ပူတာအိုကနေ မြစ်ကြီးနားနဲ့ မန္တလေး တက္ကသိုလ်ကို ကျောင်းတက်ဖို့လာတဲ့ ကျောင်းသား ၃၀ ကျော် လမ်းမှာ ဖမ်းဆီခံထားရ

အောက်တိုဘာ ၅ ၊ ၂၀၂၃
SP (VOM)
ကချင်ပြည်နယ် ၊ ပူတာအိုဒေသကနေ မြစ်ကြီးနားနဲ့ မန္တလေး တက္ကသိုလ်ကို အဝေးသင်ကျောင်းတက်ဖို့လာတဲ့ ကျောင်းသား ၊ ကျောင်းသူတွေဟာ ဆွမ်ပရာဘွန်မြို့အကျော် ခတ်ခရားယန် Kadrangyang နေရာမှာဖမ်းဆီးခံထားရတယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။
” ပူတာအိုခရိုင်မှာနေတဲ့ တက္ကသိုလ် ကျောင်းသား ၊ ကျောင်းသူ ၁၀၀ ကျော်ရှိတယ် ၊ MAI လေကြောင်းလိုင်းက စနေတပတ်ကို လေယာဥ် တခေါက်ပဲ ပြေးဆွဲပေးတယ် ၊ အခုဖမ်းခံထားရတဲ့ ကျောင်းသားတွေက လေယာဥ်ခရီးစဥ် မရလို့ အောက်လမ်းကနေ ကားနဲ့သွားရတယ်၊ တချို့ကလည်း မြစ်ကြီးနား တက္ကသိုလ် တက်မယ့်သူတွေပါတယ် ၊ ကျန်တချို့ကလည်း မန္တလေး တက္ကသိုလ်မှာ တက်မယ်ံ့သူတွေပါတယ် ” လို့ ကျောင်းသားမိဘ တယောက်က ပြောပါတယ်။
ပူတာအိုဒေသခံ ကျောင်းသား မိဘတယောက်က ” ဆွမ်ပရာဘွန်မြို့အကျော် ခတ်ခရားယန် Kadrangyang နေရာမှာ ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဖမ်းထားတာဖြစ်တယ် ၊ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်က အဖမ်းခံရတဲ့ ကျောင်းသား ကျောင်းသူ ၁၅ ယောက် ၊ အခုလ ၁ ရက်နေ့က ၆ ဦး ဖမ်းခံရတယ် ၊ နောက်ပြီး ၃ ရက်နေ့က ၇ ဦးထပ်ပြီး ဖမ်းခံရတယ် ၊ အခုလောလောဆယ် အဖမ်းခံထားတဲ့ အရေအတွက်က ၂၈ ယောက်ဖြစ်တယ် ၊ စာရင်းမသိရသေးတဲ့ ကျောင်းသားတွေလည်း ကျန်သေးတယ် ၊ ကနဦးကြားထားရတာက ကျောင်းသား ၃၀ ကျော်တယ် ၊ ဘာကြောင့် အခုလို ဖမ်းသလည်းဆိုရင် CDM မလုပ် ကျောင်းတက်လို့ ဖမ်းတာလား ၊ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက လူလိုလို့ တပ်သားသစ် စုတဲ့ သဘောလား ၊ အခြေအနေမှန် မသိရသေးဘူး ” လို့ ပြောပါတယ်။
ကျောင်းတက်သွားရင်း လမ်းမှာ ဖမ်းခံထားရတဲ့ ကျောင်းသား ၊ ကျောင်းသူတွေဟာ အခုထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ သူတို့မိသားစုဝင်တွေဆီက သိရပါတယ်။
ဒါ့အပြင် ပူတာအို ဒေသခံ ကျောင်းသားမိဘတွေက လေကြောင်းခရီးစဥ်တွေကို အပတ်စဥ် တိုးချဲ့ပြေးဆွဲပေးဖို့ကိုလည်း အကြံပြုပြောကြားထားပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW