စက်တင်ဘာ ၁၁-၂၀၂၃
Shy V(VOM)
တရုတ် – မြန်မာနယ်စပ်၊ မူဆယ်က နန်းတော်နဲ့ ဆင်ဖြူဂိတ်တွေမှာ နယ်စပ်ယာယီ ဖြစ်သန်းခွင့် (TBP)ကဒ်ရဖို့ တန်းစီစရာမလိုအောင် သက်ဆိုင်ရာလူကြီးတွေက စီစဉ်ပေးထားတဲ့ တိုကင်ကို ပွဲစားတွေက သောင်းချီ၊ သိန်းချီ ဈေးနဲ့ ရောင်းစားနေကြတယ်လို့ တိုကင်ဝယ်ယူပြီး တရုတ်ဘက်ထဲ ဝင်လာသူတွေဆီက သိရပါတယ်။
“တရုတ်ငွေ ၅၀၀ ယွမ်နဲ့ ဝယ်ရတာ။ ဟုတ်တယ်။ ဝင်တဲ့သူတွေ ဝင်လာကြပြီ။ အခုဈေးတက်သွားပြီ၊ တိုကင် ၁ ခုကို မြန်မာငွေ ကျပ် ငါးသောင်း ကနေ သုံးသိန်း၊ ငါးသိန်း အထိတောင် ဈေး ပေါက်နေတယ်”လို့ တရုတ်ဘက် တိုကင်ဝယ်ပြီး ဝင်လာခဲ့တဲ့ အမျိုးသမီး ၁ ဦးက ပြောပါတယ်။
မူဆယ်ခရိုင် တာဝန်ရှိသူ(၁)ဦးက “ကြားထဲက ပွဲစား မရှိအောင်လေ။ ရောင်းလို့ မရအောင် လုပ်ထားတာ။ အဲဒါကိုလည်း ကြားတာပဲ ဒီနေ့။ ဘယ်လိုလုပ်လဲ အသေးစိတ်တော့ မသိရဘူး။ ဟုတ်မဟုတ်တော့လည်း မသိဘူးနော်။ သေချာတော့လည်း။ ဒါပေမယ့် လိုင်းပေါ်တက်တာတွေ့တယ်။ တစ်သိန်း နှစ်သောင်းတဲ့ တချို့က ၅ သိန်းတဲ့။ တိုကင်လေးကိုလေ၊ တိုကင်ပေးတယ်ဆိုတာက မှတ်ပုံတင်နဲ့ နံပါတ်နဲ့ပေးပြီး တကယ် ရတဲ့အချိန် အဲဒီတုန်းက လာတဲ့ လူကိုပဲ ခွင့်ပြုဖို့ လုပ်ထားတာ”လို့ ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက နေပူ၊ မိုးရွာထဲ လူတွေတန်းစီနေရတာ များလွန်းတာကြောင့် ပိုမ်ုအဆင်ပြေအောင် စီစဉ်ထားပေမယ့် လက်ရှိမှာတော့ နှစ်ထောင်တန် တရုတ်နယ်စပ်ဝင်ခွင့် တခါသုံးကဒ် ကို သောင်းချီ၊ သိန်းချီ ဝယ်ယူပြီး ဝင်လာကြရတာဖြစ်တယ်လို့ သိရပါတယ်။
ဌာနဆိုင်ရာနဲ့ နီးစပ်သူ(၁)ဦးကလည်း “အခု တကယ်တန်းစီတဲ့လူက မရဘဲနဲ့ အခု တိုကင်တွေ ဝယ်ဝယ်ပြီး ဝင်နေရတဲ့ အနေအထားဖြစ်နေတယ်။ ပွဲစားတွေက ကျော်လုပ်တိုင်း လဝက က ထုတ်ပေးစရာလိုလား။ နာမည်စာရင်း မပါရင်မပေးနဲ့ပေါ့၊ တရုတ်နယ်စပ်ဘက် ၆ ည အိပ် ၇ ရက်လည်ပတ်ခွင့် တခါသုံးကဒ် TBP အတွက် နန်းတော်ဂိတ်မှာတော့ ၁ နေ့ကို လူ ၂၀၀ နှုန်းနဲ့ ခု စက်တင်ဘာလ ၁၂ ရက်နေ့အထိ တိုင် နာမည်စာရင်းတွေကို ကောက်ထားပြီးပြီ၊ ဆင်ဖြူဂိတ် အတွက်လည်း ၁ နေ့ကို လူ ၂၀၀ နှုန်းနဲ့ စက်တင်ဘာ ၁၈ ရက်နေ့အထိ နာမည်စာရင်းတွေ ကောက်ထားပြီးသား ဖြစ်တယ်”လို့ ရှင်းပြပါတယ်။
အွန်လိုင်းကနေ တိုကင်ရောင်းနေတဲ့ အမျိုးသမီး ၁ ဦးကတော့ “၂ သိန်းခွဲ၊ တိုကင် နံပါတ် စောစောရတာ။”လို့ ပြောပါတယ်။
မူဆယ်မြို့ရှိ တရုတ်နယ်စပ်ဂိတ်ကနေ လူဝင် လူထွက်ကို ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၀ ဧပြီလဆန်းက စတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ပြီး အခု ၂၀၂၃နှစ် ဇန်နဝါရီ၂၅ ရက်နေ့ကစ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီနဲ့ မူဆယ်ခရိုင် အိမ်ထောင်စု ရှိသူတွေကို ဝင်ထွက်ခွင့် ပြုခဲ့တာဖြစ်ပါတယ်။
တရုတ်နယ်စပ်ဘက် ၆ ည အိပ် ၇ ရက် လည်ပတ်ခွင့် တခါသုံးကဒ် (TBP) ကိုလည်း အခု စက်တင်ဘာ ၄ ရက် နေ့လယ်ပိုင်းကစပြီး မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်သူ မည်သူမဆိုကို ထုတ်ပေးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။
Photo Crd – CJ
#voiceofmyanmar #VOM #နယ်စပ် #ယာယီဖြတ်ခွင့်ကဒ်