မူဆယ် ၁၀၅မိုင်ရဲ့ တပတ်တာ ကုန်သွယ်မှုအ‌ခြေအနေ

စက်တင်ဘာ ၁၅-၂၀၂၃
Shy V(VOM)

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကနေ စက်တင်ဘာ ၄ ရက် ကနေ ၁၀ ရက်အထိ တပတ်အတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၁.၂၃၀ သန်း ဖြစ်တယ်လို့ ကုန်သွယ်ရေးဇုန်ရဲ့သတင်းထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

ဒီတပတ်အတွင်း ကြက်သွန်နီ၊ ငါးရှဉ့်၊ ကဏန်း၊ ရော်ဘာ၊ ဆန်ကွဲ၊ ကြေးနီ၊ မြေပဲ၊ ပြောင်းဖူးစေ့၊ ရှားကောသီး၊ သကာရည်တွေ အဓိက တင်ပို့ပြီး အဲဒီအထဲက အများဆုံးပို့ကုန်မှာ ကြက်သွန်နီ ဖြစ်ပါတယ်။

အဓိက သွင်းကုန်တွေကတော့ ယာဉ်နဲ့ ယာဉ်ယန္တရားတွေ၊ ဘတ္ထရီ၊ ဓာတ်ဆီ၊ စတီးပိုက်၊ သံချောင်း၊ ဒီဇယ်ဆီ၊ ပဲမှုန့်၊ ကော်စေ့၊ သွပ်လိပ်၊ အဝတ်အထည်တွေဖြစ်ပြီး အများဆုံးသွင်းကုန်မှာ ယာဉ်နဲ့ ယာဉ်ယန္တရားတွေ ဖြစ်ပါတယ်။

အရင်တပတ် ဩဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၃ ရက်နေ့အထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၉.၄၃၄ သန်း ရှိခဲ့ပြီး ယခု အပတ်မှာ ၂၁.၂၃၀ သန်းသာ ရှိတာကြောင့် အရင် တပတ်နဲ့ နှိုင်းယှဉ်ရင် ၈.၂၀၄ သန်း လျော့ကျခဲ့ပါတယ်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း အနေနဲ့ စက်တင်ဘာ ၂ ရက် ကနေ ၁၂ ရက်နေ့အထိ ၁၀ ရက်အတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၉.၅၆၇ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၆.၀၁၆ သန်းရှိပြီး ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၃၅.၃၈၃ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း ကုန်သွယ်စခန်းက သတင်းအချက်အလက်တွေအရ သိရပါတယ်။

အများဆုံး ပို့ကုန်‌ ကတော့ ရာဘာ၊ ပဲတီစိမ်း၊ ပဲယင်း၊ ပဲလွန်းဖြူ၊ မြေထောက်ပဲ၊ ပြောင်း၊ ဆန်ကွဲ၊ စွန်တာနီပဲ၊ မြေပဲဆံ နဲ့ ပဲနီကြားတွေ ဖြစ်ပါတယ်။

အများဆုံးသွင်းကုန်မှာ သံနဲ့ သံမဏိဆောက်လုပ်ရေး ပစ္စည်းများ၊ ချည်ထည်များ၊ ဓာတ်မြေဩဇာ၊ ဓာတုဗေဒပစ္စည်းများ၊ အင်ဂျင်များ၊ တယ်လီဖုန်းနဲ့ ဆက်သွယ်ရေးကိရိယာများ၊ ဇာနဲ့ ဇာထိုးထားတဲ့အထည်အလိပ်များ၊ စက်နဲ့ စက်ပစ္စည်းများ၊ သံနဲ့ လုပ်ငန်းသုံး သံမဏိပစ္စည်း နဲ့ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ ဖြစ်ပါတယ်။

အခုတပတ်အတွင်း မန္တလေးကနေ ချင်းရွှေဟော်ကို အတက်ကုန်ကားခ ၁ ပိဿာ ၈၀ ကျပ်၊ အဆင်းကုန် ကုန်ကျစ်ကားခ ၁ ပိဿာ ၁၇၀ ကျပ်၊ ကုန်ပွကားခ ၁ ပိဿာ ၁၈၅ ကျပ် ရှိပါတယ်။

လယ်ယာထွက်ကုန်ပစ္စည်းတွေရဲ့ ၁ တန်ဈေးနှုန်းမှာ ဆန် ၄၅၇ ဒေါ်လာ၊ ဆန်ကွဲ ၄၄၂ ဒေါ်လာ၊ ပဲတီစိမ်း ၈၄၂ ဒေါ်လာ၊ မြေထောက်ပဲ ၁၁၄၂ ဒေါ်လာ၊ ပဲလွန်းဖြူ ၆၇၁ ဒေါ်လာ၊ ပြောင်း ၃၂၈ ဒေါ်လာ၊ နှမ်း ၁၇၁၄ ဒေါ်လာ၊ ရော်ဘာ ၁၁၄၂ ဒေါ်လာ၊ ငရုတ်အစို ၇၁၄ ဒေါ်လာ၊ ငရုတ်ခြောက် ၁၂၈၅ ဒေါ်လာ နှုန်းရှိခဲ့ကြောင်း သိရပါတယ်။

အရင်တပတ် ဩဂုတ်လ ၂၆ ရက်နေ့ ကနေ စက်တင်ဘာ ၅ ရက်နေ့ အထိ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းအနေနဲ့ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၃၉.၉၇၈ သန်း ရှိခဲ့ပြီး အခုတပတ် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၅.၃၈၃ သန်းသာရှိခဲ့တာကြောင့် အရင်တပတ်နဲ့ နှိုင်းယှဉ်ရင် အခုတပတ် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄.၅၉၅ သန်း လျော့ကျသွားတာကို တွေ့ရပါတယ်။

မြဝတီကုန်သွယ်ရေးစခန်းအနေနဲ့ စက်တင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ တပတ်အတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၅.၆၁၇ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၂၄.၂၁၂ သန်းရှိပြီး ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၉.၈၂၉ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း ကုန်သွယ်ရေးစခန်းရဲ့သတင်းအချက်အလက်တွေအရ သိရပါတယ်။

အများဆုံး ပို့ကုန်တွေကတော့ ကြက်သွန်နီ၊ ချုပ်ပြီးအထည်၊ ငရုတ်သီးခြောက်၊ ငရုတ်သီးစိမ်း/အစို၊ ကွမ်းသီး တို့ ဖြစ်ပါတယ်။

အများဆုံး သွင်းကုန်ပစ္စည်းတွေကတော့ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ သတ္တုမှအပ တွင်းထွက် ဆောက်လုပ်ရေးပစ္စည်းများ၊ လေအေးစက်များ၊ စက်နဲ့ စက်အပိုပစ္စည်းများ၊ ဆပ်ပြာတို့ဖြစ်ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပို့ကုန် အမေရိကန် ဒေါ်လာ ၇.၈၄၃ သန်း၊ သွင်းကုန် ၃၄.၈၉၂ သန်းရှိခဲ့ပြီး ကုန်သွယ်မှု ပမာဏ ၄၂.၇၃၅ သန်း ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

တရုတ် – မြန်မာ နယ်စပ်၊ မူဆယ်မှာတော့ အခုတပတ်အတွင်း ငွေလဲလှယ်နှုန်းမှာ ယွမ်ပေး ကျပ်ယူ ယွမ် ၁၀၀ ကို ၄၀,၀၀၀ ကျပ်ကနေ ၄၆,၂၀၀ ကျပ်ကြား ရှိပါတယ်။

ထိုင်း – မြန်မာ နယ်စပ်မှာတော့ ယခုအပတ် အတွင်း ၁ ဘတ်ကို ၉၈.၀၃ ကျပ် ဝန်းကျင်ရှိကြောင်း သိရပါတယ်။

အခု တပတ်အတွင်း တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနေနဲ့ တရက်ကို ပျမ်းမျှကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃ သန်းကျော်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်အနေနဲ့ ၃.၅ သန်းကျော်၊ ထိုင်း – မြန်မာနယ်စပ် မြဝတီ ကုန်သွယ်‌ ရေးဇုန်အနေနဲ့ တရက်ကို ပျမ်းမျှ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၄ သန်းကျော် ကုန်သွယ်နိုင်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနရဲ့ သတင်းအချက်အလက်အရ သိရပါတယ်။

Photo Crd – commerce .gov .mm
#voiceofmyanmar #VOM #မူဆယ်၁၀၅မိုင် #တပတ်တာကုန်သွယ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW