စက်တင်ဘာ ၁၈ – ၂၀၂၃
SN + MM (VOM)
အမျိုးသမီးအရေးလှုပ်ရှားသူ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကို ဒီနေ့ စက်တင်ဘာ ၁၈ ရက် နေ့လယ်က တရားရုံးထုတ်စစ်ဆေးချိန်မှာ ကျန်းမာရေးဆိုးဝါးလာတာကြောင့် စစ်တွေဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။
စစ်တွေမြို့နယ်တရားရုံးမှာ တတိယအကြိမ်မြောက်အဖြစ် ရုံးထုတ်စစ်ဆေးချိန် သွေးတိုးနေတဲ့အတွက် တရားရေးတာဝန်ရှိသူတွေက မြို့နယ်ဆေးရုံ အရေးပေါ် ပို့ဆောင်ခိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
“သူက ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဖျားနေတာလို့ သိရတယ်။ သွေးတိုးလည်းရှိတယ်။ သူသောက်နေကျဆေးက အဆက်ပြတ်သွားတာလည်း ပါတာပေါ့။ ပြီးတော့ အရင်က ဖြစ်ခဲ့တဲ့ ခူနာကလည်း ပြန်ဖြစ်နေတယ်။ အဲ့ဒါကိုမှ အချုပ်ထဲမှာ ခြင်တွေကိုက်ခံရတော့ ယားယံတာတွေက ပိုဆိုးနေတာပေါ့။ ဒီနေ့မှာ သွေးကအရမ်းတိုးနေတော့ စစ်တွေဆေးရုံကို အရေးပေါ် ပို့လိုက်ရတာ”လို့ စစ်တွေတရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဒေါ်ညိုအေးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်က စစ်တွေရှိ စစ်တွေကျောင်းသားသမဂ္ဂရုံးမှာ ပြုလုပ်ခဲ့တဲ့ ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ် ဝမ်းနည်းအောက်မေ့ဖွယ်နေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့အတွက် သြဂုတ်လ ၁၅ ရက်၊ နေ့လယ်ပိုင်းမှာ စစ်တွေရှိ ရခိုင်အမျိုးသမီး ကွန်ရက်ရုံးမှတဆင့် ရဲတပ်ဖွဲ့ ရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း ကျန်းမာရေးမကောင်းတာကြောင့် အကျဉ်းထောင်ဆရာဝန်တွေက ဆေးကုသပေးနေပေမယ့် ဒေါ်ညိုအေးဟာ သောက်နေကျဆေးတွေ မသောက်ရတဲ့အတွက် ကျန်းမာရေး ပိုမိုဆိုးရွားလာနေတယ်လို့ သိရပါတယ်။
ဖမ်းဆီးပြီးနောက် သူမကို ပုဒ်မ ၅ဝ၅ (ခ) နဲ့ အမှတ် (၁) ရဲစခန်းမှူးက တရားလိုပြုလုပ်ကာ အမှုဖွင့်ပြီး စစ်တွေထောင်အချုပ်ကိုပို့ဆောင်ကာ ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပြီး စွဲဆိုထားတဲ့ပုဒ်မဟာ ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်တယ်လို့ သိရပါတယ်။
သူမရဲ့အမှုကို စစ်တွေမြို့နယ်တွဲဖက် တရားရုံးမှာ ရုံးထုတ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့က ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပေမယ့်လည်း တရားသူကြီးက စစ်ဆေးမှုတစုံတရာမပြုလုပ်ဘဲ ဒီနေ့ စက်တင်ဘာ ၁၈ ရက်နေ့ကို ထပ်မံ ချိန်းဆိုလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်တွေမြို့နယ် တွဲဖက်တရားသူကြီးက သူမကို ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်ရာမှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ခေါင်းဆောင် ကိုသန်းနိုင်နဲ့ အပေါင်းအပါတွေကို ဖမ်းဆီးရမိပြီးမှသာ သူမရဲ့အမှုကို စစ်ဆေးစီရင်မယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒေါ်ညိုအေးဟာ ရခိုင်ပြည်အတွင်း စစ်ဘေးရှောင် အမျိုးသမီးတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ အမျိုးသမီးတို့ရဲ့ အခွင့်အရေးတွေကို တက်ကြွကူညီပေးနေတဲ့ ရခိုင်အမျိုးသမီးခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။
#voiceofmyanmar #VOM #ရခိုင်