အရှေ့မြောက် စီးပွားရေး တံခါးပေါက် ၂ ခုရဲ့ အခုရက်ပိုင်း ကုန်သွယ်မှုအခြေအနေ

စက်တင်ဘာ ၇- ၂၀၂၃
Shy V(VOM)

ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းရဲ့ ဩဂုတ် ၂၆ ရက် ကနေ စက်တင်ဘာ ၅ ရက် အထိ အမေရိကန်ဒေါ်လာ ၃၉.၉၇၈ သန်း ကုန်သွယ်နိုင်ခဲ့တယ်လို့ နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပို့ကုန် အမေရိကန် ဒေါ်လာ ၁၀.၄၃၂ သန်းရှိပြီး သွင်းကုန် အမေရိကန် ဒေါ်လာ ၂၉.၅၄၆ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။

ရာဘာ၊ ပဲတီစိမ်း၊ ပဲယင်း၊ ပဲလွန်းဖြူ၊ နှမ်းနက်၊ စွန်တာနီပဲ၊ မြေထောက်ပဲ၊ ဆန်ကွဲ၊ မြေပဲဆံ နဲ့ ပြောင်း တွေ အများဆုံး တင်ပို့ခဲ့

အများဆုံးတင်သွင်းခဲ့တဲ့ သွင်းကုန်ပစ္စည်းတွေကတော့ သံနဲ့ သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ချည်ထည်များ၊ စက်နဲ့ စက်အပိုပစ္စည်း၊ ဓာတ်မြေဩဇာ၊ ဇာနဲ့ ဇာထိုးထားသောအထည်အလိပ်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ လုပ်ငန်းသုံး သံနဲ့ သံမဏိပစ္စည်း၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနဲ့ တပ်ဆင်ရေးပစ္စည်းများ၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ၊ ဓာတုဗေဒချည်ခင် တွေ ဖြစ်ပါတယ်။

ကားခ နှုန်းထားတွေကတော့ အခုအပတ်မှာ မန္တလေးကနေ ချင်းရွှေဟော်ကို အတက်ကုန်ကားခ တစ်ပိဿာ ၈၀ ကျပ်ရှိပြီး အဆင်းကုန် ကုန်ကျစ်ကားခ တစ်ပိဿာ ၁၇၀ ကျပ်၊ ကုန်ပွကားခ တစ်ပိဿာ ၁၈၅ ကျပ် ရှိတယ်လို့ သိရပါတယ်။

ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်းကနေ အရင်ပတ် ဩဂုတ်လ ၁၉ ကနေ၂၉ ရက်အထိ ၁၀ ရက်အတွင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်ရှိခဲ့ပေမယ့် ဩဂုတ် ၂၆ ကနေ စက်တင်ဘာ ၅ ရက်အထိ အခု ၁၀ ရက်အတွင်းမှာ ၃၉ သန်းကျော်သာ ရှိတာကြောင့် အရင် တပတ်ကထက် အခုတပတ် ကုန်သွယ်မှု ပမာဏ ၁၀ သန်းကျော် လျော့ကျသွားတာကို တွေ့ရပါတယ်။

လယ်ယာထွက်ကုန်ပစ္စည်းတွေရဲ့ ၁ တန် ဈေးနှုန်းမှာ ဆန် ၄၅၇ ဒေါ်လာ၊ ဆန်ကွဲ ၄၄၂ ဒေါ်လာ၊ ပဲတီစိမ်း ၈၄၂ ဒေါ်လာ၊ မြေထောက်ပဲ ၁၁၄၂ ဒေါ်လာ၊ ပဲလွန်းဖြူ ၆၇၁ ဒေါ်လာ၊ ပြောင်း ၃၂၈ ဒေါ်လာ၊ နှမ်း ၁၇၁၄ ဒေါ်လာ၊ ရော်ဘာ ၁၁၄၂ ဒေါ်လာနှုန်း၊ ငရုတ်အစို ၇၁၄ ဒေါ်လာ၊ ငရုတ်ခြောက် ၁၂၈၅ ဒေါ်လာ နှုန်းရှိခဲ့ပါတယ်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကနေ ဩဂုတ်လ ၂၈ ရက်‌နေ့ မှ စက်တင်ဘာ ၃ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၉.၄၃၄ သန်း ကြောင်း နယ်စပ်ကုန်သွယ်ရေးဇုန်က သတင်းအချက်အလက်တွေအရ သိရပါတယ်။

ကြက်သွန်နီ၊ ငါးရှဉ့်၊ မြေထောက်ပဲ၊ ကဏန်း၊ ကြေးနီ၊ ဝါဂွမ်း၊ သကာရည်၊ လျှော်ဖြူ၊ ပြောင်း၊ ဆန် စတဲ့ ပစ္စည်းတွေ အဓိကထားတင်ပို့ပြီး အခုအပတ်အတွင်း ကုန်သွယ်မှု ပမာဏ အများဆုံးပို့ကုန်ပစ္စည်းမှာ ကြက်သွန်နီ ဖြစ်တယ်လို့ သိရပါတယ်။

သွင်းကုန်အနေနဲ့ ယာဉ်နှင့်ယာဉ်ယန္တရားများ၊ သံချောင်းလုံးများ၊ ဆိုလာပစ္စည်းများ၊ စတီးပိုက်၊ ကားတာယာနှင့်ကျွတ်များ၊ မိုဘိုင်းဖုန်း၊ လျှပ်စစ်မော်တော်ဆိုင်ကယ်၊ အလူမီနီယံကြိုး ခွေ၊ တီဗွီ၊ ဘတ္ထရီများ အဓိကထားတင်သွင်းပြီး အများဆုံးသွင်းကုန်ပစ္စည်းမှာ ယာဉ်နဲ့ ယာဉ် ယန္တရားတွေပဲ ဖြစ်ပါတယ်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကနေ ဩဂုတ်လ ၂၁ မှ ၂၇ ရက်အထိ တပတ်အတွင်း ကုနါသွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၅ သန်းကျော် ရှိခဲ့ပြီး ဩဂုတ်လ ၂၈ မှ စက်တင်ဘာလ ၃ ရက်နေ့အထိ အခု တပတ်အတွင်း ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၂၉ သန်းကျော်ခဲ့တာကြောင့် ဒီတပတ်မှာ အမေရိကန်ဒေါ်လာ ၃ သန်းကျော် ပိုမိုကုန်သွယ်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

မူဆယ် ကျင်စန်းကျော့ – ဝမ်တိန်ဂိတ်ကနေ ဩဂုတ်လ ၂၈ ရက် ကနေ စက်တင်ဘာ ၃ ရက်နေ့အထိ ခါလီ အပါအဝင် ပို့ကုန်ကား ၆၂၅ စီးရှိပြီး ခါလီနဲ့ ကားအသစ်အပါအဝင် သွင်းကုန်ကား ၁၁၃၀ စီး ရှိခဲ့တယ်လို့ နယ်စပ် ကုန်သည်တွေရဲ့ မှတ်တမ်းစာရင်းအရ သိရပါတယ်။

ကျင်စန်းကျော့ဂိတ်မှာတော့ အရင်တပတ်က ပို့ကုန်၊ သွင်းကုန် အရင်ကား စုစုပေါင်း ၁၈၀၈ စီးရှိပြီး အခု အပတ်မှာ ၁၇၅၅ စီးပဲ ရှိတာကြောင့် ဒီတပတ် ၅၃ စီး လျော့သွားကာ အရင် တပတ်ထက် အခု တပတ် ပို့ကုန်ကား ၁၆ စီး ပိုလာပြီး သွင်းကုန်ကား ၆၉ စီး လျော့သွားတာကို တွေ့ရပါတယ်။

မူဆယ်မှာတော့ တရုတ် – မြန်မာ ငွေ လဲလှယ်နှုန်းအနေနဲ့ မနေ့ စက်တင်ဘာ ၆ ရက် ညနေ ၃ နာရီ ဝန်းကျင်အထိ ပေါက်ဈေးမှာ ယွမ်ပေး ကျပ်ယူ ၁ ယွမ်ကို ၄၇၇ ကျပ် ဈေး ပေါက်ပါတယ်။

#voiceofmtanmar #VOM #ချင်းရွှေဟော် #ကုန်သွယ်ရေးအခြေအနေ

Related posts

Leave a Comment

VOM News

FREE
VIEW