စက်တင်ဘာ ၇ – ၂၀၂၃
SN (VOM)
ရွှေနဲ့ ပတ်သက်တဲ့ လုပ်ငန်းလိုင်စင် ၅ မျိုးအတွက် ထောက်ခံချက်တွေ အခမဲ့ ထုတ်ပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က မနေ့ စက်တင်ဘာ ၆ ရက်မှာ အသိပေးချက် ထုတ်ပြန်ထားပါတယ်။
လုပ်ငန်းလိုင်စင် လျှောက်ထားရာမှာ လိုအပ်တဲ့ ရွှေဆိုင်လိုင်စင်ထောက်ခံချက်၊ ရွှေသန့်စင်လုပ်ငန်းလိုင်စင်ထောက်ခံချက်၊ ပန်းတိမ်လုပ်ငန်းလိုင်စင်ထောက်ခံချက်၊ အပေါင်ဆိုင်လုပ်ငန်းလိုင်စင် ထောက်ခံချက်နဲ့ ရွှေအတုံးအခဲ အရောင်းအဝယ် လိုင်စင်ထောက်ခံချက်တွေကို ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံးမှာ အခမဲ့ ထောက်ခံပေးလျက်ရှိတယ်လို့ သိရပါတယ်။
“ရွှေလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်တွေကို သက်တမ်း ၁ နှစ်ပဲ ပေးထားတာလေ။ လာမယ့် ဒီဇင်ဘာဆိုရင် သက်တမ်းကုန်တော့မှာပေါ့။ အဲ့ဒါကြောင့် အချိန်မီ လိုင်စင် ပြန်လျှောက်နိုင်ဖို့ လိုတယ်။ အခုက တော်တော်များများ ဆိုင်သစ်တွေလည်း ဖွင့်လာတာတွေ့ရတယ်။ လိုင်စင်လျှောက်ထားတာမရှိရင် သက်ဆိုင်ရာက အရေးယူတာမျိုးတွေ လုပ်လာနိုင်တယ်”လို့ ရွှေလုပ်ငန်းရှင်(၁)ဦးက ပြောပါတယ်။
ရွှေလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်တွေကို သက်တမ်း ၁ နှစ်သာ ပေးထားတာဖြစ်ပြီး နှစ်စဉ် သက်တမ်းတိုး ဆောင်ရွက်ရမှာဖြစ်ကာ လာမယ့် ဒီဇင်ဘာလကုန်မှာ ဒီနှစ်အတွက် လုပ်ငန်းလိုင်စင်အားလုံး သက်တမ်းကုန်မှာဖြစ်တယ်လို့ သိရပါတယ်။
ရွှေကုန်သည်တွေ ရွှေဆိုင်ပိုင်ရှင်တွေအနေနဲ့ လုပ်ငန်းလိုင်စင် အသစ်လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်း၊ ရွှေတုံးရွှေခဲလိုင်စင်လျှောက်ထားခြင်း ကိစ္စရပ်တွေမှာ လုပ်ငန်း အကြီး၊ အလတ်၊ အသေး ခွဲခြားဖော်ပြပြီး ရန်ကုန်ရွှေအသင်းထံတင်ပြကာ ထောက်ခံချက်ရယူမှာဖြစ်တယ်လို့ သိရပါတယ်။
ရွှေပိသာချိန် ၁ဝ ပိဿာအထက် ရောင်းဝယ်တဲ့ လုပ်ငန်းတွေကို လုပ်ငန်းကြီး၊ ရွှေ ၅ ပိဿာအထက် ရောင်းဝယ်တဲ့လုပ်ငန်းတွေကို လုပ်ငန်းအလတ်၊ ရွှေ ၅ ပိဿာအထိ ရောင်းဝယ်တဲ့ လုပ်ငန်းအသေးဆိုပြီး သတ်မှတ်ထားတယ်လို့ သိရပါတယ်။
လျှောက်ထားရမယ့် လိုင်စင်အတွက် ရွှေအသင်းက စိစစ်ကာ ထောက်ခံချက်ပေးမှာဖြစ်သလို အခွန်ကင်းရှင်းကြောင်း သက်ဆိုင်ရာမှ ထောက်ခံချက်တွေ ရယူပြီးပါက အချက်အလက်ပြည့်စုံရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ လိုင်စင်အသစ် လျှောက်ထားခြင်း၊ လိုင်စင်သက်တမ်းတိုးခြင်းတွေ ပြုလုပ်နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုအပ်တဲ့ ထောက်ခံချက်တွေကို YGEA အသင်းရုံးမှာ ရုံးချိန်အတွင်း လာရောက်ပြီး အခမဲ့ ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ ရွှေဆိုင်လုပ်ငန်း တသောင်းကျော်ရှိပြီး ဆိုင်အားလုံးနီးပါး လိုင်စင်တွေ ရှိတယ်လို့လည်း သိရပါတယ်။
#voiceofmtanmar #VOM #ရွှေလုပ်ငန်းလိုင်စင် #ထောက်ခံချက်အခမဲ့ထုတ်ပေး