ထိုင်းနိုင်ငံရောက် မြန်မာ MoUလုပ်သားတွေ ပတ်စ်ပို့သက်တမ်းတိုး နယ်စပ်မှာတင် ပြုလုပ်နိုင်

စက်တင်ဘာ ၈ – ၂၀၂၃
SN (VOM)

ထိုင်းနိုင်ငံရောက် မြန်မာ MoUလုပ်သားတွေ ပတ်စ်ပို့သက်တမ်းတိုးအတွက် ရန်ကုန်အထိ လာစရာမလိုတော့ဘဲ မြဝတီနဲ့ ကော့သောင်းမြို့တို့မှာ One Stop Service စနစ်နဲ့ သက်တမ်းတိုးနိုင်ပြီ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက မနေ့ စက်တင်ဘာ ၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

အရင်က MoU စနစ်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ၅ နှစ်သက်တမ်းရှိတဲ့ PJ အမျိုးအစား နိုင်ငံကူးလက်မှတ် ထုတ်ပေးထားပြီး ပတ်စ်ပို့သက်တမ်းပြည့်ဖို့ ၁ နှစ်အလိုမှာ မြန်မာနိုင်ငံကိုပြန်လာပြီး ရန်ကုန်ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှာ သက်တမ်းတိုးဖို့ အသိပေးကြေညာထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ နိုင်ငံကူးလက်မှတ် ၂ နှစ်နဲ့အထက် ကျန်ရှိပါက MoU/U-Turn စနစ်နဲ့ ထိုင်းနိုင်ငံကို ရက်တိုတိုအတွင်း ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ထိုင်းနိုင်ငံနဲ့ နီးစပ်တဲ့ နယ်စပ်မြို့တွေဖြစ်တဲ့ မြဝတီနဲ့ ကော့သောင်းမြို့တို့မှာ One Stop Service စနစ်နဲ့ လာမယ့် စက်တင်ဘာ ၁၁ ရက်နေ့ကစပြီး သက်တမ်းတိုး ဆောင်ရွက်နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

“အဲ့ဒါက သွားရလာရနဲ့ အချိန်ကုန်၊ ငွေကုန်၊ အလုပ်လည်းအရမ်းရှုပ်တယ်။ ဒီကလူအများစုကတော့ ပန်းရောင်ကတ်တွေနဲ့ပဲ နေကြတာများတယ်။ အလုပ်ရှင်တွေကလည်း တော်ရုံ သူတို့အလုပ် အပျက်မခံချင်ကြဘူးလေ။ အဲ့တော့ ဘတ်ပေးပြီးပဲ ပန်းရောင်ကတ် ပြောင်းလျှောက်ကြတာများတယ်” လို့ ထိုင်းနိုင်ငံရောက် အလုပ်သမား(၁)ဦးက ပြောပါတယ်။

ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကတော့ ပတ်စ်ပို့သက်တမ်းတိုး လုပ်ငန်းစဉ်ကို မြဝတီမြို့မှာ လူဦးရေ ၇၀၀ ခန့်၊ ကော့သောင်းမြို့မှာ လူဦးရေ ၃၀၀ ခန့် စသဖြင့် လူဦးရေ ၁၀၀၀ ဝန်းကျင်ကို One Stop Service လုပ်ငန်းအဖွဲ့နဲ့ နေ့ချင်းပြီး U-Turn ပြုလုပ်ပေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့ကလည်း နှစ်နိုင်ငံအလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတွေအနေနဲ့ U-Turn ကိစ္စကို အစည်းအဝေးပြုလုပ်ခဲ့ပြီး ရက်တိုတိုနဲ့ ဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်းစဉ် ၅ ရပ်ကို ‌ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့ လုပ်ငန်းစဉ် ၅ ရပ်ကတော့ ထိုင်းအလုပ်ရှင်မှ အလုပ်ခေါ်စာနဲ့ အလုပ်သမားအမည်စာရင်း ပူးတွဲပြီး ထိုင်းနိုင်ငံရဲ့ နယ်မြေအလုပ်သမားရုံးသို့ တင်ပြခြင်း၊ နယ်မြေအလုပ်သမားရုံးမှ ထိုင်းအလုပ်အကိုင်ဌာနသို့ ပေးပို့ခြင်းတို့ကို ထိုင်းအလုပ်အကိုင်ဌာနမှ မြန်မာအလုပ်သမားသံအရာရှိရုံးသို့ ပေးပို့ခြင်း၊ မြန်မာအလုပ်သမားသံအရာရှိရုံးမှ စိစစ်ခြင်းနဲ့ ထိုင်းအလုပ်အကိုင်ဌာနသို့ ပြန်လည်ပေးပို့ခြင်း (နေပြည်တော်သို့ ပို့ဆောင်ရန်မလို)၊ အလုပ်ရှင်မှ ထိုင်းအလုပ်အကိုင်ဌာနတွင် Work Permit လျှောက် လွှာတင်ခြင်း၊ ငွေသွင်းခြင်း၊ ပြန်လည်ဝင်ရောက်ရမည့် နယ်စပ်ဂိတ်သတ်မှတ်ပေးခြင်း၊ မြန်မာအလုပ်သမား သံအရာရှိရုံးသို့ ပြန်ပို့ခြင်း၊ အလုပ်သမားအေဂျင်စီနဲ့ အလုပ်သမားတွေဟာ မြဝတီ၊ သို့မဟုတ် ကော့သောင်းမြို့တို့ရှိ One Stop Service ရုံးသို့ သွားရောက်ခြင်း၊ စာချုပ်ချုပ် ဆိုခြင်း၊ OWIC ကဒ် ထုတ်ပေးခြင်း၊ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခြင်းနဲ့ ဗီဇာရယူခြင်း လုပ်ငန်းစဉ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့ လုပ်ငန်းစဉ်တွေဟာ အလုပ်ရှင်၊ အလုပ်သမား အေဂျင်စီတွေရဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်ဖြစ်တာကြောင့် အလုပ်သမားအေဂျင်စီတို့ရဲ့ ရုံးလုပ်ငန်းတွေ ပြီးစီးပါက MoU လုပ်သားတွေအနေနဲ့ ၃ ရက် ဒါမှမဟုတ် ၄ ရက်သာ အချိန်ပေးခြင်းဖြင့် U-Turn လုပ်ငန်းစဉ်ကို အချိန်တို/ငွေကုန်ကျမှု သက်သာစွာနဲ့ နယ်စပ်မြို့ ၂ မြို့မှာတင် ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အမည်ပျက်စာရင်းဝင်သွားတဲ့ ကုမ္ပဏီတွေက ပို့ဆောင်ထားတဲ့ MoU လုပ်သားတွေအနေနဲ့လည်း အလုပ်ရှင်နဲ့ MoU လုပ်သားရဲ့ သဘောဆန္ဒအတိုင်း အခြားကုမ္ပဏီတခုကို အမည်သွင်းပြီး U-Turn ပြု လုပ်နိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ထိုင်း #မြန်မာMoUလုပ်သား #နယ်စပ်မှာပတ်စ်ပို့သက်တမိးတိုးနိုင်

Related posts

Leave a Comment

VOM News

FREE
VIEW