ဆူးငှက်
ကျွန်တော်သည်ယခု မုံရွာဘုတလင် လမ်းမပေါ်ရှိ ကားလမ်းဘေး ဇရပ်တစ်ဆောင်မှ တွေ့ကြုံရသော အဖြစ်အပျက် တစ်ခုကိုလည်း ယခုတိုင်မှတ်မိနေသေးသည်။ ထိုနေ့က အမေ့မောင်၊ ဘကြီး ဘုန်းကြီး ကျောင်းထိုင်သော ပေါက်ဆိန်ပေါက်ရွာက လူကြုံရောက်လာသည်။ ဘကြီးဘုန်းကြီး အသည်းအသန်ဖြစ်လို့တဲ့။ ထို့ကြောင့် အမေက လေးနှစ်အရွယ် ကျွန်တော်ကို လက်ဆွဲကာ မန်္တလေးက ရထားဖြင့် မုံရွာပြန်သည်။ မုံရွာက တဆင့် ကန်သာရွာထိပ်က ဇရပ်မှာ ဆင်းကြသည်။ ဇရပ်မှာ လှည်းကြိုစောင့်ခိုင်းထားသတဲ့။
ဇရပ်မှာ ကျွန်တော်တို့ ကားလာမှာကို လည်တဆန့်ဆန့် မျှော်နေကြသည်။ လှည်းတစ်စီးက ချွတ်ထားရာမှ ကားလာတာ မြင်တော့ အဆင်သင့် လှည်း က ပြီးပြီ။ အခြား လှည်းတစ်စီးက ဇရပ်ဘေး အကာ၏ နောက်ကွယ်မှာ ချွတ်ထားသည်။ ဦးသိန်း ကားပေါ်က အမေက ကျွန်တော့်လက်ဆွဲ၊ ခေါင်းပေါ်မှာ ဖြစ်သလို ထုပ်ပိုးထားသော အဝတ်ထုပ်ကိုရွက်ကာ တိုးဝှေ့ဆင်းပြီး လာကြိုသော သူ့အမျိုးများဆီ““မောင်ကြီးက နေကောင်းပြီလား၊ ဆွမ်းဘုဉ်း ပေးနေပြီလား၊ မန်္တလေးက မောင်ကြီး ဘုန်းကြီးအတွက် မလိုင်ပေါက်စီလေးလည်း ဝယ်လာတယ်။ ဟဲ့…။ ဘာ ငေးကြည့် နေကြတာလဲ…။ မောင်ကြီးဘုန်းကြီး ဆွမ်းဘုဉ်းပေးလို့ ကောင်းပြီ မဟုတ်လား” စသည်ဖြင့် တတွတ်တွတ် မေးသည်။ လာကြိုသူများက မသိမသာ ခေါင်းညိတ်ပြီး အမေနှင့် ကျွန်တော်ကို လှည်းပေါ်တင်၍ အခြားစကားများ တတွတ်တွတ်ပြောကာ ကန်သာရွာထိပ်ဇရပ်မှ နာရီဝက်သာသာ မောင်းရမည့် ပေါက်ဆိန်ပေါက်ရွာဆီ ခရီးနှင်သည်။ ကျွန်တော်က ကားလမ်း နဘေး ဇရပ်အကာ၏ အကွယ်မှာ ချွတ်ထားသော လှည်းတစ်စီးပေါ်က မြင်ကွင်းကို မျက်စိထဲ ဖျောက်မရဖြစ်ကာ ရင်တထိတ်ထိတ် ခုန်နေသည်။ အမေ့ကိုလည်း မမေးရဲ။
ဤသို့ဖြင့် ပေါက်ဆိန်ပေါက်ရွာ ကျောင်းထဲရောက်တော့ ကျောင်းဝန်းထဲ လှုပ်လှုပ်ရွရွဖြစ်နေသော လူတွေကိုမြင်တော့ အမေက လှည်းမောင်းသော သူ့မောင်ဝမ်းကွဲ၏ ပခုံးကို ဆွဲလှုပ်လိုက်၊ နောက်ကျောကို တအုံးအုံး ထုလိုက်နှင့်““အမလေး ငါ့မောင်ကြီး ဘုန်းကြီး မရှိတော့ဘူး မဟုတ်လား၊ ပျံတော်မူပြီ မဟုတ်လား။ နင်တို့ပြောတော့ ရိုးရိုးနေမကောင်း တာဆို။ မန်္တလေးမှာ ငါ့မောင်ဘုန်းကြီးအတွက် မလိုင်ပေါက်စီ ဝယ်လာကတည်းက ကျိတ်ငြိမ်နေကြတာ။ မပြောကြဘူး၊ ငါ့ကိုညာကြတာ။ အမလေး မောင်ကြီးရဲ့ ထကြည့်ပါဦးတော့။ ကျေးဇူးရှင်ကြီးရဲ့ အရင်တစ်ခေါက်ကလို “ချောရင်လာပြီလားလို့” နှုတ်ဆက်ပါဦးတော့။ ငါထင်တယ်။ ကားလမ်းဘေး ကန်သာဇရပ်ဘေးမှာ ကျွန်းအခေါင်းကြီး တင်ထားတဲ့ လှည်းကို မြင်ကတည်းက စိတ်ထဲထင့်နေတာ”ဟု ပြောကာငိုကာနှင့် လှည်းပေါ်က ခုန်ချပြီး၊ ကျောင်းပေါ်သို့ မပဋာပမာ ငိုကြီးချက်မနှင့် တက်ပြေးသည့် မြင်ကွင်းကို မေ့မရ။
ဟုတ်သည်၊ ကန်သာဇရပ်ဘေးမှာကွယ်ပြီး ချွတ်ထားသော လှည်းပေါ်မှာ ပေါလစ်ရောင် တပြောင်ပြောင်နှင့် ကျွန်းခေါင်းကြီးကို ကျွန်တော်မြင်လိုက်ရတာလည်း မှတ်မိသည်။ မုံရွာ- ဘုတလင် လမ်းမပေါ်မှာ ကြည်နူးလွမ်းဆွတ်ဖွယ် ရသများကို ခံစားရသလို မှတ်မှတ်ရရ ကြေကွဲဖွယ်မြင်ကွင်းကိုလည်း ထိုလမ်းပေါ်ရောက်တိုင်း သတိရမိသည်။ အခုတော့ ငယ်ဘဝပုံရိပ်များက ပိတ်ကားပေါ်ဖျပ်ဖျပ်ပေါ်ပြီး ပျောက်ကွယ်သွားပုံ မျိုးဖြစ်သည်။
ကုန်လွန်ခဲ့သော ၁၀နှစ်ဝန်းကျင်က မိတ်ဆွေတစ်ယောက်နှင့် အတူ ဘုတလင်ရောက်တော့ မထူးတော့သည့် ခရီးမို့ မရောက်ဖြစ်တာ နှစ် ၃၀ နီးပါးမျှရှိနေသော အမေ့ဘက်က ရွာဖြစ်သည့် ပေါက်ဆိန်ပေါက်ရွာသို့ ခရီးဆက်ဖြစ်သည်။ ဘုတလင်က သဖန်းပွဲရုံကို မေးကြည့်တော့ ဒီလမ်းအတိုင်းသွား။ လမ်းကောင်းသတဲ့။ နာရီဝက် ပင်မကြာပါဘူးတဲ့။ ဟုတ်သည်။ ဘောစကိုင်းပင်တွေကြားက မြေနီကျောက်စရစ် လမ်းဖြစ်၏။ ကန်သာရွာကိုဖြတ်သည်။ ထန်းတောရွာကို ဖြတ်သည်။ ဆောင်းနှောင်းမိုးကြောင့် လမ်းပိုင်းအချို့ဗွက်ဖြစ်နေလို့ ဆိုင်ကယ်ဆင်းတွန်းရတာတော့ရှိရဲ့။ သို့သော် နောက်ထပ် တစ်နာရီအတွင်းမှာပင် ယခင်က ညအိပ်ညနေသွားရသည့် ပေါက်ဆိန်ပေါက်ရွာသို့ ရောက်သည်။ ခရီးဦးတည်ရာက ရွာတွင်းမဟုတ်။ ရွာဦးက ဘုန်းကြီးကျောင်းဖြစ်သည်။
ထိုကျောင်းကြီးက အနှစ် ၁၃၀ကျော် သက်တမ်းရှိပြီ သီပေါမင်း ပါတော်မမူမီ ၁၂၄၀ ခုနှစ်ကတည်းက ဆောက်တာတဲ့။ ကျောင်းဝင်းကြီးက မန်ကျည်းပင်တွေ၊ သရဖီပင်တွေ၊ ခရေပင်တွေနှင့် နေပြောက်မထိုး အေးမြနေသည်။ အမှိုက်တစ်ပင်တစ်စမျှမရှိ ရှင်းလင်း သပ်ရပ် သန့်ရှင်းသည်။ ကျွန်တော့် ဘကြီး ဘုန်းကြီး ကျောင်းထိုင်ခဲ့သည့် ကျောင်းကြီး ဖြစ်သည်။ ကျွန်တော်ရောက်စဉ်က သက်တော် ၈၀ နီးပါး ဆရာတော် ဦးဝိသုဒ်္ဓသည်ပင်လျှင် ဆွေမျိုးဖြစ်နေပြန်သည်။ ယခင်က ကျောင်းသားတွေနှင့် အော်ခေါက်ကာ သွက်လက်ဖျတ်လတ် နေသော ဆရာတော်သည် တောင်ဝှေး တစ်ချောင်းနှင့် မျက်စိအကြိမ်ကြိမ်ခွဲစိတ်ပြီး အိုမင်းနေပြီမို့ ကျွန်တော့်ကိုပင် မမှတ်မိတော့။ (ကျွန်တော် ရောက်ရှိပြီး နောက်နှစ်မှာပင် ဆရာတော် ပျံတော်မူသတဲ့) ဆရာတော်ကို ဝတ်ပြုပြီး ကျောင်းကြီးပေါ် လျှောက်ကြည့်ပြီး ယခင်ကလိုပဲ ပိတ်ကားတွေပေါ်မှာ ကျေးလက်ပန်းချီဆရာ၏၊ ဗုဒ်္ဓဝင်ပန်းချီကားတွေ ရှိနေဆဲ…။ မြေနီ…၊ မြေဝါ…၊ မဲနယ်ပြာ…။ ကျွန်တော့် အဘိုးလေးဆရာတော်၏ အန်္တိမဈာပန လောင်တိုက်နှင့် စဉ်ယှဉ်…၊ လိုက်ပြာဿဒ်များ ပါသည့် ရှေးဟောင်းဓာတ်ပုံကြီးကို ငေးကြည့်နေမိသည်။
မိတ်ဆွေက ကျောင်း၏ဝရန်တာ လသာဆောင်မှ ခေါင်းလောင်းစင်ကြီးဆီ ရောက်သွားပြီး ခေါင်းလောင်းထိုးကာ ခေါင်းလောင်းစာများဖတ်နေသည်။ ပြီးတော့ ကျွန်တော့်ကို လှမ်းခေါ်၏။
ကျွန်တော် ရင်ထဲ ထိတ်သွားသည်။ “ဆရာရေ လာပါဦးဗျ. . .။ ဒီခေါင်းလောင်းစာကို ဖတ်ကြည့်ပါဦး၊ ၁၃၁၆ ခု နတ်တော်လပြည့်ကျော် ၁၀ ရက် ဆရာတော်ဦးတိလောက အမှူးထား၍ ဆရာတော်ကြီး၏ မယ်တော် သဖန်းရွာဒေါ်နှင်းသ နှင့်တကွ သား မောင်ပေါလူ၊ သမီး မချောရင်၊ မြေး မခင်ရီ၊ မခင်လှ၊ မခင်မြ၊ မခင်ဝင်း၊ ၎င်းအပြင် သား မောင်အောင်မှတ်၊ သမီးမချောတင်၊ မြေး မောင်ဘဝင်း၊ မညို. . .လို့ စာထိုးထားတာဗျ။ ခင်ဗျား ဒီခေါင်းလောင်းဒကာတွေကို သိလား။ ထူးတာက မြေးမခင်ရီ၊ မခင်လှ၊ မခင်မြ၊ မခင်ဝင်း ပြီးတော့ မြားပြပြီး အောက်မှာ လက်ရေး မသပ်မရပ်နှင့် နာမည်တစ်ခု ထိုးထားတာ အရုပ်ဆိုးလှသဗျာ။ နေဦး နေဦး ဖတ်ကြည့်စမ်းဦးမယ်။ မောင်ကျော်ဆန်းဆိုလားပဲ။ ဧကန်္တ… မွေးစားသားလား၊ ဒါမှမဟုတ်… အဲဒီ တုန်းက စွန့်ပစ်ထားပြီး နောက်မှ အသိအမှတ်ပြုလို့ပဲလား…။
ဘာပဲပြောပြော တစ်ခုခုတော့ တစ်ခုခုပဲဗျို့။ ဇာတ်လမ်းရှိနိုင်တယ်။ ခင်ဗျားက စာရေးဆရာဆိုတော့ စိတ်ဝင်စားစရာ ဖြစ်နေမလားပဲ””ဟု မိတ်ဆွေက စိတ်ဝင်တစား ပြောသည်။ ကျွန်တော်က “ခေါင်းလောင်းစာထိုးတဲ့ ပန်းတဉ်းဆရာက မေ့ကျန်ရစ်ခဲ့တာလည်း ဖြစ်မှာပါဗျာ၊ ဒီလောက် အတွေးမခေါင်ပါနဲ့ အပြန်မိုးနဲ့လေနဲ့ ပြန်ကြရအောင်””ဟု မိတ်ဆွေကို စကားဖြတ်သည်။ ကျွန်တော်တို့ကို မြေပဲလှော်နှင့် အညာချည်ထည် လက်သုတ် ပဝါလေးတွေ စွန့်ကြဲဖို့ ကျက်သရေခန်းထဲမှာ အလုပ်လုပ်နေသော ဆရာတော်က ကျွန်တော်တို့ စကားတွေမကြား။ ဆရာတော် ဝတ်ဖြည့်ပြီး စွန့်ကြဲသော ပစ်္စည်းတွေယူကာ ကျွန်တော်တို့ ခပ်သွက်သွက် ပြန်ခဲ့သည်။ ဟုတ်သည်။ ဟိုး စနေထောင့်ဆီက မိုးတွေမည်းလို့။
အခုတလော ကျွန်တော့ရင်ထဲမှာ တင်းကျပ်နေသည်။ ဝေဒနာတစ်ခု မျိုသိပ်ထားရသလိုမျိုး။ အများတကာတွေ ကိုယ်အကျိုးစွန့်ကာ တစ်ခုရှိလျှင်တစ်ဝက်လှူကြ တစ်ဝက်ရှိလျှင် တစ်ဖဲ့လှူကြ၊ စာနာစိတ်တွေ ထားကြ။ မျှဝေခံစားကြ၊ ကရုဏာ စိတ်ထားကြ၊ လက်ချင်းဆက်ကာ အားပေးကူညီကြသည့် “ဓမ်္မ”များကို မြင်ရကြားရတိုင်း ကျွန်တော့ခံစားမှုက ပြင်းထန်နေသည်။ ၁၃၁၉ ခုနှစ်မှ မွေးဖွားခဲ့သောကျွန်တော်သည် ကျွန်တော်မမွေးဖွားမီ ၁၃၁၆ ခုနှစ်က အဘိုး အဘွား မိဘနှင့် အစ်မများ လှူဒါန်း ရေစက်ချခဲ့သော ပေါက်ဆိန်ပေါက်ကျောင်းက ခေါင်းလောင်းမှာ ဘာကြောင့် နောက်မှဇွတ်ဝင် ကမ်္ပည်းတင်ချင်ခဲ့ပါ သနည်း။ ကျွန်တော်မမွေးမီက အလှူပစ်္စည်း၏ ကမ်္ပည်းမှာ ကျွန်တော့်နာမည် မပါဝင်ခဲ့တာ တရားနည်းလမ်း ကျပါသည်။ သို့သော် မသိတတ်သော ကလေးအရွယ်၊ ကလေးအတွေး၊ ကလေးအသိမဟုတ်ဘဲ လုပ်ငန်းခွင်ဝင်ကာ သိတတ်သော လူကြီးအရွယ်ရောက်ပါမှ အလိုလိုက်သော ဆရာတော်ကို ဇွတ်အတင်း အပူကပ်ပြီး ကျွန်တော့်နာမည်ကို အဖြည့်ခိုင်းမိခြင်းကို အနှစ် ၃၀ ကျော် ကြာသည်အထိ ဘာလို့များ ကျွန်တော် နောင်တမရခဲ့မိပါလိမ့်။
အခုတော့ အဘိုးအဘွားအဖေအမေနှင့် အစ်ကို အစ်မများ၏ သန့်စင်သောအလှူ၏ လှပသေသပ်သော ကမ်္ပည်းစာ သန့်သန့်မှာ ဇွတ်ဝင် ရေးထိုးထားသော ကျွန်တော့်နာမည် မသပ်မရပ်နှင့် ဖျက်မရတော့။ အရုပ်ဆိုးပါဘိ။ အကျည်းတန် ပါဘိ။ တကယ်တော့ သမိုင်းကို လိမ်ညာဖုံးဖိထားလို့မရ။
ဤခေါင်းလောင်းကိုထိုး၍ စိတ်လက်ကြည်သာစွာ အလှူအတန်းပြု၊ အမျှပေးဝေသူတိုင်း ခေါင်းလောင်း ကမ်္ပည်း က ကျွန်တော်နောက်တိုး နာမည်ကို မြင်မိပြီး မျက်မှောင်ကြုတ်ကြမှာ၊ နှာခေါင်းရှုံ့ကြမှာ အချိန် အကန့်အသတ်မရှိ ကြာရှည်စွာ ခံရပေဦးမည်။
ပြီးခဲ့သည့် ကာလများ ထိုကျောင်းသို့ ရောက်၍ ခေါင်းလောင်းကမ်္ပည်းစာကိုဖတ်ရင်း ပဟေဠိဖြစ်ကာ မေးခွန်းထုတ်ခဲ့သည့် မိတ်ဆွေကိုပင် ဝန်မခံရဲတာလည်း ကျွန်တော့်အတွက်တော့ လတ်တလော ခံစားလိုက်ရသည့် ကြီးကြီးမားမား ဒဏ်ရာ ဒဏ်ချက်ပင် မဟုတ်ပါလား. . .။ အခု မိတ်ဆွေကိုတော့ မတွေ့တွေ့အောင် ရှာရတော့မည်။
Telegram Link: https://t.me/VOMNEWS2023/2721?single