စက်တင်ဘာ ၉ – ၂၀၂၃
SN (VOM)
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက တောက်လျှောက် မြင့်တက်ခဲ့တဲ့ ပြည်တွင်း ရွှေဈေးနဲ့ ငွေလဲဈေးနှုန်းတွေဟာ အခု စက်တင်ဘာလ ပထမပတ်ကစပြီး ပြန်လည် ကျဆင်းလာနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ဩဂုတ်လအတွင်းက ကျပ် သိန်း ၄၀ နားအထိ ရောက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ လက်ရှိမှာ ၁ ကျပ်သား ၃၄၆၀၀၀၀ ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး ကျပ် ၅ သိန်းကျော်ဝန်းကျင် ပြန်လည် ပြုတ်ကျလာတာ ဖြစ်ပါတယ်။
အဲ့ဒီ့လိုပဲ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ကျပ် ၄၀၀၀ နီးပါး ရောက်ခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးဟာလည်း တဖြည်းဖြည်း ပြန်လည်ကျဆင်းလာရာ အခု စက်တင်ဘာ ၉ ရက်နေ့မှာတော့ ကျပ် ၃၄၀၀ ကျော်ဝန်းကျင်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
“ဒေါ်လာဈေးကျလို့ ရွှေဈေးတွေ ကျလာတာပါ။ ရွှေသမားတွေကို ဖမ်းဆီးထိန်းသိမ်းလိုက်လို့ ရွှေဈေးကျလာတာတော့ မဟုတ်ပါဘူး။ ဒေါ်လာဈေးကျလာလို့ ကျတာပါ။ သူတို့ကို ဖမ်းဆီးထိန်းသိမ်းထားတုန်းကလည်း ရွှေဈေးက တောက်လျှောက် တက်နေတာပဲလေ။ မဆိုင်တော့ မဆိုင်လောက်ပါဘူး။ လက်ရှိမှာ ရွှေသမားတွေ ဖမ်းဆီးထိန်းသိမ်းထားတာတော့ ပြန်လွှတ်လိုက်ပါပြီ။ အခုလို ရွှေဈေးပြန်ကျတာကတော့ ကောင်းတာပေါ့။ ဈေးတွေပြန်ကျပြီး ဈေးတွေငြိမ်ပြီး အဖမ်းအဆီးမရှိဘူးဆိုရင်တော့ ပိုကောင်းတာပေါ့။ ထပ်ကျနိုင်ချေ ရှိ၊ မရှိ ဆိုတာကတော့ ဒေါ်လာဈေးပေါ် မူတည်တယ်။ ဒေါ်လာတွေ ထပ်ကျရင်တော့ ကျမှာပဲ”လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။
ဈေးကွက်ကျွမ်းကျင်သူတွေကတော့ ရွှေနဲ့ နိုင်ငံခြားငွေကြေး ဈေးကွက်ထဲမှာ ဈေးကစားသူတွေကို နိုင်ငံရေးမတည်ငြိမ်အောင်လှုံ့ဆော်မှုနဲ့ ဖမ်းဆီးအရေးယူတာတွေ စတင်လာတာကြောင့် ရွှေနဲ့ ဒေါ်လာဈေးနှုန်းတွေ ကျဆင်းလာတယ်လို့ ပြောပါတယ်။
“ခေါ်ယူစစ်ဆေးမေးမြန်းတာ၊ အသွင်ယူပြီး ဖမ်းဆီးတာတွေနောက်ပိုင်း စက်တင်ဘာလအစကတည်းက ရွှေဈေး၊ ငွေဈေးတွေ အကုန် ရှယ်ပလန်နဲ့ကို ပြုတ်ကျလာတာ။ အခုဆို ဈေးလေးတွေက တော်တော်လေး အသက်ရှူချောင်လာပါတယ်။ ရွှေဈေးဆိုရင် သိန်း ၄၀ အထိ အမြင့်ဆုံး တက်သွားခဲ့ပြီးမှ အခုဆိုရင် ၃၄ သိန်းဝန်းကျင်အထိကို ကျဆင်းလာပါတယ်။ တခြားဒေါ်လာဈေး ငွေဈေးတွေလည်း ထိုနည်းတူပါပဲ။ အခုထိဈေးကွက်ကိုကြည့်ရင် ထပ်ကျဖို့ အားသာနေပါသေးတယ်” လို့ ဈေးကွက်ကျွမ်းကျင်သူတဦးက ပြောပါတယ်။
ရွှေဈေး၊ ဒေါ်လာဈေး စံချိန်တင်မြင့်တက်မှုကိုလျှော့ချဖို့ ၊ ပြီးခဲ့တဲ့လပိုင်းတွေက ဈေးကစားတယ် ဆိုတဲ့အချက်တွေနဲ့ ရွှေနဲ့ ဒေါ်လာ အရောင်းအဝယ်လုပ်သူတွေကို ခေါ်ယူစစ်ဆေး၊ မေးမြန်းထိန်းသိမ်းပြီး ပြန်လွတ်ပေးတာတွေ လုပ်ခဲ့တာကနေ အခုရက်ပိုင်းမှာတော့ သတိပေးချိန်ကာလကန့်သတ်ချက် ကျော်လွန်လာတာကြောင့် ဥပဒေအရအရေးယူမှုတွေကို စတင်လုပ်ဆောင်လာပြီ ဖြစ်တယ်လို့ သိရပါတယ်။
အခုလဆန်းပိုင်းကစပြီး ဒေါ်လာဈေးကွက်ထဲမှာလည်း အသွင်ယူဖမ်းဆီးတာတွေ ပြုလုပ်လာတဲ့အတွက် နိုင်ငံခြားငွေကြေးဈေးကွက်ထဲမှာ အရောင်းအဝယ်တွေ ရပ်ဆိုင်းတဲ့အထိ ဖြစ်သွားပြီး ဈေးကွက်အနေအထားကို ခန့်မှန်းရခက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် တခြားသော ငွေလဲဈေးနှုန်းတွေလည်း ပြန်လည် ကျဆင်းနေတာဖြစ်ပြီး ဒီကနေ့ စက်တင်ဘာ ၉ ရက်မှာ စင်္ကာပူဒေါ်လာ ၂၄၉၀ ကျပ်ဝန်းကျင်၊ ထိုင်းဘတ် ၉၅.၂၃ ကျပ်ဝန်းကျင်၊ ယူရို ၃၆၆၂ ကျပ်ဝန်းကျင်၊ တရုတ်ယွမ် ၄၆၅ ကျပ်ဝန်းကျင်၊ မလေးရှားရင်းဂစ် ၇၂၅ ကျပ်ဝန်းကျင်၊ ဂျပန်ယမ်း ၂၂.၈၉ ကျပ်ဝန်းကျင် စသဖြင့် အသီးသီး ပေါက်ဈေးဖြစ်ပေါ်နေပြီး အကျဘက်ကို ဆက်လက် ဦးတည်နေတယ်လို့ သိရပါတယ်။
Photo Crd – Original Uploader
#voiceofmyanmar #VOM #ရွှေဈေး #ငွေလဲဈေး #ပြန်ကျလာ