စက်တင်ဘာ ၁၈ ၊ ၂၀၂၃
SP ( VOM)
တနင်္သာရီတိုင်း ၊ မြိတ်ခရိုင် ၊ ပုလောမြို့နယ် ၊ မဒေါင်ကျေးရွာနားမှာ ဒီကနေ့မနက် အစောပိုင်းက ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး လူ ၁၄ ဦးသေဆုံးခဲ့တယ်လို့ ပုလောမြို့ခံတွေဆီက သိရပါတယ်။
” ဒီမနက် အစောပိုင်းကတည်းက မဒေါင်ကျေးရွာနားမှာ ပစ်ခတ်သံတွေကြားရတယ် ၊ စစ်ကြောင်းအဖွဲ့တွေနဲ့ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေ ပစ်ကြတာလို့ ပြောတယ် ၊ လူ ၁၄ ယောက်အသေဖမ်းမိတယ်”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။
အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး တနင်္သာရီတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ပုလောနယ်ထဲမှာ မီးရှို့ လူသတ် ဓားမြတိုက် စတဲ့ဖြစ်စဥ်တွေ ဖြစ်ပွားတာကြောင့် စစ်ကြောင်းအဖွဲ့က နယ်မြေရှင်းလင်းတာတွေရှိတယ် ၊ အဲ့ဒီလို ရှင်းလင်းတဲ့ခါ ဒီမနက်ပိုင်းက မဒေါင်ရွာနားမှာ လက်နက်ကိုင်အဖွဲ့တခုနဲ့ ထိတွေ့မှုဖြစ်တယ် ၊ အလောင်း ၁၄ လောင်း ၊ M-4 သေနတ်(၅)လက်၊ M-16 သေနတ် (၁ )လက်၊ AK သေနတ် (၁)လက်၊ ကျည်အိမ် ၇ ခု သိမ်းဆည်းရမိတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ပုလောမြို့နယ်မှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း ရပ် /ကျေး အုပ်ချုပ်ရေးမှုးတွေ အပါအဝင် လူ ၃၀ ထက်မနည်း အသတ်ခံရပြီး ကျေးရွာတချို့ မီးရှို့ခံရတာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#voiceofmyanmar #VOM #ပုလော