စက်တင်ဘာ ၉ – ၂၀၂၃
GG (VOM)
အိမ်သုံးမီတာ အသုံးပြုပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတွေကို စီးပွားရေးနူန်းထားနဲ့ မီတာခ ကောက်ခံဖို့အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ် ။
အိမ်သုံးမီတာသုံးပြီး စီးပွားရေးလုပ်ကိုင်နေလို့ စီးပွားရေးသုံးနူန်းနဲ့ကောက်ခံမယ့်အထဲမှာ ရေခဲ သေတ္တာ နဲ့ Deep Freezer အသုံးပြုနေတဲ့ ကုန်စုံဆိုင်တွေ၊ ဆံပင်ညှပ်ဆိုင်တွေ ၊ စက်ချုပ်ဆိုင်နဲ့ စတဲ့လျှပ်စစ်ဓာတ်အားအသုံးပြုတဲ့ ဆိုင်တွေကို စီးပွားရေးသုံးနူန်းထားနဲ့ မီတာခ ကောက်ခံမှာဖြစ်တယ်လို့သိရပါတယ်။
” မြို့ပေါ် ဆိုင်ကြီးတွေ ကောက်တာ ကိစ္စမရှိဘူး ၊ ရွာဘက်က ဆိုင်တွေကတော့ အဆင်မပြေဘူး။ ရေခဲသေတ္တာ ၂ လုံးရှိတာနဲ့ စီးပွားရေးသုံးမီတာခကောက်မယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ရွာဆိုင်က ဒီရွာထဲပဲရောင်းရတာ၊မြို့က တမြို့လုံးအပြင် ရွာကလာသူပါရောင်းရတယ် “လို့ ကျေးရွာဘက်မှာ ကုန်စုံဆိုင်ဖွင့်ထားသူ(၁)ဦးကမှတ်ချက်ပြုပါတယ်။
အိမ်သုံးမီတာနဲ့ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ ကုန်စုံဆိုင်၊ စာအုပ်အရောင်းဆိုင်၊ ဆေးဆိုင်၊ ဆန်ဆိုင်၊ နာရီဆိုင်၊ မျက်မှန်ဆိုင်၊ လက်ဖက်ရည်ဆိုင် စတဲ့ ဆိုင်တွေကိုလည်း စီးပွားရေးနှုန်းထားနဲ့ကောက်ခံဖို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ၂ဝဝ၈ ခုနှစ်ကတည်း ညွန်ကြားချက်ထုတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
” အစ်မတို့ အိမ်မှာ အရင်ဆိုင်ဖွင့်တုန်းက အိမ်သုံးမီတာသုံးတယ်၊ အခုဆိုင်ဖွင့်တော့ လုပ်ငန်းသုံးမီတာနဲ့ဆောင်ရတယ်။ one stop market ဆိုင်ပါ၊ အခုကာလ ၂၄ နာရီမဖွင့်နိုင်ပါဘူး မနက်ကနေ ညနေအထိပါပဲ၊ ရေခဲသေတ္တာ ၂လုံးရှိတယ်၊အဲကွန်းရှိမယ်၊ဒါပါပဲ ။အဲ့ဒါတစ်လကို ၁ သိန်းကျော်လောက်ကျတယ် ၊ အခုထပ်ကြားရတာ ရေခဲသေတ္တာ ၂ လုံးရှိရင်ကို အိမ်ဆိုင်ဆိုလည်း လုပ်ငန်းသုံးနဲ့ဆောင်ရမယ်လို့ သတင်းကြားနေရတယ် “လို့ ဆိုင်ဖွင့်ထားသူ(၁)ဦးကပြောပါတယ်။
လက်ရှိမှာ မီတာခ ကောက်ခံမှုကို အစိုးရဌာနအနေနဲ့ အိမ်သုံးမီတာ အိမ်သုံးနှုန်းထားနဲ့ကောက်နေပြီး စီးပွားရေးလုပ်ငန်းသုံးမီတာကို စီးပွားရေးနှုန်းထားနဲ့ ကောက်ခံနေတယ်လို့ သိရပါတယ်။
အိမ်သုံးမဟုတ်တဲ့ ဓာတ်အားသုံးစွဲသူ အမျိုးအစားတွေကို ကောက်ခံနေတဲ့နူန်းထားက ၁ ယူနစ်မှ ၅၀၀ အထိကို ၁၂၅ကျပ်၊ ၅၀၁ ယူနစ်ကနေ ၅၀၀၀ အထိကို ၁၃၅ ကျပ်၊ ၅ဝဝ၁ ကနေ ၁ဝဝဝဝအထိ ၁၅ ကျပ်၊ ယူနစ်၁၀၀၀၁ ကနေ ၂ဝဝဝဝ အထိကို ၁၅၅ ကျပ်၊ ၂၀၀၀၁ ကနေ ၅၀၀၀၀ ယူနစ်အထိ ၁၆၅ ကျပ်၊ ၅၀၀၀၁ ယူနစ်ကနေ ၁၀၀၀၀၀ အထိကို ၁၇၅ ကျပ်နဲ့ ၁၀၀၀၀၀ ယူနစ်အထက်ကိုတော့ ၁၈၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ် ။
အိမ်သုံး အမျိုးအစား မီတာကောက်ခံတဲ့နူန်းကတော့ ၁ ယူနစ်ကနေ ၃၀ အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်ကနေ ၅၀ အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်ကနေ ၇၅ ယူနစ်အထိ ၇၀ ကျပ်၊၇၆ ယူနစ်ကနေ ၁၀၀ အထိ ၉၀ ကျပ် ၊၁၀၁ ယူနစ်ကနေ ၁၅၀အထိကို ၁၁၀ ကျပ်၊၁၅၁ ယူနစ်ကနေ ၂၀၀ အထိကို ၁၂၀ ကျပ် ၊ ၂၀၁နဲ့အထက်ကို ၁၂၅ ကျပ်နဲ့ကောက်ခံနေတာဖြစ်ပါတယ်။
အထွေထွေအိမ်သုံးမီတာ ၊ အိမ်တွင်းသုံးပါဝါမီတာကနေ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း အပါအဝင် လျှပ်စစ်ဓာတ်အားကိုခိုးယူသုံးစွဲခြင်း၊ မီတာမရှိဘဲတိုက်ရိုက်ခိုးယူခြင်း စတဲ့ အချက် ၁၁ ချက်ကိုကျူးလွန်သူတွေဟာ တရားမဝင်ဓာတ်အားသုံးစွဲသူတွေဖြစ်တယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ပြောဆိုထားတာရှိပါတယ်။
ဓာတ်အားဖြတ်တောက်ခြင်း ၊ လျော်ကြေးငွေကို တပ်ဆင်ဝန်အားအရ တွက်ချက်တောင်းခံခြင်း၊ ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေပုဒ်မ ( ၅၂ )၊( ၅၃ )အရလည်း အမှုဖွင့်တရားစွဲဆိုနိုင်ကြောင်းသိရပါတယ်။အကယ်၍ ပြစ်မှုထင်ရှား ခဲ့ရင် ငွေဒဏ်အပြင် အနည်းဆုံး ထောင် ၅ နှစ် ကနေ ၁၀ နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။
#voiceofmyanmar #VOM # #အိမ်သုံးမီတာ #လုပ်ငန်းသုံးမီတာကဏ္ဍ