ဝါတွင်းကာလ ဖြစ်ပေမယ့် ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ဖြစ်နေ

စက်တင်ဘာ ၈ – ၂၀၂၃
SN (VOM)

နှစ်စဉ်နှစ်တိုင်း ဝါတွင်းကာလမှာ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးတတ်ပေမယ့် ဒီနှစ်ထဲမှာတော့ ပုံမှန်အတိုင်းမဟုတ်ဘဲ အရောင်းအဝယ် ဆက်လက် ကောင်းနေဆဲဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။

လတ်တလောမှာ ငွေကြေး ဖောင်းပွလာခြင်းနဲ့အတူ ဒေါ်လာဈေး၊ ရွှေဈေးဟာလည်း စက္ကန့်နဲ့အမျှ ပြောင်းလဲနေချိန် မိမိတို့လက်ဝယ်ရှိ ငွေသားတွေကို သိမ်းဆည်းထားမယ့်အစား အိမ်ခြံမြေဘက်ကို ပိုမို ရင်းနှီးမြှုပ်နှံလာကြတာ ဖြစ်တယ်လို့ သိရပါတယ်။

“အခုက နေထိုင်ဖို့ဝယ်တာထက် ရင်းနှီးမြှုပ်နှံမှုတခုအနေနဲ့ပဲ ဝယ်နေကြတာဆိုတော့ ဝါတွင်းကာလဖြစ်ပေမယ့် အရောင်းအဝယ်က ဆက်ဖြစ်နေတာပေါ့။ အိမ်ပြောင်းရွှေ့မှုကတော့ နည်းပါတယ်။ အဝယ်ကတော့ ပိုမိုများပြားနေတယ်”လို့ အိမ်ခြံမြေအကျိုးဆောင်တဦးက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ အိမ်ခြံမြေကို နေထိုင်ဖို့အတွက် ဝယ်ယူသူတွေနဲ့ ရင်းနှီးမြှုပ်နှံဖို့ ဝယ်ယူကြသူတွေရှိရာ နေထိုင်ဖို့ ဝယ်ယူသူတွေအနေနဲ့ ၎င်းတို့တတ်နိုင်တဲ့ ငွေကြေးပမာဏနဲ့ သွားလာရေး အဆင်ပြေတဲ့ နေရာတွေမှာ ဝယ်ယူကြသလို အဓိကအားဖြင့် ကျပ်ငွေ တန်ဖိုး ပိုမို ကျဆင်းလာချိန်မှာ မိမိတို့ လက်ဝယ်က ငွေသားတွေ အချည်းအနှီးမဖြစ်သွားစေဖို့ ရင်းနှီးမြှုပ်နှံဖို့အတွက် ဝယ်ယူကြသူတွေလည်း များစွာရှိလာနေတယ်လို့ ဈေးကွက်အတွင်းက သိရှိရပါတယ်။

လက်ရှိမှာ တိုက်ခန်း၊ ကွန်ဒို၊ လုံးချင်းနဲ့ မြေကွက် ဈေးနှုန်းတွေဟာ နေရာဒေသအလိုက် အနိမ့်ဆုံး ၂၀ ရာခိုင်နှုန်းကနေ အမြင့်ဆုံး ၄၀ ရာခိုင်နှုန်းအထိ ဈေးတက်လာတယ်လို့ သိရပါတယ်။

ဈေးကွက်အတွင်း လက်ရှိ အရောင်းအဝယ်ဖြစ်နေတဲ့ အိမ်ခြံမြေဈေးနှုန်းတွေက အနိမ့်ဆုံး ကျပ် သိန်း ၅၀၀ လောက်ကနေ အမြင့်ဆုံး ကျပ် သိန်း ၅၀၀၀ အထက်အထိ ရှိသလို လုံးချင်းနဲ့ မြေကွက်ဈေးနှုန်းတွေကတော့ အနိမ့်ဆုံး ကျပ် သိန်း ၁၀၀၀ အထက်လောက်ကနေပြီး အမြင့်ဆုံး ကျပ် သိန်း ၁၀၀၀၀ အထက်လောက်အထိကို အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။

“မြန်မာကျပ်ငွေတန်ဖိုးက တနေ့ထက်တနေ့ ထိုးကျနေတော့ လက်မှာ ပိုက်ဆံကိုင်မထားချင်တော့ဘူး။ တခုခုဝယ်ပြီး ရင်းနှီးမြှုပ်နှံထားဖို့ပဲ စိတ်ဝင်စားတော့တယ်။ ပိုက်ဆံကိုင်ထားတာက ပိုပြီးအန္တရာယ်များတယ်လေ။ ဒါပေမယ့် ရွှေတို့၊ ကားတို့ ဝယ်တာထက် အခုလို အိမ်ခြံမြေဘက်မှာ ရင်းနှီးမြှုပ်နှံလိုက်တာက ပိုကောင်းတယ်၊ ပိုသေချာတယ်။ ကိုယ်မနေချင်လည်း ငှားစားလို့ရတယ်”လို့ ပုဇွန်တောင်မြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ဟာ နေရာဒေသအလိုက် အတက်ဘက်ကိုသာ ဦးတည်နေပြီး ဈေးကျဖို့ရှိလာနိုင်မှာမဟုတ်သေးဘူးလို့ ဝါရင့်အကျိုးဆောင်တွေက ပြောပါတယ်။

ရန်ကုန်အိမ်ခြံမြေ ဈေးကွက်မှာတော့ ဒဂုံမြို့သစ် ၄ မြို့နယ်က အရောင်းအဝယ်သွက်နေပြီး အဲဒီ မြို့နယ်တွေထဲမှာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ကတော့ ထိပ်ဆုံးက ဦးဆောင်နေတယ်လို့လည်း သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ရန်ကုန် #အိမ်ခြံမြေဈေးကွက် #အရောင်းအဝယ်ဖြစ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW