စက်တင်ဘာ ၁၄ -၂၀၂၃
SP (VOM)
မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ ဂျုပ္ပင်ကျေးရွာရဲ့အရှေ့ဘက် မြင်းခြံ – ညောင်းဦးသွားကားလမ်း ရေကျော်တံတားရဲ့အနောက်ဘက်နေရာမှာ မနေ့ စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက အမည်မသိ (စုံစမ်းဆဲ) လူ ၃ ယောက်ကို သတ်ဖြတ်စွန့်ပစ်ထားတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
” သေဆုံးသူတွေကတော့ အမျိုးသား ၃ လောင်းဖြစ်တယ် ၊ အသက်အရွယ်အားဖြင့် ၄၀ တယောက် ၊ ၂၀ အရွယ် ၂ ယောက်ဖြစ်တယ် ၊ အဲ့ဒီ ၃ ယောက်ဟာ ဘယ်ရွာကလည်းဆိုတာ အခုထိ မသိရသေးဘူး ၊ သွားရင်းလာရင်း သေနတ်နဲ့ ဦးခေါင်းပိုင်းတွေမှာ ပစ်သတ်ခံထားရတာဖြစ်တယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး မြင်းခြံခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ရေကျော်တံတားနားမှာ စွန့်ပစ်ထားတာပါ ၊ အဲ့ဒီနေရာမှာပဲ အသတ်ခံရတာ ဖြစ်နိုင်တယ် ၊ လူငယ်ပိုင်းနဲ့ လူလတ်ပိုင်း အရွယ်တွေဖြစ်တယ် ၊ မှုခင်းဆေးပညာ ထင်မြင်ချက်ရယူပြီး အမှုဖွင့် စစ်ဆေးသွားမယ် “လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ကလည်း ဂျုပ္ပင်ကျေးရွာရဲ့ အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင် ဆိုသူ ပစ်သတ်ခံရတာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ဂျုပ္ပင်ရွာမှာ အုပ်ချုပ်ရေးမှူးလည်း ပစ်သတ်ခံရတယ် ၊ နောက်ပြီး ပြီးခဲ့တဲ့ ဇွန် ၂၅ ရက် မနက်ပိုင်းကလည်း ရွာရဲ့မြောက်ဘက်မှာ အမည်မသိ အမျိုးသား ရုပ်အလောင်း ၃ လောင်း စွန့်ပစ်ထားတာ ဖြစ်ခဲ့တယ် “လို့ ဂျုပ္ပင်ရွာခံတယောက်က ပြောပါတယ်။
အဲ့ဒီအပြင် မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ ကြောင်နံကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ် ၁၁ ရက် ည ၉ နာရီဝန်းကျင်က လေးလောင်ပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီး သွားရောက်စစ်ဆေးတဲ့ ရဲတွေ မိုင်းစထိမှန်လို့ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#voiceofmyanmar #VOM #မြင်းခြံ