ဆန်၊စပါးသိုလှောင်မယ်ဆိုရင် လိုင်စင်ရှိပြီးသား ပွဲရုံနဲ့ဆန်စက်တွေလည်း အွန်လိုင်းကနေမှတ်ပုံတင်ရမယ်

စက်တင်ဘာ ၁၁ – ၂၀၂၃
GG (VOM)

ဆန်၊ စပါး သိုလှောင်မှုနဲ့ပတ်သက်ပြီး အွန်လိုင်းကနေ မှတ်ပုံတင်ရမယ့် စနစ်မှာ လိုင်စင်ရှိပြီးသား ဆန်ပွဲရုံ ၊ ဆန်စက်တွေပါမကျန် အားလုံး မှတ်ပုံတင်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။

ဒါ့ကြောင့် ဆန် အိတ်ရေ ၁၀၀၀ နဲ့ စပါး တင်းရေ ၅၀၀၀ နဲ့အထက် သိုလှောင်မယ့်သူတိုင်း မှတ်ပုံတင်ပြီးမှသာ သိုလှောင်ခွင့်ရှိတော့မှာဖြစ်ကြောင်း၊ မှတ်ပုံတင် စနစ်ကို အခုစက်တင်ဘာလထဲမှာ စတင်နိုင်ဖို့ စီစဥ်နေတယ်လို့သိရပါတယ်။

” သတ်မှတ် ဆန် စပါးအရေအတွက်လှောင်မယ်ဆိုရင် အကုန်လုံး မှတ်ပုံတင်ရမှာဖြစ်တယ်၊လိုင်စင်ရှိတဲ့ ပွဲရုံ၊ဆန်စက် အကုန်ပါတယ် ၊တောင်သူငယ်တွေတော့မပါဘူး၊ မပါဘူးဆိုတာမှာ တောင်သူတွေထဲလည်း စပါး ၅၀၀၀ လှောင်မယ်ဆိုရင် မှတ်ပုံတင်ရမှာပါ၊အခုလထဲ စတင်နိုင်အောင်လုပ်နေတယ်၊နောက်အကျဆုံးမှ နောက်လ ၁၅ ရက်နေ့ပါပဲ”လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူ(၁)ဦးက ပြောပါတယ်။

လက်ရှိမှာ ဆန်စပါး သိုလှောင်မှု မှတ်ပုံတင်ခြင်းကို Online ကနေ ဆောင်ရွက်နိုင်ဖို့အတွက် Digital Platform တည်ဆောက်မှုဟာ မကြာခင် ပြီးစီးတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အွန်လိုင်းကနေ မှတ်ပုံတင်ရတဲ့စနစ် စတင်ပြီးတာနဲ့ မြို့နယ်အလိုက် မှတ်ပုံတင်ပြီး စပါးသိုလှောင်ခြင်းရှိမရှိကို သက်ဆိုင်ရာဝန်ကြီးဌာနအပါအဝင် အဖွဲ့အစည်းပေါင်းစုံနှင့် သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေက လိုက်လံစစ်ဆေးမှာဖြစ်တယ်လို့သိရပါတယ်။

” စပါး ဘယ်လောက်ရှိတယ်၊ဆန် ဘယ်လောက်ရှိတယ်ဆိုတဲ့စာရင်းကို သိချင်လို့ အခုလိုလုပ်တယ်လို့ ထင်တယ်၊ အခုလိုလုပ်တာ လုပ်ငန်းရှင် တွေအတွက်က အဆင်မပြေဘူး မလွတ်လပ်တော့ဘူးပေါ့။အခု ဆန် ၁၀၀၀ ဆိုမှတ်ပုံတင်ရမယ်ဆိုရင် ၁၀၀၀ အောက်ပဲလှောင်မှာပေါ့”လို့ ဆန်ကုန်သည်(၁)ဦးကပြောပါတယ်။

ဆန်နှင့် စပါးသိုလှောင်မှုအတွက် မှတ်ပုံတင်မှုရှိမရှိကို စစ်ဆေးကြပ်မတ်နိုင်ဖို့အတွက်လည်း ဆန်စပါး သိုလှောင်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအစိုးရ – ပုဂ္ဂလိက လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

#voiceofmyanmar #VOM #ဆန်းစပါး #အွန်လိုင်းမှတ်ပုံတင်ကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW