စက်တင်ဘာ ၉ – ၂၀၂၃
SP + SN (VOM)
ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်က သုံးလောင်းပြိုင် လူသတ်မှု ကျူးလွန်သူကို မနေ့ စက်တင်ဘာ ၈ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၁၈) ရပ်ကွက်၊ အနန္တသူရိယလမ်းရှိ နေအိမ်တအိမ်မှာ အသက် ၅၉ အရွယ် အိမ်ရှင်အမျိုးသား၊ အသက် ၅၂ နှစ်အရွယ် သူရဲ့ဇနီးနဲ့ အသက် ၉ နှစ်အရွယ် သားဖြစ်သူတို့ ဓါးဒဏ်ရာတွေနဲ့ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကနဦးစစ်ဆေးချက်အရ ပြစ်မှုကျူးလွန်သူ အမျိုးသားဟာ သတ်ဖြတ်ခံရတဲ့ မိသားစုဆီက ငွေကျပ် ၂ သိန်း ချေးယူတာမှာ မရတာကြောင့် ကလေးငယ်အပါအဝင် မိသားစုဝင် ၃ ဦးစလုံးကို ဓါးနဲ့ခုတ်ကာ လုယက်မှု ကျုးလွန်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
“အသတ်ခံရတဲ့ မိသားစုက အသေးစား ငွေချေးလုပ်ငန်း လုပ်ကိုင်နေကြသူတွေလို့ သိရတယ်။ ပြစ်မှုကျူးလွန်တဲ့သူက အရင်ကလည်း အသတ်ခံရတဲ့ မိသားစုဆီမှာ ငွေချေးဖူးတယ်။ အခုတခေါက် ထပ်ချေးတာမရလို့ အသင့်ပါလာတဲ့ ဓားနဲ့ သတ်သွားတာ”လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
လက်ရှိမှာ လှိုင်သာယာမြို့နယ်၊သောင်ကြီးနယ်မြေရဲစခန်းက အဲ့ဒီ အမှုကို စစ်ဆေးနေတယ်လို့ သိရပါတယ်။
အဲ့ဒီ့လိုပဲ ဩဂုတ် ၃၀ ရက်ကလည်း ပုဇွန်တောင်မြို့နယ်၊ (၈)ရပ်ကွက်၊ မြောင်းကြီးလမ်းရှိ ၈ လွှာတိုက်ခန်းမှာ တဦးတည်းရှိနေတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးကို သူမ အမြဲတမ်း ငှားရမ်းစီးနင်းလေ့ရှိတဲ့ ဆိုက္ကားသမားတဦး အပါအဝင် အမျိုးသား ၃ ဦးက သတ်ဖြတ်ကာ ရွှေနဲ့ ငွေတွေ လုယက်မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
Photo Crd – Original Uploader
#voiceofmyanmar #VOM #လှိုက်သာယာ #သုံးလောက်းပြိုင်လူသတ်မှု