တမူးခရိုင်မှာ နေရပ်စွန့်ခွာသူတွေ များလာ

စက်တင်ဘာ ၊ ၁၂ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့နယ်ထဲမှာ ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလာတာကြောင့် ဒေသခံအများစုဟာ နေရပ်စွန့်ခွာသွားကြတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ကလေး – တမူး ကားပေါ်မှာရှိတဲ့ ရွာတွေနားကို တိုက်ပွဲတွေဖြစ်တယ် ၊ အခုလထဲမှာပဲ ခမ်းပတ် ၊ ခို့မွန်းနွံ ၊ နန့်မွန်းတား ၊ ဖိုင်လင်း ၊ ပန်းသာ စတဲ့ရွာတွေနားမှာဖြစ်တာ ၊ ထိခိုက်ကျဆုံးမှုတွေရှိတယ် ၊ ခမ်းပတ်ကနေ တမူးအထိ လမ်းတွေပိတ်ထားတယ် ၊ အဲ့ဒါကြောင့် ဒေသခံအများစုကတော့ အိန္ဒိယဘက်ကို ပြောင်းရွေ့သွားကြတယ် ၊ ရွာတိုင်းလိုလို မိသားစု အနည်းငယ်ပဲ ကျန်တော့တယ်”လို့ ဘုက္ကန်ကျေးရွာနေ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီလို နေရပ်စွန့်ခွာသွားတဲ့ ရွာတွေကတော့ ကျွန်းတောရေရှင် ၊ ခမ်းပတ် ၊ ကနန် ၊ ကမ္မကြီး ၊ ထင်းစင် ၊ ဘုတ္ကန် ၊ ဝိဒုတ် ၊ ခို့မွန်းနွံ ၊ နန့်မွန်းတား ၊ ဖိုင်လင်း ၊ ပန်းသာ ၊ မန်မော် ၊ ထန်းတပင် ၊ နတ်မြင်းဟန် စတဲ့ရွာတွေအပြင် တမူးမြို့ပေါ်က ရပ်ကွက်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး တမူးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီလ ၆ ရက်နေ့က ရန်လင်းဖိုင်ရွာနားမှာ ထိတွေ့မှုဖြစ်တယ် ၊ ရန်သူ့အလောင်း ၁ လောင်းနဲ့ သေနတ် ၁လက်ရတယ်၊ အဲ့ဒီနောက် ခိုမွန်းနွံရွာနားမှာ ၇ ရက်နေ့မှာ ဆက်ဖြစ်တယ် ၊ ၂ လောင်းနဲ့ ၂ လက်ရတယ် ၊ ၈ ရက်နေ့မှာ နန့်မွန်းတားရွာနားမှာ ဆက်ဖြစ်တယ် ၊ ၁ လောင်းနဲ့ ၁ လက်ရတယ် ၊ မနေ့ ( စက်တင်ဘာ ၁၁ ရက်) က ညနေပိုင်းမှာ အဲ့ဒီ နန့်မွန်းတားရွာနားမှာ ဆက်ဖြစ်တယ် ၂ လောင်းနဲ့ ၁ လက်ရတယ် ၊ ကလေး တမူးလမ်းမှာ ထိတွေ့မှုတွေ ခပ်စိပ်စိပ်ဖြစ်လာတာတော့ရှိတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ၀န်းကျင်က ကလေး-တမူးကားလမ်းပေါ်မှာရှိတဲ့ ဘုတ်ကန် နယ်မြေရဲစခန်း ကျဆုံးတာဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒါကြောင့် ကလေး-တမူးကားလမ်းဘေးက ရွာတွေမှာ လူတွေမနေရဲတော့ဘဲ ဘေးလွတ်ရာကို သွားရောက်နေထိုင်သူ ၂ ထောင် ၀န်းကျင်ရှိမယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #တမူး #ထိတွေ့တိုက်ပွဲ #နေရပ်စွန့်ခွာမှု

Related posts

Leave a Comment

VOM News

FREE
VIEW