မန္တလေး – မုံရွာ ကားလမ်းမှာ လူငယ် ၃ ဦး ပစ်ခတ်ဖမ်းဆီးခံရ

စက်တင်ဘာ ၊ ၉ ၊ ၂၀၂၃
SP ( VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ နုံးတွင်းကျေးရွာနဲ့ နတ်ခရိုင်ကျေးရွာ အကြား ၊ မန္တလေး – မုံရွာ ကားလမ်းပေါ်မှာ ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်က လူငယ် ၃ ဦး ပစ်ခတ်ဖမ်းဆီးခံရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ကားလမ်းဘေးမှာ ပစ်သတ်ခံထားရတဲ့သူတွေ လူငယ်တွေဖြစ်တယ် ၊ ဘယ်သူတွေဆိုတာ မသိရဘူး ၊ အသက် ၂၅ နှစ် ဝန်းကျင်အရွယ်တွေဖြစ်တယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အဲ့ဒီဘက်မှာ ကားလမ်းမိုင်းထောင်နေတယ် သတင်းကြားလို့ နယ်မြေရှင်းလင်းရေး သွားတာတော့ရှိတယ် ၊ ဒီမနက်မှာ မိုင်းထောင်နေတဲ့သူ ၃ လောင်း ၊ မောင်းပြန်ရိုင်ဖယ် သေနတ် ၂ လက် ၊ မိုင်း ၈ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆီးရမိတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ကလည်း စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့နယ် ၊ ကျွဲရဲကျေးရွာနားနဲ့ ကြေးမုံကျေးရွာအနီးမှာ လူ ၇ ယောက် ပစ်သတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်က စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်ကြားမှာရှိတဲ့ ခက်ခရွာမှာ ၁ ယောက်၊ ကျွန်းတောဦးရွာမှာ ၇ ယောက်၊ ပေါက္ကားရွာ ၆ ယောက် ၊ မူးမန္တလေး ရွာ မှာ ၁ ယောက် ၊ ထန်းတောဆိပ်ရွာမှာ ၅ ယောက်၊ ထန်းကြီးရွာမှာ ၃ ယောက် ၊ ကျီးကန်(မြောက်) ရွာမှာ ၄ ယောက် ၊ အားလုံးပေါင်း ၂၇ ယောက် ပစ်သတ်ဖမ်းဆီးခံရတာတွေ ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ပစ်ခတ်ဖမ်းဆီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW