စက်တင်ဘာ ၈ – ၂၀၂၃
GG (VOM)
ဆီရောင်းချသူတွေအနေနဲ့ ဆီကို စားသုံးသူဆီ ပြန်လည်ရောင်းချတဲ့အခါမှာ လက်ကားရည်ညွှန်းဈေးထက် ၁၀ ရာခိုင်နှုန်း မပိုတဲ့ အမြတ်ရယူပြီးသာ ရောင်းချဖို့ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်အသင်းက ထပ်မံသတိပေးလိုက်ပါတယ်။
လက်ရှိမှာ ပြည်တွင်းက လက်ကားကုန်သည်တွေ၊ ဆီဒိုင်တွေနဲ့ အရောင်းဆိုင်ကြီးတွေကို စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနဲ့ ရောင်းချပေးနေတာကြောင့် သတ်မှတ်နူန်းထက် စျေးပိုပြီးတင်မရောင်းဖို့ သတိပေးတာဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ လက်ကားစျေးနဲ့ ခွဲတန်းရတဲ့ ဆီအရောင်းဆိုင်တွေကသာ ခွဲတန်းရရှိမှုအလိုက် တစ်ယောက်ကို ၅၀သား ကနေ ၁ ပိဿာအထိ ရောင်းချပေးနေပြီး ခွဲတန်းမရတဲ့ဆိုင်တွကတော့ ဝယ်ယူဖိူ့ခက်ခဲတာကြောင့် စားအုန်းဆီအရောင်းပိတ်ထားရတယ်လို့ သိရပါတယ်။
” ဆီက ဝယ်မရဘူးဖြစ်နေလို့ ဒုက္ခရောက်နေတယ်။ကိုယ်နဲ့သိတဲ့ဆိုင်အချို့ဆို ပိတ်ထားကြတယ်။ စားသုံးသူတွေ၊ဆိုင်သမားတွေ ဒုက္ခရောက်တာပေါ့။ ခွဲတန်းရတဲ့ဆိုင်တွေကလည်း ခွဲတန်းကုန်ရင် မရောင်းတော့တာတွေ့ရတယ်။ ဒီတော့ အမြင့်စျေးနဲ့ရထားတဲ့သူတွေက ပဲရောဆီ၊နှမ်းရောဆီဆိုပြီး ရောင်းကြတယ်။ ရွာတွေမှာဆိုရင် ၉၀၀၀ ကနေ ၁၀၀၀၀ ကြားရှိနေတုန်းပဲ။သူတို့က မြို့ပေါ်လာတန်းစီလို့လည်းမရဘူးလေ၊ဝေးတာကိုး “လို့ ပြည်သူ(၁)ဦးကပြောပါတယ်။
တာဝန်ရှိသူတွေကတော့ ဆီအရောင်းဆိုင်ကြီးတွေဆိုရင် လက်ကားရည်ညွှန်းဈေးထက် ၂ ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းဖို့၊ စားသုံးသူလက်ထဲ တဆင့်ခံ ပြန်လည်ရောင်းချသူတွေဆိုရင် အထွေထွေကုန်ကျစရိတ်ပါ ထည့်ပေါင်းပြီးအမြတ်ကို ၁၀ ရာခိုင်နှုန်းထက် ပိုမရောင်းဖို့ သတိပေးထားသလို စျေးတွေထဲမှာလည်း လိုက်လံအသိပေးတာတွေရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်အသင်းက ထုတ်ပြန် တဲ့ စားအုန်းဆီ လက်ကားရည်ညွှန်းဈေးကတော့ တစ်ပိဿာ ငွေကျပ် ၄၁၆ဝ ဖြစ်ပြီး အဲ့ဒီစျေးနဲ့ ဖြန့်ချီပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် မြို့နယ်တွေက အရောင်းဆိုင်တွေအနေနဲ့ လက်ကားရည်ညွှန်းဈေးနဲ့ ဝယ်ယူရရှိခြင်း မရှိပါက “စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့”ရဲ့ ဖုန်းနံပါတ်တွေဖြစ်တဲ့ ၀၉-၇၅၇၄၈၂၉၁၂ ၊ ၀၉-၇၅၆၅၇၅၂၁၆ ကို ဆက်သွယ်ပြီး တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် VOM အနေနဲ့ စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့ကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဆီရောင်းချသူ(၁)ဦးကလည်း ” ကျနော်လည်း ဆက်သွယ်တာရှိတယ်၊ဒါပေမယ့် ဖုန်းက ဆက်သွယ်မှုပြင်ပဖြစ်လိုက်၊ ဝင်တော့လည်း ဖုန်းကမကိုင်ဘူး ။ ဒါကြောင့် အခြေအနေက သေချာမသိရပါဘူး၊ ကျနော်တို့ဆို စားအုန်းဆီ ပြတ်နေပါတယ်။မရောင်းရဘူး ၊စျေးကြီးနဲ့ဝယ်ပြီး တင်ရောင်းရအောင်လည်း အဆင်မပြေဘူး “လို့ ပြောပါတယ်။
စားအုန်းဆီကို လက်ကားရည်ညွှန်းစျေးနဲ မြို့ပေါ်နဲ့ ကျေးရွာပါမကျန် လက်လီလက်ကား ရောင်းချပေးနိုင်မှသာ စားအုန်းဆီ စျေးကျဆင်းမှာဖြစ်တယ်လို့ လုပ်ငန်းရှင်တွေကသုံးသပ်ပြောဆိုကြပါတယ်။
လက်ရှိမှာတော့ ဆီအရောင်းဆိုင် အများစုမှာ စားအုန်းဆီ ဝယ်ယူရခက်တဲ့အခြေအနေတွေ သတ်မှတ်နူန်းထက် စျေးတင်ရောင်းရင် အရေးယူမယ်ဆိုတာတွေကြောင့် စားအုန်းဆီကို အရောင်းရပ်ထားကြပြီး မြေပဲရောနှောဆီ၊ နှမ်းရောနှောဆီ အဖြစ်သာရောင်းချနေကြတယ်လို့သိရတယ်။
စားအုန်းဆီစျေးဟာ ၂၀၂၀ခုနှစ်မတိုင်ခင်က တစ်ပိဿာကို ၁၈၀၀ ကနေ ၂၅၀၀ ကျပ်သာရှိခဲ့ပေမယ့် ၂၀၂၀ နောက်ပိုင်းမှာတော့ စားအုန်းဆီ စျေးက ဆက်တိုက်ဆိုသလိုမြင့်တက်လာခဲ့တာကြောင့် စားသုံးသူအားလုံး ဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ်။
ပုံစာ – ရန်ကုန်မှာ ဆီဝယ်ယူဖို့တန်းစီနေပုံ
#voiceofmyanmar #VOM #စားသုံးဆီကဏ္ဍ