မြန်မာ – အိန္ဒိယ နယ်စပ်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားလို့ ကုန်သွယ်ရေးကားလမ်း ပိတ်ထား

စက်တင်ဘာ ၊၉ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်းရဲ့အနောက်မြောက်နယ်စပ်ကုန်သွယ်ရေးလမ်း တခုဖြစ်တဲ့ ကလေး – တမူးကားလမ်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ပိုင်း လမ်းပိတ်ထားတယ်လို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“ကလေးမြို့နဲ့ တမူးမြို့က မိုင် တစ်ရာကျော်ပဲရှိတယ် ၊ ကလေးနဲ့ တမူးကြားကားလမ်းက လမ်းတဝက်ထိပဲ ကားသွားလို့ရတယ် ၊ ကလေးကနေ ခမ်းပတ်မြို့နယ်ခွဲအထိပဲ သွားရတယ် ၊ ခမ်းပတ်ကနေ တမူးအထိက ခရီးတဝက် ကားသွားလို့ မရဘူး ၊ အဲ့ဒါကြောင့် မဖြစ်မနေ သွားလာရမယ့်သူတွေက အိန္ဒိယနိုင်ငံဘက်ကနေ ဆိုင်ကယ် ကွင်းလမ်းကနေ သွားကြတယ် ၊ ခရီးစရိတ်က လူတယောက်ကို သုံးသိန်းကျော်ကုန်တယ်”လို့ တမူးမြို့ခံတယောက်က ပြောပါတယ်။

တမူးဒေသခံ ကုန်သည်တယောက်က” ကလေး – တမူး နယ်စပ်ကုန်သွယ်ရေးလမ်းက တဝက်ပဲသွားလို့ရတယ် ၊ ကလေးမြို့ကနေ ခမ်းပတ်မြို့နယ်ခွဲအထိပဲ ၊ ခမ်းပတ်ကနေ တမူးအထိ လမ်းပိတ်ထားတယ် ၊ မဖြစ်မနေ သွားလာရမယ့်သူတွေကတော့ အိန္ဒိယဘက်ကို ဝင်ရောက်ပြီး တောင်ပေါ် ဆိုင်ကယ်ရီလမ်းကနေ တမူးကို သွားကြတယ် ၊ တယောက်ကို မြန်မာငွေ သုံးသိန်းကျော်လောက် ပေးရတယ် ၊ တမူးမှာက ကုန်စည်ဝင်ရောက်တာမရှိဘူး ၊ဖြန့်ချီရေးကုန်တွေဆို အကုန်ပြတ်နေတာ”လို့ ပြောပါတယ်။

မိုးရေးမြို့ခံ ကုန်သည် ဦးဂျမားကလည်း ” ပြီးခဲ့တဲ့ မေလကစလို့ အိန္ဒိယနယ်စပ်ဘက်က လူမျိုးရေး ပဋိပက္ခတွေဖြစ်တယ် ၊ အဲ့ဒီ လူမျိုးရေးလှိုင်းက နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်ရပ်တန့်စေခဲ့တယ် ၊ နောက်ပြီး လုပ်ငန်းတွေ ပြန်လည်စဖို့ နှစ်ဘက်သဘောတူတဲ့အခါ တမူးနယ်ဘက်က လစဥ်လိုလို တိုက်ပွဲတွေဖြစ်နေတယ် ၊ အဲ့ဒါကြောင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ နလံမထူ ဖြစ်ရတာ “လို့ ပြောပါတယ်။

မန္တလေး – မုံရွာ – တမူး နယ်စပ်ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တယောက်က ” တမူးလမ်းပေါ်က ခမ်းပတ်် ၊ ကမ္မကြီး ၊ ထင်းဇင် ၊ ဘုက္တန် ၊ ဝိဒုတ် ၊ ပန်းသာ စတဲ့ရွာတွေနားမှာ မကြာခဏ ထိတွေ့တိုက်ပွဲတွေဖြစ်တယ် ၊ အဲ့ဒီကြားမှာ ကားတွေ သွားလာပြေးဆွဲခွင့် အခုထိ မပြုသေးဘူး ၊ ခွင့်ပြုလို့ ကားတွေ ပြေးဆွဲမယ်ဆိုရင်လည်း နားစွန့်ပြီး သွားလာရတာမို့ ကားတွေနားတယ် ” လို့ ပြောပါတယ်။

ကလေး – တမူး ကားလမ်းတွေ ပိတ်ထားတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနရုံးနဲ့ နီးစပ်သူ တယောက်က ” နစကဘက်ကနေ လမ်းပိတ်ထားတာတော့ မရှိဘူး ၊ ခမ့်းပတ်နဲ့ တမူးကြားမှာ ထိတွေ့မှုတချို့တော့ရှိတယ် ၊ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်က အဲ့ဒီ တမူး ကလေးကားလမ်းက နမ့်မွတ်တားရွာနားမှာ ထိတွေ့မှုဖြစ်ပြီး ရန်သူ့အလောင်း ၂ လောင်း ၊ သေနတ် ၂ လက်သိမ်းဆည်းရမိတယ် ၊ စက်တင်ဘာ ၈ ရက်နေ့ကလည်း အဲ့ဒီလမ်းပဲ ခို့မွန်းနွံရွာနားမှာ ထပ်ဖြစ်တယ် ရန်သူ့အလောင်း ၁ လောင်းနဲ့ လက်နက်ရတယ် ၊ ပစ်ခတ်မှုတွေကတော့ ရှိနေတုန်းပဲ ” လို့ပြောပါတယ်။

အဲ့ဒါကြောင့် ကလေး တမူးနယ်စပ်ကုန်သွယ်ရေးကားလမ်းကို ကာယသမားတွေက အသုံးမပြုရဲတော့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို တမူးကားလမ်းပိတ်ထားပြီး နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်နားထားတဲ့အတွက် အိန္ဒိယဘက်က နယ်စပ်ဖြတ်ကျော် တင်သွင်းလေ့ရှိတဲ့ ကွမ်းယာပစ္စည်းမျိုးစုံ ၊ ဆေးနဲ့ ဆေးပစ္စည်းတွေ ၊ အိမ်သုံးပစ္စည်းတွေ ၊ ချည်ထည် ပစ္စည်းမျိုးစုံ စတဲ့ ကုန်ပစ္စည်းတွေဟာ နယ်စပ်တင်သွင်းမှု မရှိသလောက် ဖြစ်နေတာမို့ မုံရွာ မန္တလေးဘက်တွေမှာ အဲ့ဒီ ကုန်ပစ္စည်းတွေ ပြတ်လပ်နေတယ်လို့ စျေးကွက် သတင်းအရ သိရပါတယ်။

#voiceofmyanmar #VOM #မြန်မာ #အိန္ဒိယ #ကုန်သွယ်ရေးကားလမ်း

Related posts

Leave a Comment

VOM News

FREE
VIEW