ရာဇဝင်များမှာ ထင်ရှား မြန်မာ့ဂုဏ်ရည်

ဆူးငှက်
 
မန္တလေးက မြန်မာဘုရင်နောက်ဆုံး ထီးနန်းစိုက်ခဲ့ရာမြို့မို့ မြန်မာမှုအစဉ်အလာနှင့် မင်းခမ်းမင်းနား အစီအစဉ်များနှင့် ပျော်မွေ့ဂုဏ်ယူခဲ့ကြသည်။ လက်ထက်တော်ကြီး၊ လက်ထက်တော်လေးဟု မန္တလေးသားတွေခေါ်လေ့ရှိကြသည့် မင်းတုန်းမင်းခေတ်၊ သားတော်သီပေါမင်းခေတ်ကာလများဆီက အခါကြီးရက်ကြီးများ၌ တန်ခိုးကြီးဘုရားများသို့ ရှင်ဘုရင် သွားရောက်ဖူးမြော်လျှင် ရွှေဘုံနိဒါန်း ကျမ်းလာအစီအရင်၊ အစီအစဉ်အတိုင်း
မင်းခမ်းမင်းနားအဆောင်အယောင်များနှင့် “ထွက်တော်မူကြီး” အတိုင်းထွက်လေ့ရှိ၏။
ကောဇာသက္ကရာဇ် ၁၂၄၆ ခု ဝါဆိုလဆန်း ၁၃ ရက်နေ့ က သီပေါမင်းနှင့် နန်းမတော်စုဖုရားလတ်တို့ မဟာမုနိ ဘုရားကြီးသို့ ထွက်တော်မူသည့်အခင်းအကျင်းနှင့် ပတ်သက်၍
….
“ယင်းသည့် လဆန်းတဆဲ့သုံးရက်နေ့ နံနက်လေးချက်တီးကျော် နှစ်မာင်းသုံးပါးအချိန်၊ ရှေ့ခြောက်တပ်၊ နောက်ခြောက်တပ်၊ နမန္တာဘက် ဓာတ်ဘက်တပ်ကြီးခင်းကျင်းပြီးလျှင် အသျှင်နှစ်ပါးမှာ ရထားတော်ကြီးတွင် ရွှေစက်တာ်တင်တော်မူ၍ ညီမတော် ရမည်းသင်းစုဘုရားမှာ သရက်ကိုင်းခေါ်ပြသာဒ်ရထားတော်နှင့် မဟာမုနိဘုရား အရှေ့ မုတ်အနီး ကွန်းထောက် စံနန်းတောရောက် ထွက်တော်မူသည်။
၎င်းနေ့ စံနန်းတော်က ဘုရားကြီးသို့ ဝင်တော်မူရာ။ အသျှင် ဘဝရှင်မင်းတရားကြီးဘုရား။ အသျှင်နန်းမတော်မိဘုရာခေါင်ကြီးဘုရားနှစ်ပါးမှာ အဆင်တန်ဆာတော် ဆင်ယင်လျက်။ ညီမတော် ရမည်းသင်းစုဘုရားနှင့် နောက်တော်လိုက် မင်းသမီးတို့လည်း အဆင်တန်ဆာဆင်ယင်လျက်။ မင်းညီမင်းသား၊ မှူးမတ်တော်တို့မှာ ဗောင်းနားဍောင်း ဝတ်လုံ စလွယ်ဘွဲ့ဖြူဆင်ယင်လျက် မဟာမုနိဘုရားသို့ ဝင်တော်မူသည်” (မူရင်းသတ်ပုံအတိုင်း) ဟု ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီးတွင် ဖတ်မှတ်ရသည်။
 
ပါတော်မူပြီးနောက် မန္တလေးမြို့ရှိ ဆွေတော်မျိုးတော်များ၊ မြန်မာပညာရှိကြီးများ၊ ရပ်မိရပ်ဖများက ကိုယ့်ထီး ကိုယ့်နန်းကိုယ့်ကြငှာန်းနှင့် လွတ်လပ်စွာနေထိုင်ခဲ့ရသည့် တိုင်းကြီးပြည်ကြီးစိတ်ဓာတ်ကို မမေ့မလျော့ မပျောက်ပျက်စေသောငှာ ဘာသာရေးအခမ်းအနားတိုင်းတွင် ရှေးဘုရင်များလက်ထက် အစီအရင်၊ အစီအစဉ်၊ အခင်းအကျင်း၊ အဆောင်အယောင်များအတိုင်း မပျက်မကွက်ကျင်းပခဲ့ကြသည်။
 
ထို့ကြောင့် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ် ဝါတွင်းကာလရောက်သည်နှင့် ဦးဦးဖျားဖျား ဝါဝင်သည့် ဝါဆိုလပြည့်နေ့ရောက်လျှင် မဟာမုနိဘုရားကြီးသို့ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများ ကပ်လှူကြသည်။ ထိုသို့ ကပ်လှူရာတွင် ရပ်ကွက်အသီးသီးက အရုဏ်တော်ဝတ်အသင်းများဖွဲ့စည်း၍ ထွက်တော်မူအဆောင်အယောင်များအတိုင်း စည်တော်ကြီးအဖွဲ့က ဦးဆောင်ကာ ရွှေထီး၊ ငွေထီး၊ ထီးဖြူ၊ တံခွန်၊ ကုက္ကား၊ ရွှေယပ်၊ ငွေယပ်၊ ကျိုင်း၊ သိုင်း၊ ရှေ့ဝင်း၊ နောက်ဝင်းများ အပါအဝင် ပြပေါက်ကျော် လူတန်းကြီးဖြင့် တခမ်းတနားခင်း ကျင်းပခဲ့ကြသည့် အစဉ်အလာရှိသည်။
 
ဤသို့ဖြင့် ဝါတွင်း၊ ဝါပ ဥပုသ်နေ့တိုင်း မန္တလေးမြို့ပေါ်ရှိ ကျန်တန်ခိုးကြီးဘုရားများသို့လည်း အလှည့်ကျ အရုဏ်ဆွမ်းကပ်လှူခဲ့ကြပြီး သီတင်းကျွတ်လပြည့်နေ့တွင် မဟာမုနိဘုရားကြီးသို့ အရုဏ်ဆွမ်းဆက်ကပ်ပြီးမှ အရုဏ်တော် ဝတ်အသင်းအစီအစဉ်များ ပိတ်သိမ်းခဲ့ကြခြင်းဖြစ်သည်။
 
မန္တလေးတွင် မြောက်ပြင်မှ သူရဲတပ်အရုဏ်တော်၊ မီးပြအရုဏ်တော်၊ ဈေးချိုတော်အနီးမှ ရတနာပုံ ဗုဒ္ဓဘောဇနိယဥဿဟအသင်း၊ အနောက်ပြင်မှ ပေါက်ပေါက်တန်း အရုဏ်တော်၊ မိတ္တအရုဏ်တော်နှင့် ဆေးရုံကြီးအနီးမှ ရွှေလှံအရုဏ်တော်အသင်းကြီးများမှာ ထင်ရှားခဲ့သည်။အချို့သော အရုဏ်တော်အသင်းကြီးများမှာ နှစ်ပေါင်း ၁၀၀ကျာ်ပြီဖြစ်၏။
 
သူရဲတပ်အရုဏ်တော်က မူလအစ ရတနာပုံခေတ် မင်းတုန်းမင်းလက်ထက် ကတည်းက ရှိခဲ့သည်ဟုဆို၏။ ၁၂၈၂ ခုနှစ်တွင် ထပ်မံ ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။ သူရဲတပ်အရုဏ်တော် ဝတ်အသင်းကြီးလည်း အခက်အခဲကြားမှ နှစ်စဉ်ဝတ်မပျက် အရုဏ်တော်လှည့်နေပါသေးသည်။ ရတနာပုံဗုဒ္ဓဘောဇနိယဥဿဟ အသင်းကြီးမှာ ဈေးချိုတော်သား၊ ကုန်သည်ပွဲစားများချည်းဖြစ်ပြီး နှစ်စဉ် တော်သလင်းလဆန်း ၁၄ ရက်နေ့တွင် အဆောင်အယောင်၊ အခင်းအကျင်းများဖြင့် ကျောက်တော်ကြီးဘုရားသို့ အရုဏ်ဆွမ်း ကပ်လှူလေ့ရှိသည်။ ရတနာပုံဗုဒ္ဓဘောဇနိယ အရုဏ်တော်အသင်းကြီးကို ၁၂၈၅ခုနှစ် ကတည်းက ထူထောင်ခဲ့ သဖြင့် ယခုအခါ သက်တမ်း ၉၇နှစ်ရှိပါပြီ။
 
ထိုစဉ်က အရုဏ်တော် ဝတ်အသင်းကြီးများကို ရပ်ကွက်တွင်းရှိ ဂုဏ်သရေရှိရပ်မိရပ်ဖကြီးများ ကိုယ်တိုင် ဦးဆောင်၍ သူတို့သားသမီးများက လက်ဆင့်ကမ်းကာ မိမွေဖမွေကို မပျက်မယွင်း ဆက်ခံထိန်းသိမ်းခဲ့ကြသည်။ အရုဏ်တော်အသင်းကြီးများ၌ ရှေ့ဆုံးမှ ရွှေချည်ထိုးကတ္တီပါဆိုင်းဘုတ်ကြီးနှင့် သာသနာ့အလံများ၊ ရတနာပုံဒေါင်းတံဆိပ်အလံများ တလူလူလွှင့်ထူပြီး စည်တော်ကြီးအဖွဲ့က ထွက်တော်မူစည်တော်သွားကို တီးခတ်သည်။ ထီးဖြူတော်များအုပ်မိုး၍ ဘုရားကျောင်းဆောင်နှင့်အတူ ရုပ်ပွားတော်ကိုပင့်လှူပြီး ရှေးထုံးအစဉ် အလာအဆောင်အယောင်များဖြင့် မင်းမိဖုရားနှင့်အတူ ဝင်းကြီးခင်းသည်။ ထို့နောက် သင်္ကန်း၊ ပန်းစသည်ဖြင့် ဆက်ကပ်လှူဖွယ်များနှင့် ဆွမ်းကြီးခံအဖွဲ့များ လိုက်ပါပြီးနောက် ဝင်းကြီးခင်းသည်။ နောက်ဆုံးမှ ဗုံတောင်နှင့်အတူ တီးဝိုင်းအဖွဲ့လိုက်ပါ၏။ နှောင်းခတ်များတွင် တီးဝိုင်းအဖွဲ့က ဗုံတောင်သာမက ခေတ်ပေါ် တူရိယာပစ္စည်းများနှင့်ပါ မန္တလေးသီချင်းများကို မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်သည့်အစဉ်အလာ ဖြစ်လာသည်။
 
သူရဲတပ်အရုဏ်တော်နှင့်မိတ္တအရုဏ်တော်တီးဝိုင်းများသည် နာမည်ကြီးသည်။ တီးဝိုင်းအဖွဲ့၏ ဝိုင်းတော်သားများကလည်း ကုန်သည်ပွဲစား၊ စာရေးစာချီ၊ ကျောင်းသားများချည်း ဖြစ်ခဲ့၏။ ကိုယ့်မင်းကိုယ့်ချင်းအချိန်က ဘာသာသာသနာအပေါ် မြှောက်စားအားပေးခဲ့ပြီးနောက် တိုင်းတစ်ပါးသား လက်အောက်တွင် ဘာသာသာသနာအား မညှိုးမှိန်ရအောင် ကိုယ့်အမျိုးသားအချင်းချင်း အားပေးချီးမြှင့်ကြရာတွင် ရှေးယခင်က ရှေးမြန်မာမင်းများကဲ့သို့ တုပချီးမြှောက်ရာမှ အရုဏ်တော်အသင်းကြီးများတွင် ရှေ့ဝင်း၊ နောက်ဝင်းများ မင်းခမ်းမင်းနားများပါဝင်လာကြသည်။ သာသနာ့အောင်လံ တံခွန် ကုက္ကား မုလေးပွားများနှင့် ရွှေထီး၊ ထီးဖြူ၊ ရွှေမောင်းငွေမောင်း၊ ရွှေယပ်၊ ရွှေယပ်မား၊ရွှေကွမ်းတောင်၊ရွှေဆွမ်းအုပ်များဖြင့် လှည့်လည်ကြသည်။ ထီးဖြူယပ်မား မင်းခမ်းတော်များထုံးစံအတိုင်း ခင်းကျင်းသည်နှင့်ပတ်သက်၍ ကန္နီမြို့စစ်ကဲမင်းရာဇာက အခုလိုပြဆိုထား၏။
 
“ဘုန်းတော်ရောင်ခြည်၊ဖန့်ဝင်းလည်လျက်၊ အပြည်ပြည်မင်း၊ ခွန်သွင်းညွတ်ခ ရှိပြန်သသည်၊
အမရအောင်ခန်း၊ တည်ဦးနန်းကို၊ စံမြန်းဖက်မဲ့၊ သင်္ချာဖွဲ့မှု၊ သုံးဆယ့်အလွန်၊ လေးနှစ်မွန်တွင်၊
မိုးစွန်စွင့်စွင့်၊ ဘုံသစ်တင့်၍၊ လှစ်ဖွင့်ဥကင်၊ မင်းပွဲယင်သော်..” အစချီ၍ ဖွဲ့ဆိုခဲ့သည်။
 
ဤကဲ့သို အရုဏ်တော် ဝတ်အသင်းကြီးများက ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် ခမ်းခမ်းနားနား နေထိုင်ခဲ့ကြပုံကို မမေ့မလျော့ကြစေရန် မင်းခမ်းမင်းနား ရှေ့တပ် နောက်တပ်အခင်းအကျင်းနှင့် ဆွမ်းတော်ကြီးကပ် လှည့်လည်ခဲ့ကြသောအခါ လိုက်ပါလာသည့် အရုဏ်တော်တီးဝိုင်းအဖွဲ့ကလည်း မြန်မာလူမျိုးများသည် ရှေးယခင်ကတည်းက စွမ်းရည် ဉာဏ်ရည် ပြည့်စုံကြသော အာဂလူမျိုးဖြစ်ကြောင်း တေးရေးဆရာကြီး နန်းတော်ရှေ့ဆရာတင် ရေးစပ်သည့် မြန်မာ့ဂုဏ်ရည်သီချင်းကို စွဲမြဲနှစ်ချိုက်စွာ သီဆို တီးမှုတ်လေ့ရှိပါ၏။
 
မြန်မာ့ဂုဏ်ရည်
– လေဘာတီဆိုသော တဘောင်သီချင်းကိုတော့၊ မဟာပထဝီမြေတွင်း
ခရုသင်း မှုတ်လိုက်တော့သည်၊မြန်မာ့ဂုဏ်ရည် မျိုးမြန်မာ ဂုဏ်ရည်ပါရှင်၊မြတ်မုနိ ဘဂဝါသခင်
ဗုဒ္ဓမြတ်ရှင်သည်၊ အင်ဂျင်နီယာ ဝန်ချီစက်တို့ မပေါ်သေးမီ ဆွဲလို့ တင်ပုံတွေ အံ့လောက်ပါပေသည်၊
ရာဇဝင်များမှာ ထင်ရှား မြန်မာ့ဂုဏ်ရည်။
– မင်းကွန်းခေါင်းလောင်းကြီးကိုရောက်အောင် ဘယ်လိုတည်။
ခွေးတိုးစက်က ဘယ်မှာရနိုင်မည်၊ ကြိုးနဲ့ လက်နဲ့ ဆွဲကာကာ မြဲရရှာလေသည်။
ရသေ့ရှင်ခန္တီ မန္တလေးတောင်တော်မဟီ၊ အင်ဂျင်နီယာကို မခေါ်၊
ရသေ့ကိုယ်တိုင် ကြံစည်ပါသည်၊ ရာဇဝင်များမှာ ထင်ရှား မြန်မာ့ဂုဏ်ရည်။
– မြန်မာစစ်သားတို့ ယိုးဒယားက အမြောက်ကို နန်းတော်အနောက်သို့ ဘယ့်နှယ်လုပ်လို့
ရောက်ရရှာလေသည်၊ ဘုရားကြီးက ကြေးရုပ်ကြီးများကို ရခိုင်ပြည်ကြီးက အပြီးတိုင်
ဆောင်ကာယူ၊ ကျောက်တော်ကြီးဘုရားတော့ များ အံ့လောက်ပေသည်၊
စမ်းကျတဲ့ရေယဉ် ရွှေကျင်စခန်းက ရတနာပုံမြန်းကြွတဲ့ ပုဏ္ဏမီ။
ဆရာတင်နော် နန်းတော်ရှေ့ရေး၊ အပုံကျန်ပါသေးသည် ရွှေသွေး မြန်မာ့ဂုဏ်ရည်။
 
နံနက်ခင်း နေခြည်သစ်တွင် ကြေးစည်သံ တဝေဝေ၊ မောင်းသံတဟီဟီနှင့် အောင်လံလွှင့်ကာ မင်းခမ်းမင်းနားနှင့် လှည့်လည်လာသော အရုဏ်တော်အသင်းကြီးများနှင့် မြန်မာ့ဂုဏ်ရည်သီချင်းကား လိုက်ဖက်ပါဘိတောင်း။
 
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW