး မြင့်တက်နေတာနဲ့ ပတ်သက်လို့ ဆန်၊ စပါးဈေးကျဖို့ လုပ်ဆောင်နေတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မနေ့ ဩဂုတ် ၂၂ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပြီး ဆန်စပါးဈေးနှုန်းကျစေဖို့ အစိုးရအနေနဲ့ လိုအပ်တဲ့ မူဝါဒ ထိန်းညှိမှုတွေကို ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“စီးပွားရေးလုပ်ငန်းလုပ်တာသည် အမြတ်လိုချင်လို့လုပ်တာမှန်ပါတယ်။ ဒါပေမယ့် ထိုက်သင့်သော အမြတ်ပဲ ဖြစ်ဖို့ကောင်းပါတယ်။ ဆန်စပါးစျေးနဲ့ပတ်သက်ပြီး ပြောရရင် သွင်းကုန်ပေါ့၊ သွင်းအားစုစျေးမြင့်တက်တယ်လို့ပြောပါတယ်။ သွင်းအားစုစျေး မြင့်တက်တယ်ဆိုတဲ့နေရာမှာ ဆန်စပါးစိုက်ပျိုးမှု သူ့သွင်းအားစုတွေ ရှိပါတယ်။ ဓာတ်မြေသြဇာတွေ ထည့်သွင်းရတာရှိတယ်၊ ပိုးသတ်ဆေးတွေ သုံးရတာရှိပါတယ်။ သို့သော် ဓာတ်မြေသြဇာနဲ့ပတ်သက်ပြီး ဦးစားပေးပြီး ဘယ်လိုတင်သွင်းနေလဲ၊ ဘယ်လောက်စျေးနဲ့ဝယ်ရတယ်၊ နှိုင်းယှဉ်ကြည့်ပါ” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မိုးစပါး ရောင်းဈေးမှာ ကျပ် ၉ သိန်းနဲ့ ၁၀ သိန်း ဝန်းကျင်သာရှိခဲ့ပေမယ့် အခု ၂၀၂၃ ခုနှစ်မှာတော့ တောင်သူလက်ဝယ်ဈေးမှာတင် ကျပ် ၁၇ သိန်း၊ ၁၈ သိန်း ဝန်းကျင် ပေါက်ဈေးရှိနေပြီး အရင်က ၅၃၀၀၀၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိခဲ့တဲ့ ဧည့်မထမှာ လက်ရှိတွင် ကျပ် ၁၈ သိန်းဝန်းကျင်‌ဈေး ဖြစ်ပေါ်နေတယ်လို့ သူက ပြောပါတယ်။

“ဒါတွေနဲ့ပတ်သက်ပြီး ဘာကြောင့်ဖြစ်လဲဆိုတဲ့အခါ အချို့သောနိုင်ငံတွေက ဆန်စပါးအဓိက တင်ပို့နေတဲ့နိုင်ငံကြီးတွေရှိတယ်။ အဲ့ဒီနိုင်ငံကြီးတွေက တစ်ကမ္ဘာလုံးမှာ အယ်လ်နီညိုရဲ့ သက်ရောက်မှုကြောင့် သူတို့ရဲ့ ပြည်တွင်းဖူလုံရေးကို အဓိကထားပြီး ဆန်စပါးကို ကမ္ဘာကိုပို့မယ်၊ QUOTA တွေ လျှော့လိုက်တာရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကမ္ဘာမှာ ဒါ့ထက် ဆန်စျေးမြင့်တက်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဈေးဆွဲတင်နေတဲ့ဟာတွေရှိတယ်။ အဲ့တော့ နိုင်ငံတော်အစိုးရရဲ့ မူဝါဒက ရှင်းတယ်။ နိုင်ငံတော်အစိုးရရဲ့ မူဝါဒက ပြည်တွင်းဖူလုံရေးကို ဦးစားပေးမှာဖြစ်တယ်။ ပြည်တွင်းဖူလုံရေးကို ဦးစားပေးပြီးတော့မှ ပြည်တွင်းမှာ စားရေရိက္ခာပြည့်စုံဖူလုံမှ နိုင်ငံခြားတင်ပို့တာကို ဒုတိယ ဦးစားပေးစဉ်းစားမှာဖြစ်တယ်” လို့ သူက ပြောပါတယ်။

လက်ရှိ ပြည်တွင်းဈေးကွက်အတွင်းမှာတော့ ဆန်၊ စပါး ဈေးနှုန်းတွေ စံချိန်တင် မြင့်တက်နေတာဖြစ်ပြီး ရွှေဘိုပေါ်ဆန်း တစ်အိတ်ကို ၁၄၈,၀၀၀၊ ကျားပျံရှယ် တစ်အိတ်ကို ကျပ် ၁၃၁,၀၀၀၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်ကို ကျပ် ၁၂၅,၅၀၀၊ ဆင်းသုခ ဆန်တစ်အိတ်ကို ၉၅,၀၀၀ ကျပ်၊ ရက် ၉၀ ဆန်တစ်အိတ်ကို ၈၂,၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်ကြမ်း ၇၀,၀၀၀ တစ်အိတ်ကို စသဖြင့် အသီးသီး မြင့်တက်လျက်ရှိသလို စပါးဈေးနှုန်းတွေဟာလည်း အမြင့်ဆုံးဈေးတန်းအဖြစ် ဧရာပဒေသာစပါး တင်း (၁၀၀) ကို သိန်း ၃၀ ဝန်းကျင်၊ ရွှေဘိုပေါ်ဆန်း ဘေးကြားစပါး တင်း (၁၀၀) ကို သိန်း ၄၀ ဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

နစက ကတော့ စပါးဈေးတက်နေတာကို မူဝါဒအရလုပ်နေပြီး မတက်သင့်တဲ့ဈေးနှုန်းတွေ တက်နေတာတွေရှိတယ်လို့ ပြောဆိုထားကာ အခြေခံလူတန်းစားတွေ၊ ဝန်ထမ်းတွေ စားသောက်နိုင်တဲ့ နှုန်းတစ်ခုဖြစ်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဒါပေမယ့် စပါးစိုက်တောင်သူတွေနဲ့ ကုန်သည်တွေကတော့ လာမယ့် စက်တင်ဘာ ၂၀ ရက်ကနေ ဒီဇင်ဘာလအတွင်း ဒေသအလိုက် မိုးစပါးတွေ ထွက်လာတော့မှာဖြစ်ပေမယ့် ဆန်ဈေးကျနိုင်ဖို့က နဂိုဈေးကို ပြန်ရောက်နိုင်ဖို့ မသေချာဘူးလို့ ပြောကြပါတယ်။

“ဆန်စပါးစျေးက ဒီစျေးတန်းနဲ့ မကျနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ လူဦးရေသန်း ၅၀ ကျော်ရှိတယ်။ တစ်ယောက်ကိုတစ်နေ့ ဆန် ၁ ဘူးကုန်ရင် ဆန်ဘူးသန်း ၅၀ ၊ တစ်နေ့ ဆန်အိတ် နှစ်သိန်းကျော်လောက်ကုန်ပါတယ်။ ဒါကပြည်တွင်းစားသုံးမှုပဲ ရှိပါသေးတယ်။ အရင်အစိုးရတွေလက်ထက်က ပြည်တွင်းမှာ ဆန်စျေးတက်ရင် ပြည်ပဆန်တင်ပို့တာကို ရပ်လိုက်တဲ့နည်းနဲ့ ဖြေရှင်းခဲ့တာ။ ဒါပေမယ့် နစက ကို ပြည်ပဝင်ငွေရှာပေးနေတာက ဒီဆန်တင်ပို့မှု အဓိကဖြစ်နေတော့ ဒါကိုရပ်ပစ်ဖို့ သူတို့စဉ်းစားမှာမဟုတ်ဘူး။ အမှန်က ကုန်စျေးနှုန်းကတက်တာမဟုတ်ပါဘူး။ ငွေကြေးတန်ဖိုး ကျဆင်းတာပါ။ စိတ်မပျက်ကြပါနဲ့ ဆက်တက်ပါလိမ့်ဦးမယ်” လို့ ဈေးကွက်ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိ ပြည်တွင်းမှာ ဆန်၊ စပါးဈေး ဘယ်လိုပင် ကောင်းနေသော်ငြားလည်း ဒီဇယ်ဈေး ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စတဲ့ သွင်းအားစုတွေ၊ ရိတ်သိမ်းခြွေလှေ့ခနှုန်းတွေ မြင့်တက်နေတာကြောင့် လယ်သမား အများစုမှာ စိုက်ပျိုးကုန်ကျ
စာရိတ်နဲ့ ရောင်းချရရှိငွေ မကာမိဘဲ
အရှုံးပေါ်နေရတယ်လို့ သိရပါတယ်။

“ဆန်စပါးစျေးကောင်းလို့ တောင်သူတွေ အဆင်ပြေ ချမ်းသာတယ်မထင်နဲ့။ ခုချိန်ထိ အကြွေးပတ်နေတဲ့တောင်သူတွေ အများကြီး။ လယ်ပြုတ်တဲ့တောင်သူတွေ ဒုနဲဒေးပါ။ စပါးရဖို့ဆိုတာ မလွယ်ပါဘူး။ တကယ်လယ်ထဲဆင်း လုပ်ကြည့်မှသိမှာပါ။ ဆန်စပါးထုတ်လုပ်တဲ့ တောင်သူတွေလည်း သွင်းအားစုတွေ စျေးကြီးတော့ အကျိုးအမြတ်နည်းပါတယ်။ တကယ်တမ်းအကျိုးအမြတ်ရှိတာက ကုန်သည်၊ ဝယ်လှောင်တွေနဲ့ ဆန်စက်ပိုင်ရှင်တွေပါ” လို့ နေပြည်တော်က စပါးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စပါးတွေဈေးကောင်းရနေတဲ့အတွက် စပါးဖြစ်ထွန်းလို့ရင် အမြတ်အစွန်းရရှိကြမှာ ဖြစ်ပေမယ့်သွင်းအားစုစရိတ်တွေ မစိုက်ထုတ်နိုင်တော့တာ၊ ရာသီဥတုဖောက်ပြန်မှု၊ စစ်ဘေးနဲ့ နယ်မြေ မတည်ငြိမ်မှုတွေအပါအဝင် စျေးကွက်ထိန်းညှိမှုမရှိတဲ့ အခြေအနေတွေကြောင့် ဆန်စျေးကျဖို့မရှိတော့ဘူးလို့ ခန့်မှန်းတွက်ချက်ထားကြပါတယ်။

လူဦးရေ ၅၅ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံဟာ ဆန်ကို အဓိက အများဆုံးစားသုံးတဲ့ နိုင်ငံတွေထဲမှာပါဝင်ပြီး မြန်မာ့လူဦးရေ ၅၅ သန်းကျော်က နှစ်စဥ် ဆန်တန်ချိန် ၁၀ သန်းနီးပါး စားသုံးတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

လူတစ်ဦးကို တစ်နှစ် ၁၅၅ ကီလိုဂရမ် (၉၇ ပြည်ခန့် )အထိ စားသုံးကြတယ်လို့ နိုင်ငံတကာ သုတေသနအဖွဲ့တွေနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းတို့က ပြီးခဲ့တဲ့နှစ်တွေအတွင်းက ခန့်မှန်းခဲ့ကြပါတယ်လို့ သိရပါတယ်။

#voiceofmyanmar #vom #ဆန်စပါး #ကျဖို့နစကလုပ်ဆောင်နေ

Related posts

Leave a Comment

VOM News

FREE
VIEW