မြန်မာ – အိန္ဒိယနယ်စပ်မှာ လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွေကြောင့် လုံခြုံရေးတင်းကြပ်ထား

အောက်တိုဘာ ၊ ၆ ၊ ၂၀၂၃
SP(VOM)
မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တခုဖြစ်တဲ့ ချင်းပြည်နယ်နဲ့ မီဇိုရမ် နယ်စပ်မှာ လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါးတွေ မှောင်ခိုစျေးကွက်ထဲမှာ ပျံ့နှံ့လာတာကြောင့် ကုန်သွယ်ရေးလုပ်ငန်းတွေကို အိန္ဒိယဘက်ကနေ ကန့်သတ်လိုက်ပြီး နယ်စပ်ဖြတ်ကျော် ဝင်ရောက်တာလည်း ယာယီပိတ်ထားတယ်လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
” ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ ၊ လဲန်းပွီးလေဆိပ်မှာ အိုင်ဇောလ်ကနေ နယူးဒေလီကို ပျံသန်းမယ့် လေယာဥ်ခရီးသည် မြန်မာနိုင်ငံသား တစ်ဦးဆီက ရူပီးငွေ သိန်း ၃၁၀၀ ကျော် ၊ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး ( စိတ်ကြွဆေးပြား) တွေ ဖမ်းမိတယ် ” လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင် ဦးပေါင်စကျိန် ဆိုသူက ပြောပါတယ်။
ဒါ့အပြင် လေဆိပ်မှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားဟာ အသက် ၃၈နှစ်အရွယ် ဒေါ်လာလ်ရမ်ထန်းဆိုသူဖြစ်ပြီး ၊ သူကိုင်ဆောင်တဲ့ ခရီးဆောင်အိတ်ထဲကနေ မူးယစ်စိတ်ကြွဆေးပြား အလေးချိန် ၁၀ ဒသမ ၄ Kg ၊ ကာလတန်ဘိုး ရူပီငွေ သိန်း ၃၁၀၀ ကျော်ဖိုး ဖမ်းဆီးရမိတာဖြစ်တယ်လို့ မီဇိုရမ် ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရတာဖြစ်ပါတယ်။
” ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်လည်း မီဇိုရမ်ပြည်နယ် ၊ လောင်းတွယ်လ် (Lawngtlai) ခရိုင် ၊ ဆိုက်ဟားမြို့နယ်ထဲမှာ မြန်မာနိုင်ငံသား ၂ ဦးနဲ့ မီဇိုရမ် ဒေသခံ ၁ ဦး အပါအဝင် ၃ ဦး အဖမ်းခံရတယ် ၊ သူတို့က မြန်မာဘက်ကို ဖြတ်ဝင်နိုင်ဖို့ ဆိုင်ကယ် ၃ စီးနဲ့ အသွား အာသံရိုင်ဖယ်တပ်နဲ့ မီဇိုရမ် ပြည်နယ် ရဲအဖွဲ့ကနေ ဖမ်းလိုက်တာဖြစ်တယ် ၊ AK – 47 ကျည်ဆံ ၁၈၀၀ နဲ့အတူ ဖမ်းခံရတာဖြစ်တယ် ၊ လောလောဆယ် အဖမ်းခံရတဲ့ သူတို့ ၃ ဦးကို ဆိုက်ဟား ရဲစခန်းမှာ ချုပ်ထားတယ် ” လို့ နယ်စပ်ကုန်သည်ဖြစ်သူ ဦးပါးထန်က ပြောပါတယ်။
မြန်မာ – အိန္ဒိယ နယ်စပ်ဒေမှာ မကြာခဏ ဆိုသလို မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတာနဲ့ လက်နက်ခဲယမ်း မှောင်ခိုလုပ်ငန်းတွေ ဖမ်းဆီးရမိတာကြောင့် နယ်စပ်ကုန်သွယ်ရေးတွေ ယာယီရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
မီဇိုရမ်မှာနေထိုင်ပြီး မြန်မာနိုင်ငံသားတွေကို ကူညီပေးနေတဲ့ ပရဟိတသမားတယောက်က
” မီဇိုရမ် – မြန်မာနယ်စပ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ မှာ လက်နက်မှု ၇ မှု ၊ မူးယစ်ဆေးဝါး ၁၁ မှုနဲ့ မြန်မာနိုင်ငံသား အချင်းချင်း လူသတ်မှု ၂ ကြိမ်ဖြစ်တယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလကစလို့ ချင်းပြည်နယ်ထဲမှာ တာဝန်ထမ်းဆောင်တဲ့ ရဲ ၊ မီးသတ်အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတချို့နဲ့ ဒေသခံ ပြည်သူ ၂ သောင်းကျော်ဟာ မီဇိုရမ်းပြည်နယ်ထဲမှာ သွားရောက် ခိုလှုံနေတယ်လို့ သိရပါတယ်။
” မြန်မာနိုင်ငံသားတွေဆီက အခုလို လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါး ဖမ်းမိတယ်ဆိုတော့ ၊ မီဇိုရမ်မှာ ခိုလှုံနေတဲ့ မြန်မာတွေလည်း လုံခြုံရေးတင်းကြပ်တယ် ၊ လူဝင် လူထွက်တာက အစ သက်ဆိုင်ရာက ထိန်းချုပ် စီစစ်တယ် ” လို့ ကူညီပေးနေသူတယောက်က ပြောပါတယ်။
ဒါ့အပြင် ချင်းပြည်နယ်ထဲမှာ နေရာအနှံ့နီးပါး ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး နယ်မြေ အေးချမ်း တည်ငြိမ်မှုမရှိတဲ့အတွက် နယ်စပ်ဒေသမှာလည်း အိန္ဒိယဘက်က လုံခြုံရေးတွေကို ပိုမိုတင်းကြပ်ထားတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW