စပါးကို ရည်ညွှန်းဈေးထက်နှိမ့်ပြီး ဝယ်နေလို့ တောင်သူတွေ အခက်ကြုံ

အောက်တိုဘာ ၃ – ၂၀၂၃
GG (VOM)
စပါးကို ၁၃ သိန်းကနေ ၁၅ သိန်းအထိ ဝယ်ယူဖို့ ရည်ညွှန်းဈေး သတ်မှတ်ထားပေမယ့် ပွဲစား ကုန်သည်နဲ့ ဆန်စက်တွေက အနိမ့်ဈေး ၁၂ ခွဲကနေ ၁၃ သိန်းသာ ဈေးပေးဝယ်ယူနေ လို့ တောင်သူတွေ အခက်ကြုံနေရကြောင်း သိရပါတယ်။
စပါး ပေါင် ၅၀ နဲ့ တင်း ၁၀၀ ကို ၁၂ သိန်းခွဲကနေ ၁၃ သိန်းအထိသာ ဈေးပေးဝယ်ယူနေပြီး စပါး ပေါင်ချိန်ပိုယူပြီး ၅၅ ပေါင်နဲ့ တင်း ၁၀၀ ကိုတော့ ၁၄ သိန်း ကျော်ဝယ်ယူနေကြတာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိ ဧရာဝတီတိုင်း ၊ပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းမှာ သက်ငယ်စပါးတွေဖြစ်တဲ့ GW 11 ၊ ဆင်းသုခ စတဲ့စပါးမျိုးအချို့ စတင်ရိတ်သိမ်းနေကြပြီး ဈေးနှိမ်ဝယ်ခံရတာနဲ့ ဝယ်ယူရှားတဲ့ပြဿနာကြောင့် တောင်သူတွေအဆင်မပြေဖြစ်နေရတာဖြစ်တယ်လို့သိရပါတယ်။
” အခု gw တွေရိတ်နေကြတယ်၊ သူတို့ရည်ညွှန်းဈေးမထုတ်ခင်က ဈေးကောင်းတယ်။အခုကျတော့ ၁၂ သိန်း၊၁၂ သိန်းခွဲ ၁၃ သိန်းအများဆုံးပဲပေးကြတယ်၊ဒါတောင်မဝယ်သေးဘူး ရပ်ထားတယ်ဆိုသူကရှိသေးတယ်။ငွေးချေးငှားလုပ်ရသူ၊လယ်အငှားလုပ်ရသူ၊မြေဩဇာအကြွေးနဲ့ယူလုပ်ရသူ၊စပါးထားဖို့နေရာမရှိသူ၊ရာသီဥတုကလည်းမိုးတစိုစိုဆိုတော့ နေလှန်းလို့ကမရ ဖြစ်နေတော့ ရတဲ့ဈေးနဲ့ရောင်းနေရတဲ့အခြေအနေပါ၊စပါး တွေလည်းရေနစ်တာတွေရှိလို့ ခုနှစ်လယ်သမားတွေ မြတ်မယ်ထင်ကြတာ ၊နွေစပါးဈေးကောင်းလို့ မိုးစပါးကိုဂရုစိုက်လုပ်ထားရတာ ခုတော့ဒုက္ခပေါင်းစုံနဲ့ကြုံနေရတယ် ” လို့ ပဲခူးအနောက်ပိုင်းက၊ စပါးစိုက်တောင်သူ တဦးက ပြောပါတယ် ။
ခုနှစ်မှာ စပါးစိုက်ပျိုးရေးကုန်ကျစရိတ် တစ်ဧကို ၆ သိန်းခွဲကနေ ၇ သိန်းထိကုန်ကျမှုရှိပြီး လယ်တဧကကို စပါး ၇၀ ထွက်ပြီး ၁၅ သိန်းဈေးနဲ့ရောင်းရမှသာ ၃၀၀၀၀၀ ဝန်းကျင်အမြတ်ရရှိမှာဖြစ်ပါတယ်။အကယ်ဤ စပါး ၅၀ သာထွက်ရှိခဲ့ရင် လုပ်အားခနဲ့ ရင်းနှီးမြုပ်နှံထားရတဲ့ အချိန် ဆုံးရှုံးနစ်နာရမှာဖြစ်တယ်လို့သိရပါတယ်။
မိုးစပါးရည်ညွှန်းဈေးမထုတ်ပြန်ခင်က စပါးဈေးက ပေါင် ၅၀ နဲ့တင်း ၁၀၀ ကို ၁၅ သိန်း ကနေ ၁၆ သိန်း အထိ ဈေးဖွင့်ဝယ်ယူခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
စပါးဈေးချဝယ်ယူမှုနဲ့ပတ်သက်ပြီး စပါးပွဲစားတစ်ဦးက ” ကျနော်တို့လည်း ဝယ်လို့ရချိန်က ပေးဝယ်ခဲ့တာပဲလေ၊အခုက သူတို့ပြောတာထက်ပိုဝယ်ရင် ဖမ်းတာတွေက လုပ်နေတော့ဘယ်သူမှ ဈေးပိုပေးမဝယ်ရဲဘူးဖြစ်နေတယ်။ ဒါကြောင့်အခု မိုးစပါးအသစ်ဝယ်ဖို့ကအခြေအနေ စောင့်ကြည့်နေရတဲ့သဘောရှိတယ်၊အခုကတော့ အကုန်လုံး အဝယ်အေးနေတယ်။စပါးရော ဆန်ရောအကုန်အေးနေတယ်။ ” လို့ ပြောပါတယ် ။
လက်ရှိမှာ ၁၃ သိန်းဈေးနဲ့သာဝယ်ယူနေလို့ တောင်သူတွေ တွက်ချေမကိုက်ဘဲ ဒုက္ခရောက်နေရတာဖြစ်လို့ တောင်သူကြီးတွေကတော့ စပါးကိုမရောင်းဘဲ နေလှန်းကာသိုလှောင်ထားဖို့စီစဉ်နေကြပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကတော့ ခုနှစ်အတွက်သတ်မှတ်တဲ့မိုးစပါးရည်ညွှန်းဈေးဟာ တောင်သူတွေအတွက် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် ၅၀ ရာခိုင်နူန်းထက်မက အကျိုးအမြတ်ရရှိမယ့် ဈေးနူန်းဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
” ကျနော်တို့က ပုဂ္ဂလိကအဖွဲ့အစည်းပါ၊ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးကို ထုတ်ပြန်ပေးတာပါ။အဲ့ဒီဈေးအတွင်းရောင်းဝယ်နိုင်ရင်အကောင်းဆုံးပါ၊တကယ်လို့စပါးက အရည်အသွေးကောင်းလို့ ၁၅ သိန်းထက်ပိုပေးဝယ်လည်း ကျနော်တို့ဘာတတ်နိုင်မလဲ။အဓိကခုလိုအသိပေးတာက မူမမှန်တဲ့ဝယ်ယူသူတွေအတွက်ပါ။စပါးကို သူများထက်ပိုအမြင့်ပေးပြီး အများကြီးသိုလှောင်ပြီးတော့မှ ဈေးဆွဲတင် ရောင်းတဲ့သူတွေကို တားဆီးချင်တာပါ။စပါးဈေးနိမ့်ချိန် တောင်သူဘက်ကိုကြည့်ရတယ်၊စပါးဈေးမြင့်ချိန်မှာစားသုံးသူဘက်ကိုကြည့်ရပါတယ် ” လို့ MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကပြောပါတယ်။
ခုလိုစပါးဈေးကျတဲ့အချိန်မှာ တောင်သူတွေအတွက် စပါးကိုသိုလှောင်ရုံမှာအပ်နှံထားပြီး ဘဏ်မှာ ချေးငွေရယူနိုင်မယ့် စနစ်ကို ခုမိုးတွင်းမှာ စတင်နိုင်ဖို့ လုပ်နေတယ်လို့လည်း ဆိုပေမယ့် ခုချိန်ထိတော့ အကောင်ထည်ဖော်နိုင်ခြင်းမရှိသေးပါဘူး။
ဒီသိုလှောင်ရုံကုန်အပ်စနစ်က စပါးဈေးတက်ချိန်ရောက်မှ ရောင်းချပြီး ဘဏ်ကိုချေးငွေပြန်ဆပ်ရမယ့် စနစ်ဖြစ်လို့ အမြန်ဆုံး ဖော်ဆောင်နိုင်ပြီး တောင်သူအားလုံးသာ ချေးယူခွင့်ရရှိမယ်ဆိုရင် အကျိုးရှိတဲ့ စနစ်တစ်ခုဖြစ်တယ်လို့ တောင်သူတွေက ပြောဆိုထားကြပါတယ်။
ခုနှစ်မှာ မိုးများတဲ့အတွက် ရိတ်သိမ်းခါနီး သက်ငယ်စပါးခင်းတွေ ရေများပြီး အပင်တွေလဲကျကာ ရေနစ်မြုတ်နေ လို့ ဆုံးရှံးမှုတွေကို တောင်သူတွေ ကြုံနေရပါတယ်။
Photo:Crd

Related posts

Leave a Comment

VOM News

FREE
VIEW