အောက်တိုဘာ ၃ – ၂၀၂၃
SN (VOM)
အွန်လိုင်းမှ ဈေးရောင်းချသူတွေ အောက်တိုဘာ ၂ ရက်မှ စတင်ကာ လုပ်ငန်းမှတ်ပုံတင် လျှောက်ထားနိုင်ပြီဖြစ်ပြီး ၆ လအတွင်း လျှောက်ထားခြင်းမရှိပါက အရေးယူခြင်း ခံရမှာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ပြောပါတယ်။
မနေ့ အောက်တိုဘာ ၂ ရက်နေ့က ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှာ ပြုလုပ်တဲ့ အွန်လိုင်းစနစ်နှင့် ရောင်းချသူများ မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System စနစ် ဖွင့်လှစ်ခြင်းအခမ်းအနားမှာ ဦးကျော်စိုးဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“မှတ်ပုံတင်လျှောက်ထားခြင်း မရှိတဲ့ အွန်လိုင်းလုပ်ငန်းတွေကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူသွားမှာဖြစ်ပါတယ်။ ဒီ မှတ်ပုံတင်လျှောက်ထားခြင်းက အွန်လိုင်းကနေ ဈေးရောင်းချသူတွေအနေနဲ့ရော အွန်လိုင်းကနေ ဝယ်ယူသုံးစွဲသူတွေအနေနဲ့ပါ ခိုင်မာတဲ့ ပလက်ဖောင်းတခုကို ကျွန်တော်တို့နိုင်ငံအတွက် ရည်ရွယ်ပြီးတော့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ နောက်တခုကတော့ အွန်လိုင်းကနေ ရောင်းချတယ်။ အွန်လိုင်းကနေ ဝယ်ယူစားသုံးတယ်။ အဲ့ဒီ့ကြားကနေ အငြင်းပွားမှုတွေ အထိုက်အလျောက်ဖြေလျော့သွားမယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်” လို့ သူက ပြောပါတယ်။
မှတ်ပုံတင်လက်မှတ် လျှောက်ထားလိုသူတွေအနေနဲ့ ရုံး၊ ဌာနတွေကို လူကိုယ်တိုင် လာရောက်စရာမလိုဘဲ www.ecomreg.gov.mm ဝက်ဘ်ဆိုက်မှတဆင့် မိမိလုပ်ငန်း အမည် ၊ Logo ၊ ရပ်ကွက်ထောက်ခံစာ ၊ ရဲစခန်းထောက်ခံစာတို့နဲ့ Registration ပြုလုပ်နိုင်ပြီဖြစ်သလို အောက်တိုဘာ ၂ ရက်မှ ဒီဇင်ဘာလကုန်အထိ pilot project ၆ လတာကာလအတွင်း မှတ်ပုံတင်သူတွေအတွက် မှတ်ပုံတင်ကြေး ၃၀၀၀ သာ ကောက်ခံမှာဖြစ်ပြီး ဝန်ဆောင်ခ ကောက်ခံထားတာ မရှိသေးဘူးလို့ သိရပါတယ်။
မှတ်ပုံတင်ရာမှာ စားသောက်ကုန်ပစ္စည်းတွေ၊ အိမ်သုံးပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေနဲ့ ကလေးအသုံး အဆောင်ပစ္စည်းတွေ စသဖြင့် ကုန်စည်အုပ်စု ၂၂ ခု၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ ရောင်းချပြီးနောက် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းတွေ၊ စီးပွားရေးဝန်ဆောင်မှုလုပ်ငန်းတွေ စသဖြင့် ဝန်ဆောင်မှုအမျိုးအစား (Service) ၁၄ ခု စသဖြင့် ရွေးချယ်ပြီး မှတ်ပုံတင်နိုင်တယ်လို့ သိရပါတယ်။
မည်သည့် ထုတ်ကုန်ပစ္စည်းမဆို ကိုယ်ပိုင်ပစ္စည်း ဖြန့်ဝေရောင်းချသည်ဖြစ်စေ၊ ပြန်ယူ ရောင်းချသည်ဖြစ်စေ အွန်လိုင်းအသုံးပြုသူတွေ အားလုံး မှတ်ပုံတင်ရမှာဖြစ်ကာ လုပ်ငန်းခွဲတွေရှိပါက မှတ်ပုံတင် တခုတည်း လျှောက်ထားနိုင်ပြီး အဲ့ဒီ့လုပ်ငန်းခွဲမှ ပြဿနာတစုံတခု ဖြစ်ပေါ်လာပါက မှတ်ပုံတင်ထားရှိသူမှာသာ တာဝန်ရှိတယ်လို့ သိရပါတယ်။
လာမယ့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်ကာ မှတ်ပုံတင်ခြင်းမရှိဘဲ အွန်လိုင်းမှ ဈေးရောင်းချသူတွေကိုစစ်ဆေးတွေ့ရှိပါက အရေးယူမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး မှတ်ပုံတင်ဆောင်ရွက်ထားတဲ့ အချက်အလက်တွေ မှန်ကန်မှု ရှိ/မရှိကိုလည်း စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ မြေပြင်ကွင်းဆင်း စစ်ဆေးမှုတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
စီးပွား/ကူးသန်း ဝန်ကြီးဌာနအနေနဲ့ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (ဂ) အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် အခု ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ကာ သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။
Photo: UMFCCI
Telegram Link: https://t.me/VOMNEWS2023/2733