စက်တင်ဘာ ၊ ၁၁ ၊ ၂၀၂၃
SP ( VOM)
ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ ဟောင်ပါးကျေးရွာ မြောက်ဘက် ၊ ဘုန်းကြီးကျောင်းနားမှာ ဒီမနက် အစောပိုင်းက
အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး လူ(၅)ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ဒီမနက် အစောပိုင်းက မြောက်ကျောင်း ၊ ဘုန်းကြီးကျောင်းဘက်မှာ အပြန်အလှန် ပစ်ခတ်သံတွေကြားရတယ် ၊ အဲ့ဒီလို ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် လူငယ် ၅ ယောက် သေတယ် “လို့ ဟောင်ပါးရွာခံတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မိုးညှင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” ဟောင်ပါးဘက်မှာ ဒီမနက်က နယ်မြေရှင်းလင်းရေးတွေလုပ်တယ် ၊ ရန်သူ့ဘက်က အလောင်း ၅ လောင်း ၊ သေနတ် ၅ လက် ၊ ပစ္စတို ၁ လက် ၊ M-22 ကျည်အိမ် ၄ ခု ၊ M -22 ကျည် ၁၀၀တောင့် ၊ လက်လုပ်မိုင်း ၇ လုံးတရုတ်လက်ပစ်ဗုံး ၄လုံး ၊ GPS ၁ လုံး ၊ ဒီတိုနေတာ ၇ ခု ၊ ဖြူး(စ်) ၇ ခုအိုင်ကွန် ၃ လုံး ၊ ရီမု ၁ ခု ၊ မှန်ပြောင်း ၁ လက် ၊ စနိုက်ပါမှန်ပြောင်း ၁ ခု နဲ့ ယူနီဖောင်း ဆက်စပ် ပစ္စည်းတွေ သိမ်းဆီးရမိတယ် “လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၈ ရက်က ဖားကန့်ကနေ မြစ်ကြီးနားမြို့ကိုသွားတဲ့ ရဲကားတစ်စီး မိုင်းဆွဲခံရပြီး ရဲတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်နယ်မြေဟာ ဒေသခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရှိပြီး မကြာခဏ ဆိုသလို အပြန်အလှန် ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်တွေ ၊ ပြည်သူ့စစ်တွေ အပါအဝင် ၂ ဘက် ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#voiceofmyanmar #VOM #ဖားကန့်