စက်တင်ဘာ ၁၁ – ၂၀၂၃
SN (VOM)
အခွန်ကောက်ခံခြင်းကြောင့် စင်တင်တေးဂီတပါတဲ့ စားသောက်ဆိုင်နဲ့ ဘားဆိုင်တချို့ သူတို့ရဲ့ ဖျော်ဖြေရေးအစီအစဥ်တွေကို ပယ်ဖျက်လာတယ်လို့ စားသောက်ဆိုင် ဖွင့်လှစ်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။
ရန်ကုန်မှာ ဖွင့်လှစ်လုပ်ကိုင်နေကြတဲ့ စင်တင်တေးဂီတဖျော်ဖြေရေး တွဲဖက်လုပ်ကိုင်နေတဲ့ စားသောက်ဆိုင်တွေ၊ ဘားဆိုင်တွေအနေနဲ့ ဖျော်ဖြေရေးလိုင်စင်လျှောက်ထားပြီး တလကို ကျပ် ၃ သိန်းနှုန်းနဲ့ တနှစ်စာ ၃၆ သိန်းကို အခု ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ နောက်ဆုံးထား ပေးဆောင်ကြဖို့ သက်ဆိုင်ရာက စားသောက်ဆိုင်လုပ်ငန်းရှင်တွေနဲ့ ဘားဆိုင်လုပ်ငန်းရှင်တွေကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။
အရက်နဲ့ ဘီယာကိုသာ သီးသန့်ရောင်းချခွင့်ပြုထားတဲ့ စားသောက်ဆိုင်လိုင်စင်အပြင် နောက်ထပ် ဖျော်ဖြေရေးလိုင်စင်ကိုပါ ထပ်လျှောက်ပြီး အခွန်ဆောင်ရရင် အခက်အခဲရှိနိုင်တဲ့အတွက် တချို့သော စားသောက်ဆိုင်တွေနဲ့ ဘားဆိုင်တွေက သူတို့ရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ ရပ်ဆိုင်းလာတာလို့ သိရပါတယ်။
“အခုကာလက အားလုံးက ခက်ခဲနေကြတာလေ။ ဆိုင်ဖွင့်ထားလည်း အရင်လို ရောင်းရတော့တာမဟုတ်ဘူး။ လုပ်ငန်းအဆင်ပြေအောင်သာ ဖျော်ဖြေရေးအစီအစဉ်လေး ထည့်ထားရတာ။ ဒါတောင် အရင်လို နေ့တိုင်းမထည့်နိုင်တော့ဘူး။ Band တွေ ထည့်ရတာကလည်း တညကို အနည်းဆုံး ၂ သိန်းလောက် Bandအဖွဲ့ကို ပေးရတာဆိုတော့ ရုံးပိတ်ရက်လိုနေ့မျိုးတွေ စနေ၊ တနင်္ဂနွေလောက်ပဲ ထည့်နိုင်တော့တယ်။ အလုပ်အကိုင် မကောင်းရတဲ့ကြားထဲ အခွန်ဆောင်၊ လိုင်စင်လျှောက်ရမယ်ဆိုတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူးလေ။ ဒီအစီအစဉ်ကို ဖြုတ်ရုံပဲ ရှိတော့တာပေါ့”လို့ စားသောက်ဆိုင် ဖွင့်လှစ်ထားသူတဦးက ပြောပါတယ်။
စားသောက်ဆိုင်တွေ၊ ဘားတွေမှာ ဖျော်ဖြေရေးအစီအစဥ်တွေ မရှိတော့ရင် တီးဝိုင်းနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပျောက်ဆုံးလာနိုင်တယ်လို့ Unplugged တီးဝိုင်းတခုရဲ့အဖွဲ့ဝင်တယောက်က ပြောပါတယ်။
“အခုလို အလုပ်တခုရဖို့၊ ရတဲ့အလုပ်လေးမြဲဖို့ အရမ်းကိုမှ ခက်ခဲနေတဲ့အချိန်ကာလကြီးမှာ အခုလိုအခွန်ကောက်တော့ မပေးနိုင်တဲ့ဆိုင်တွေက Unplugged မထည့်နိုင်တော့ဘူး။ အဲ့ဒီတော့ ကျွန်တော်တို့လို တီးဝိုင်းသမားတွေ၊ အဆိုရှင်တွေက အလိုလို အလုပ်လက်မဲ့ ဖြစ်ကုန်တာပေါ့။ တဖြည်းဖြည်း ဘောင်ကျဉ်းလာတယ်။ ရပ်တည်ဖို့ အင်မတန်ကိုမှ ခက်ခဲလာတယ်”လို့ Unplugged တီးဝိုင်းတခုရဲ့ အဖွဲ့ဝင်တဦးက ပြောပါတယ်။
စင်တင်တေးဂီတ ဖျော်ဖြေရေးလုပ်ငန်းလိုင်စင် လျှောက်လွှာမှာ ကတိခံဝန်ချက် အချက် ၂၀၊ စည်းကမ်းချက် ၃၉ ချက် ပါဝင်ပြီး မြန်မာ့ယဥ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ အပြုအမူတွေကိုလည်း ခွင့်မပြုထားဘူးလို့ သိရပါတယ်။
သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီမှုမရှိတာ၊ လိုက်နာမှုမရှိတာတွေ တွေ့ရှိရင် လုပ်ငန်းလိုင်စင် သိမ်းဆည်းတဲ့အထိ အရေးယူသွားမယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကလည်း ရန်ကုန်နဲ့ နေပြည်တော်က ဘားနဲ့ စားသောက်ဆိုင်တွေမှာ ကိုယ်ပိုင်တီးဝိုင်းငယ်တွေနဲ့ သီဆိုဖျော်ဖြေကြတဲ့ Unplugged တွေကို ရပ်ဆိုင်းဖို့ နစကရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေက စာပေးပို့ ညွှန်ကြားခဲ့ပါသေးတယ်။
ယာယီပိတ်ခိုင်းထားရာကနေ ပြန်လည်ခွင့်ပြုတာကြောင့် ဇူလိုင် ၇ ရက်ကစပြီး ရန်ကုန်မြို့ရှိ စားသောက်ဆိုင်နဲ့ ဘားတွေမှာ စင်တင်တေးဂီတ ဖျော်ဖြေရေးအစီအစဥ်တွေ ပြန်လည် လည်ပတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo Crd – Original Uploader
#voiceofmyanmar #VOM #ရန်ကုန် #စင်တင်တေးဂီတ #အခွန်