သပိတ်ပိုက်ပြီး ဆွမ်းခံ၊ဆွမ်းစားတဲ့ မယ်သီလရှင်ကို ညတွင်းချင်း ပဲခူးတိုင်းကနေ နှင်ထုတ်ခဲ့

စက်တင်ဘာ ၁၂ – ၂၀၂၃
GG(VOM)

ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့နယ်၊ မှုတ်ရှည်ရပ်ကွက်က ၊ဓမ္မထေရီ ပန်ထွာတောရကျောင်းမှာ သီတင်းသုံးနေတဲ့ ဒေါ်ပညာနန္ဒီ ဆိုတဲ့ သီလရှင်ဟာ ဝိနည်းနဲ့မညီတဲ့ သပိတ်ပိုက်ပြီး ဆွမ်းခံထွက်ခြင်း၊ သပိတ်နဲ့ ဆွမ်းစားတဲ့အပြုအမူတွေကို ပြုလုပ်ခဲ့လို့ လူဝတ်လဲကာ နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။

မနေ့ စက်တင်ဘာ ၁၁ ရက် ညပိုင်းမှာပဲ မြို့နယ်သံဃာနာယကအဖွဲ့ဆရာတော်များ၊ မြို့နယ်လုံးဆိုင်ရာသီလရှင်အမှုဆောင်အဖွဲ့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဒေါ် ပညာနန္ဒီ (ခ) ဒေါ်မာမာလွင်ကို လူဝတ်လဲကာ ပဲခူးတိုင်းအနောက်ပိုင်းကနေ ထွက်သွားဖို့ နယ်နှင်ဒဏ်ပေးလိုက်တာဖြစ်ပါတယ်။

” မ​နေ့က ည ၈ နာရီလောက်မှာ သံဃာနာယက ဆရာတော်ကြီးတွေက ခေါ်ပြီး အစည်းဝေးတယ်။ညတွင်းချင်းလူဝတ်လဲပြီး နယ်နင်ဒဏ်ပေးလိုက်တယ်၊ဒီကနေ အပြီးထွက်သွားဖို့ပေါ့၊သူကိုထပ်တွေ့ရင် အရေးယူမယ်ပေါ့။ သူအကြောင်းသိတာလည်း မနေ့ကမှ ဖုန်းတွေဆက်မေးကြပြောကြတော့မှ လိုင်းပေါ်ရှာကြည့်တွေ့ရတယ်။အဲ့ဒါနဲ့ညကျ ဆရာတော်ကြီးတွေက ညတွင်းချင်းဖြေရှင်းဖို့ခေါ်ပြီး လုပ်လိုက်တာပါ “လို့ မြို့နယ်လုံးဆိုင်ရာသီလရှင်အမှုဆောင်အဖွဲ့ဝင်ဆရာလေးတစ်ပါးကမိန့်ပါတယ်။

ဒေါ် ပညာနန္ဒီ (ခ) ဒေါ်မာမာလွင်ဟာ သပိတ်နဲ့ဆွမ်းခံတာ၊ သပိတ်နဲ့ဆွမ်းစားတဲ့ ဓာတ်ပုံတွေကို ထေရီပန်ထွာ facebook အကောင့်ကနေ တင်ခဲ့တာကြောင့် ပြည်သူတွေ အကြားဝေဖန်မှုတွေရှိခဲ့ရာကနေ တာဝန်ရှိသူတွေကသိရှိပြီး အရေးယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အခုကိစ္စနဲ့ပတ်လို့ ပြည်မြို့နယ်ကျောင်းအုပ်ဆရာကြီးတစ်ပါးက “သီလရှင်ဆိုတာ သာသနာနွယ်ဝင်ဖြစ်ရုံပါပဲ၊ သီလရှင်ကျင့်ဝတ်နဲ့ဆင်ခြင်တုံတရားရှိရုံပဲ၊ ဘိက္ခူနီသာသနာမရှိပါဘူး။အခုလို သပိတ်နဲ့ ဆွမ်းခံတာ ဘယ်လိုမှ မအပ်စပ်ပါဘူး။သပိတ်ဆိုတာ ပရိက္ခရာရှစ်ပါးထဲမှာပါလို့ လုံးဝကိုမလုပ်သင့်တဲ့အရာပါ ” လို့ သုံးသပ်မိန့်ပါတယ်။

ဒေါ်ပညာနန္ဒီ (ခ) ဒေါ်မာမာလွင်ကတော့ အခုလို သပိတ်နဲ့ဆွမ်းခံတာ၊ဆွမ်းစားတဲ့ကိစ္စရပ်ဟာ မပြုလုပ်သင့်တဲ့ကိစ္စဖြစ်ကြောင်းကို နားမလည်လို့ လုပ်ခဲ့တာ ဖြစ်ကြောင်း ၊နောက်နောင် ထပ်မံကျူးလွန်ခြင်းမပြုတော့တဲ့အပြင် ထေရီပန်ထွာ ဖေ့ဘုတ်စ်အကောင့်ကိုလည်း အသုံးမပြုတော့ဘဲ လူဝတ်လဲပြီး ပဲခူးတိုင်းအနောက်ပိုင်းကနေအပြီးထွက်သွားမယ်ဆိုပြီး ခံဝန်ကတိရေးထိုးခဲ့တယ်လို့သိရပါတယ်။

ဒေါ်ပညာနန္ဒီ (ခ) ဒေါ်မာမာလွင်ဟာ အသက် ၅၄ နှစ်အရွယ်ရှိပြီး သီလရှင်သက်တမ်း ၁ နှစ်သာရှိသေးကြောင်း၊ သီလရှင်မဝတ်ခင်က ရန်ကုန်၊ လှိုင်သာယာမှာနေထိုင်ခဲ့ပြီး သားသမီး ၄ ယောက်ရှိတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ပြည် #မယ်သီရှင် #သပိတ်နဲ့ဆွမ်းခံ #နယ်နှင်ဒဏ်ပေး

Related posts

Leave a Comment

VOM News

FREE
VIEW