ရန်ကုန်၊အောက်တိုဘာ ၆ -၂၀၂၃
GG (VOM)
မြောက်ဒဂုံမြို့နယ်၊ ၃၁ ရပ်ကွက်၊ သခင်ဗစိန်လမ်းက တိုက်အမှတ် ၂၂ အရှေ့မှာ ရပ်ထားတဲ့ လျှပ်စစ်ကားတစ်စီး အားသွင်း ရာကနေ ပေါက်ကွဲပြီး မီးလောင်မှု မနေ့က အောက်တိုဘာလ ၅ ရက်နေ့ည ပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
” လျှပ်စစ်ကားပါ အားသွင်းနေတုန်းထပေါက်ပြီး မီးလောင်တာပါ။ အရင်ရက်ဆိုကားတွေ အများကြီးရပ်ထားတာ၊ခုရက်မှ သူတစီးတည်းရပ်ထားလို့ တခြားကားတွေ မကူးစက်တာ၊ကားကတော့အကုန်ပျက်စီးသွားတယ်၊မြေညီထပ်က ရပ်ထားတဲ့ကားပါ ” လို့ အဆိုပါ တိုက်နေထိုင်သူ မျက်မြင်တွေ့ရှိသူတစ်ဦးကပြောပါတယ်။
အဆိုပါ လျှပ်စစ်ကားဟာ လက်ရှိ ပြည်ပကနေတင်သွင်းနေတဲ့ EV လျှပ်စစ်ကားမဟုတ်ဘဲ အရင်ထဲက မြန်မာနိုင်ငံ မှာ ပထမဆုံးထုတ်လုပ်တပ်ဆင်ထားတဲ့ အင်ဂျင်အသေးစားပါ လျှပ်စစ်ကား ဖြစ်တယ်လို့ ကားအကြောင်းကျွမ်းကျင်သူတွေကဆိုပါတယ်။
“အားသွင်းတုန်း over charge ဖြစ်တာလား၊loading ပဲ မီးပြတ်ပြီး မီးလာတဲ့အချိန် over loading ဖြစ်တာလားအဲ့ပေါ်မှာတော့တိကျမသိလို့ မပြောနိုင်ပေမယ့် ညကလောင်တဲ့ကားဟာ မြန်မာပြည်မှာပထမဆုံးသောတပ်ဆင်ထုတ်လုပ်ခွင့်ပြုထားတဲ့ သာဓုကန်စက်မှုဇုန်ကထွက်တဲ့ KSC ကားမျိုးသုံးသပ်ရတယ်၊လောင်တဲ့သူကလည်းပြောထားတယ်။ မြန်မာပြည်မှာတပ်ဆင်တဲ့ဟာက ဘယ်လို QC နဲ့ဘယ်လို control လုပ်ပြီး ဘယ်လိုများထိန်းချုပ်လဲ ဘယ်လိုစစ်ဆေးလဲ ဘယ်လိုခွင့်ပြုလဲ ဆိုတာတော့မသိဘူး ဒါပေမယ့် ဒါကိုသင်ခန်းစာယူပြီးတော့ ရှေ့လျှောက် EV ကိုတင်သွင်းတာဖြစ်ဖြစ် SKD ဖြစ်ဖြစ် ဒါတွေဟာနောက်ပိုင်း EVအတွက်ကို ကောင်းအောင်လို့ ကမ္ဘာကြီးပူနွေးမှုမဖြစ်အောင် ပတ်ဝန်းကျင်သန့်ရှင်းမှုဖြစ်အောင် ဝိုင်းဝန်းလုပ်ဆောင်တဲ့နေရာမှာ ဒါဟာကောင်းတဲ့ဘက်မသွားဘဲ ဆိုးတဲ့ဘက်ကိုသွားနိုင်တဲ့အတွက် ပိုစဉ်းစားသင့်တယ်” လို့ မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရေး ရောင်းချရေး လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးဖြစ်သူ ဦးကျော်စွာထွန်းမြင့် မှသုံးသပ်ပြောပါတယ်။
ဒါ့ကြောင့် EV ကားတွေ တင်သွင်းတဲ့အခါမှာ road safety အတွက်တင် မကြည့်ဘဲ Safety အတွက် charging station တည်ဆောက်မှုအပိုင်း၊ ကားအသုံးပြုသူတွေအတွက် charging သွင်းမှုဆိုင်ရာ အပြင် စတဲ့ အသိပညာတွေဝေမျှမှုတွေ အများကြီးလုပ်ဖို့လိုအပ်နေတယ်လို့သူက ထောက်ပြပြောဆိုပါတယ်။
“EV ကားတွေအတွက်သတ်မှတ်ချက်ကအများကြီးရှိတယ်၊ဓာတ်ဆီကားကိုသုံးတဲ့ သံလှည့်ကွင်းဂွတွေနဲ့ဖြုတ်လို့ရတာရှိတယ်မရတာရှိတယ် ဖြုတ်ခွင့်မပေးထားတာတွေရှိတယ် အဲ့အပေါ်မှာလည်းအသက်အန္တရာယ်စိုးရိမ်ရတာတွေရှိပါတယ်၊အဲ့အပေါ်မှာလည်း knowledge တွေအများကြီးလုပ်ပေးဖို့လိုအပ်ပါတယ်။ ” လို့ ဦးကျော်စွာထွန်းမြင့် ကပြောပါတယ်။
ဒါ့ကြောင့် EV လျှပ်စစ်ကားတွေနဲ့ပတ်သက်ပြီး ကို အမျိုးသားအကျိုးစီးပွားအတွက်ကိုကြည့်မယ်ဆိုရင် ကိုယ်ကျိုးစီးပွားအတွက်မကြည့်ဘဲ အသိပညာတွေအားလုံးမျှဝေပြီး သုံးစွဲသူ အားလုံးပါဝင်လာပြီး participate ဖြစ်မှသာ သုံးသင့်တယ်လို့လည်း အကြံပြုပြောဆိုပါတယ်။
Photo: Crd