မပေါ့ဆသင့်တဲ့ ငလျင်အန္တရာယ်

SN (VOM)
မြန်မာနိုင်ငံဟာ ကမ်းရိုးတန်းရှည်လျားတဲ့ နိုင်ငံဖြစ်ခြင်း၊ မြစ်ချောင်းပေါများခြင်း၊ တောင်ကုန်းတောင်တန်းများပြားခြင်း၊ မြောက်မှတောင်အထိ ရှည်လျားတဲ့ သက်ရှင်ပြတ်ရွေ့ဖြစ်တဲ့ စစ်ကိုင်းပြတ်ရွေ့နဲ့ အခြားသော ပြတ်ရွေ့ငယ်တွေရှိခြင်း၊ နိုင်ငံရဲ့ရာသီဥတုအခြေအနေအရ မြို့ပြမီးနဲ့ တောမီးလောင်ကျွမ်းခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ ဆူနာမီဖြစ်ပေါ်ခြင်း စတဲ့ သဘာဝဘေးအန္တရာယ် မျိုးစုံ ဖြစ်ပွားနိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။

အဲ့ဒီ့ သဘာဝဘေးတွေအနက် ကြိုတင် ခန့်မှန်းတွက်ဆလို့ မရတဲ့ ဘေးအန္တရာယ်ကတော့ ငလျင်အန္တရာယ်ဖြစ်ပါတယ်။ ငလျင်ဟာ တခြားသော သဘာဝဘေးတွေလို ဖြစ်ပေါ်နိုင်တဲ့ အချိန်၊ ကာလ၊ ရာသီ မရှိဘဲ အချိန်အခါမရွေး၊ ရာသီမရွေးဖြစ်ပေါ်နိုင်တဲ့ သဘာဝဘေးတမျိုး ဖြစ်ပါတယ်။ အဲ့ဒီ့ဘေးအတွက် ကြိုတင်ပြင်ဆင်ခြင်း (Preparedness)၊ ကြိုတင်ကာကွယ်ခြင်း (Prevention)၊ အမြဲအဆင်သင့်ဖြစ်အောင် စီမံဆောင်ရွက်ခြင်း (Readiness) နဲ့သာ လက်ဦးမှု ရယူနိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ငလျင်လှုပ်ရှားမှုတွေကို ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းရင်းကြီး နှစ်ရပ်ရှိပါတယ်။ ပထမ အကြောင်းရင်းကတော့ မြောက်-အရှေ့မြောက်ဘက်ကို ရွေ့လျားနေတဲ့ အိန္ဒိယ မြေထုချပ် (India Plate) ဟာ ယူရေးရှား မြေထုချပ် (Eurasian Plate) ရဲ့ အောက်ကို ပျမ်းမျှအားဖြင့် တနှစ်ကို ၄ စင်တီမီတာမှ ၆ စင်တီမီတာနှုန်းနဲ့ ငုပ်လျှိုးဝင်ရောက်နေတာကြောင့် ဖြစ်ပါတယ်။ အဲ့ဒီ့ ငုပ်လျှိုးဝင်ရောက်နေတဲ့ Subduction Zone အစပိုင်းတလျှောက်ရှိ Arakan Trench ၊ Andaman Trench ၊ Sumatra Trench နဲ့ Java Trench တွေကြောင့် ငလျင်လှုပ်ခတ်ခြင်း ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
ဒုတိယအကြောင်းရင်းကတော့ အနောက်ဘက် ချင်းတောင်တန်း၊ ရခိုင်ရိုးမဒေသမှ အရှေ့ဘက် စစ်ကိုင်းပြတ်ရွေ့အကြားက မြန်မာမြေထုချပ်ငယ်ဟာ ကပ္ပလီပင်လယ်ရှိ ဖြန့်ကြက်ဗဟိုရပ်ဝန်း (Andaman Spreading Zone) မှ ပျမ်းမျှအားဖြင့် တနှစ်ကို ၂ ဒသမ ၅ မှ ၃ ဒသမ ၀ စင်တီမီတာနှုန်းနဲ့ မြောက်ဘက်ကို ဘေးတိုက် ရွေ့လျားမှုဖြစ်စဉ်ကြောင့် စစ်ကိုင်းပြတ်ရွေ့နဲ့အတူ ဆက်စပ်ဖြစ်ပေါ်တဲ့ ဘေးတိုက်ပြတ်ရွေ့ (Strike-slip fault) တွေ ဖြစ်ပေါ် နေခြင်းတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း လှုပ်ရှားခဲ့တဲ့ ငလျင်တွေကို ပြန်လည်ဆန်းစစ်ကြည့်ရင် စုစုပေါင်း ၈၅၇ ကြိမ် လှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ့ ငလျင်တွေမှာ အင်အားအနည်းငယ်ရှိတဲ့ ငလျင် ၇၆၂ ကြိမ်၊ အင်အားအသင့်အတင့်ရှိတဲ့ ငလျင် ၈၈ ကြိမ်နဲ့ အင်အားပြင်းထန်တဲ့ ငလျင် ၇ ကြိမ် လှုပ်ရှားခဲ့တာမှာ စစ်ကိုင်းတိုင်းဒေသကြီးဟာ တခြားသော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေထက် ငလျင်လှုပ်ရှားမှု ပိုမိုကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာလည်း ငလျင်လှုပ်ရှားမှုတွေ များပြားနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တို့မှာတော့ ငလျင်လှုပ်ရှားမှု အလွန်နည်းပါးတာကို တွေ့ရှိရတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ ငလျင်ဌာနခွဲရဲ့ အချက်အလက်တွေအရ သိရပါတယ်။
စစ်ကိုင်းပြတ်ရွေ့ဟာ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေဖြစ်တဲ့ စစ်ကိုင်း၊ မန္တလေး၊ မိတ္ထီလာ၊ သာစည်၊ ရမည်းသင်း၊ ပျဉ်းမနား၊ နေပြည်တော်၊ တောင်ငူ၊ ဖြူးနဲ့ ပဲခူးမြို့တွေကို ဖြတ်သန်းသွားပြီး အဲ့ဒီ့မြို့ကြီးတွေနဲ့ အနီးတဝိုက်မှာ ငလျင်လှုပ်ရှားမှုကို တွေ့ကြုံခံစားရနိုင်တယ်လို့ သိရပါတယ်။
အတိတ်ကာလရဲ့ သမိုင်းမှတ်တမ်းတွေအရ စစ်ကိုင်းပြတ်ရွေ့ကြောင့် လှုပ်ရှားခဲ့တဲ့ ငလျင်တွေဟာ အင်အားများပြီး မြေပြင်ဗဟိုချက်အနက် တိမ်တာကြောင့် တခြားသော ငလျင်တွေနဲ့ နှိုင်းယှဉ်ရင် ပျက်စီးမှု ပိုမိုများပြားတယ်လို့ သိရပါတယ်။ စစ်ကိုင်းပြတ်ရွေ့တလျှောက်မှာ မြေပြင်ဗဟိုချက်အနက်တိမ်ပြီး အပျက်အစီးများတဲ့ သမိုင်းဝင်ငလျင်ကြီးတွေ လှုပ်ရှားခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှာ ကျောက်ဆည်မြို့အနီး အင်အား ရစ်(ချ်)တာစကေး ၄ ဒသမ ၈ နဲ့ လှုပ်ရှားခဲ့တဲ့ ငလျင်ငယ်ဟာလည်း စစ်ကိုင်းပြတ်ရွေ့ကြောင့် လှုပ်ရှားခဲ့ရခြင်းဖြစ်ပြီး မြေပြင်ဗဟိုချက် အနက်တိမ်ခြင်း၊ လူနေထိုင်မှုများတဲ့ နေရာနဲ့ နီးခြင်းတို့ကြောင့် ငလျင်လှုပ်ရှားခြင်းကို လူအများသတိပြုမိပြီး ပျက်စီးမှုလည်း အနည်းငယ်ရှိခဲ့ပါတယ်။
သမိုင်းတလျှောက်မှာ ၁၇၆၂ ခုနှစ်တွင် ရခိုင်ကမ်းရိုးတန်းဒေသမှာ အင်အား ရစ်(ချ်)တာစကေး ၇ ဒသမ ၅ အဆင့်ရှိ မြေငလျင်၊ ၁၈၃၉ ခုနှစ်မှာ လူ ၄ဝဝ ခန့် သေဆုံးခဲ့တဲ့ အင်အား ရစ်(ချ်)တာစကေး ၇ ဒသမ ၅ ရှိတဲ့ အင်းဝငလျင်၊ ၁၉၃၀ ပြည့်နှစ်မှာ ပဲခူးမြိုနဲ့ ရန်ကုန်မြို့မှာ လူ ၅၅၀ ကျော် သေဆုံးခဲ့တဲ့ အင်အား ရစ်(ချ်)တာစကေး ၇ ဒသမ ၃ အဆင့်ရှိ မြေငလျင်တွေ လှုပ်ခတ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ၂၀၁၁ ခုနှစ်မှာ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ လူ ၈၀ ဝန်းကျင် သေဆုံးခဲ့တဲ့ အင်အား ရစ်(ချ်)တာစကေး ၆ ဒသမ ၈ အဆင့်ရှိ တာလေငလျင်၊ ၂၀၁၂ ခုနှစ်မှာ မန္တလေးမြို့ရဲ့ မြောက်ဘက် ကီလိုမီတာ ၁၀၀ အကွာမှာ လှုပ်ခတ်ခဲ့တဲ့ လူ ၂၆ ဦး သေဆုံးခဲ့တဲ့ အင်အား ရစ်(ချ်)တာစကေး ၆ ဒသမ ၈ အဆင့်ရှိ သပိတ်ကျင်းမြေငလျင်တွေ ဖြစ်ပေါ်လှုပ်ခတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ငလျင်လှုပ်ရှားမှုကို ဖြစ်ပေါ်စေတဲ့ အဓိက သက်ရှင် ပြတ်ရွေ့ကြီးအဖြစ် စစ်ကိုင်းပြတ်ရွေ့အပြင် ကဘော်ပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ကုလားတန်ပြတ်ရွေ့၊ မိုးမိတ်ပြတ်ရွေ့၊ နန်းမပြတ်ရွေ့၊ ရွှေလီပြတ်ရွေ့၊ ဖာပွန်ပြတ်ရွေ့၊ မြောက်ဦးပြတ်ရွေ့ စတဲ့ ပြတ်ရွေ့တွေအပြင် ပြတ်ရွေ့ငယ်များစွာ တည်ရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုအနီးမှ စတင်ခဲ့ပြီး မုတ္တမပင်လယ်ကွေ့အထိ မြောက်မှတောင်အထိ ရှိနေတဲ့ စစ်ကိုင်းပြတ်ရွေ့ဟာ အဆိုးရွားဆုံး ငလျင်ကြောကြီးတခု ဖြစ်တဲ့အပြင် စစ်ကိုင်းတိုင်း၊ ကလေးဝအနီး တောင်-တောင်မြောက် တန်းလျက်တည်ရှိနေတဲ့ ကဘော်ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှ စတင်ပြီး တောင်ကြီးမြို့အနီး တောင်မြောက်တန်းလျက် တည်ရှိတဲ့ ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့၊ အနောက် တန်းလျက် တည်ရှိနေတဲ့ မိုးမိတ်ပြတ်ရွေ့တွေဟာ ငလျင်ကြောကြီးတွေ ဖြစ်တယ်လို့ သိရပါတယ်။ ငလျင်ပြတ်ရွေ့အသေး ၄၀ ခန့် ရှိတာကြောင့် ငလျင်ဒဏ်ကို အချိန်မရွေး ခံစားရနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ မြေငလျင်အန္တရာယ် အကြီးမားဆုံး နိုင်ငံတွေစာရင်းမှာ ပါဝင်နေပြီး ပမာဏကြီးမားတဲ့ အဓိက မြေငလျင်ကြောကြီး ၅ ခု ရှိပါတယ်။ ဒါ့အပြင် မကြာခဏ လှုပ်ရှားနေတဲ့ ပြတ်ရွေ့ကြော များစွာလည်း ရှိနေတယ်လို့ သိရပါတယ်။
ငလျင်လှုပ်တဲ့အခါ အင်အား ရစ်(ချ်)တာစကေး ၁ မှ ၄ ဒသမ ၉ အထိဖြစ်ပါက အနည်းငယ် လှုပ်ခတ်ခြင်းဖြစ်ပြီး ရစ်(ချ်)တာစကေး ၅ မှ ၅ ဒသမ ၉ အထိ လှုပ်ခတ်မှုကတော့ အင်အားအသင့်အတင့်ဖြစ်ကာ ပျက်စီးမှု အနည်းငယ် ရှိနိုင်တယ်လို့ သိရပါတယ်။ ရစ်(ချ်)တာစကေး ၆ မှ ၇ ဒသမ ၅ အထိလှုပ်ခတ်ရင်တော့ အင်အားပြင်းအဆင့် သတ်မှတ်ပြီး အပျက်အစီးများကာ ရစ်(ချ်)တာစကေး ၇ ဒသမ ၆ နဲ့အထက်ကိုတော့ အားအလွန်ပြင်းတဲ့ ငလျင်အဖြစ် သတ်မှတ်ပြီး ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ၇ ဒသမ ၅ အဆင့်ရှိ အားပြင်းငလျင်အထိ လှုပ်ခတ်ခဲ့ဖူးတယ်လို့ သိရပါတယ်။
ငလျင်ဟာ ကြိုတင်မခန့်မှန်းနိုင်တဲ့ သဘာဝဘေးတမျိုး ဖြစ်ပေမယ့်လည်း လက််ရှိအချိန်မှာ ခေတ်မီဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ ငလျင်ကြောင့် အတိတ်ကာလက ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်လည်လေ့လာတွက်ချက်တဲ့ နည်းပညာ (Paleoseismology) နဲ့ ငလျင်လှုပ်ရှားနိုင်တဲ့ အလားအလာတွေကို လေ့လာနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်မှာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ မြန်မာနိုင်ငံငလျင်ကော်မတီ၊ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်တို့နဲ့ ပူးပေါင်းပြီး ၁၉၃၀ ပြည့်နှစ်မှာ အင်အားပမာဏ ၇ ဒသမ ၃ နဲ့ လှုပ်ရှားခဲ့တဲ့ ပဲခူးငလျင်ဖြစ်စဉ်ကို သုတေသနပြု လေ့လာခဲ့ကြရာ နှစ်ပေါင်း ၁၆၀ အတွင်း တစ်ကျော့ပြန်လှုပ်ရှားနိုင် ကြောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
“ငလျင်ဆိုတာ တိတိကျကျ ခန့်မှန်းတွက်ချက်လို့ မရသော်လည်းပဲပေါ့၊ ၁၉၃၀ ပဲခူးငလျင် ဖြစ်စဉ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ မကြာခဏ ဖြေကြားထားတာရှိပါတယ်။ ၁၉၃၀ ငလျင်နဲ့ပတ်သက်ပြီးတော့ အတိတ်က ငလျင်ရဲ့ဖြစ်စဉ်ကို ပြန်လည် လေ့လာမှုအရ ကျွန်တော်တို့ မိုးလေဝနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရယ်၊ ဂျပန်နိုင်ငံ တိုကျိုယူနီဗာစတီနဲ့အတူ မြန်မာနိုင်ငံငလျင်ကော်မတီတို့ ပူးပေါင်းပြီးတော့ ၂၀၁၁ ခုနှစ်က အဲ့ဒီ့ဘက်မှာ သုတေသနပြု ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီ့မှာဆိုရင် နှစ်ပေါင်း ၁၆၀ အတွင်း တစ်ကျော့ပြန်လည် လှုပ်ရှားနိုင်တယ် ဆိုတဲ့ အလားအလာမျိုး တွေ့ရှိရပါတယ်။ သူက နှစ် ၁၆၀ ပြည့်မှာမဟုတ်ဘူး၊ နှစ် ၁၆၀ အတွင်း လှုပ်ခတ်နိုင်တယ်ဆိုတာမျိုးရှိတယ်။ အခုဆိုလို့ရှိရင် နှစ်ပေါင်း ၉၀ ကျော် ၁၀၀ နီးပါးလောက် ဖြစ်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ သတိပြု နေထိုင်သင့်တယ်ဆိုတဲ့ဟာမျိုးလေးပေါ့၊ စစ်ကိုင်းပြတ်ရွေ့ရဲ့ ရွေ့လျားမှုနဲ့ပတ်သက်ပြီး ၁၉၃၀ ပဲခူးငလျင်နေရာကို ပြောကြားထားတာမျိုးရှိပါတယ်” လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ မြေငလျင်ဌာနခွဲ (နေပြည်တော်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်။
အဲ့ဒီ့လို ရန်ကုန်မြို့အနေနဲ့ ပဲခူးငလျင်ဖြစ်စဉ်ရဲ့ တစ်ကျော့ပြန်လည်လှုပ်ရှားနိုင်တဲ့ အလားအလာကို သိရှိထားပြီး ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားသင့်သလိုပဲ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးမှာလည်း သမိုင်းအထောက်အထားတွေအရ ၁၇၆၂ ခုနှစ်က အင်အားပြင်းထန်တဲ့ ငလျင်ကြီးတခု လှုပ်ရှားခဲ့တာကြောင့် အဲ့ဒီ့ငလျင်နဲ့ ပတ်သက်ပြီးလည်း ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ သူက ပြောပါတယ်။ စစ်တွေအနီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ဆူနာမီရေလှိုင်းတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပြီး လေ့လာချက်အရ အဲ့ဒီ့နေရာမှာ ငလျင်လှုပ်ရှားခဲ့တာဟာ အခုအချိန်မှာဆိုရင် နှစ်ပေါင်း ၂၆၀ ခန့် ရှိပြီဖြစ်တာကြောင့် အဲ့ဒီ့ဒေသ အနီးတဝိုက်မှာလည်း ၁၇၆၂ ခုနှစ်က လှုပ်ရှားခဲ့တဲ့ ငလျင်ဖြစ်စဉ်ကို သိရှိထားပြီး ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားသင့်တယ်လို့ သိရပါတယ်။
ငလျင်လှုပ်ရှားနိုင်တဲ့ ဒေသ (ဒါမှမဟုတ်) ငလျင်ပြတ်ရွေ့ တည်ရှိရာဒေသမှာ နေထိုင်ကြသူတွေအဖို့ ငလျင်သတိ အမြဲရှိနေကြဖို့ လိုအပ်သလို ငလျင်လှုပ်ရှားမှုကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ မရှိရစေဖို့ ကြိုတင်ပြင်ဆင်ထားမှုတွေ ပြုလုပ်ထားကြရမှာဖြစ်ကာ ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်နဲ့ ငလျင်လှုပ်ပြီးချိန်တွေမှာ ပြုလုပ်ကြရမယ့် အချက်တွေကိုလည်း သိရှိထားဖို့ လိုအပ်တယ်လို့ သိရပါတယ်။
နောက်ပိုင်းကာလတွေအတွင်း ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ဖြူးမြို့နယ်အနီးမှာ ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အား ရစ်(ချ်)တာစကေး ၆ ဒသမ ၀ အဆင့်ရှိ ငလျင်မှာ အင်အားအများဆုံး မြေငလျင်တခု ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ့ငလျင်ဟာ အင်အားပြင်းပြီး ဇောက်တိမ်မှာ လှုပ်ခတ်ခဲ့ပေမယ့်လည်း ငလျင်ဗဟိုချက်ဟာ ပဲခူးရိုးမတောအတွင်း ဖြစ်ပွားခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေ မရှိခဲ့ဘဲ ပြည်သူတွေအတွက် သက်သာရာရခဲ့ပါတယ်။
ငလျင်ကြီးလှုပ်ပြီးနောက် အလတ်စား ငလျင်နဲ့ အသေးစား ငလျင်တွေ နောက်ဆက်တွဲအနေနဲ့ လှုပ်တတ်ပြီး အဲ့ဒီ့ငလျင်တွေဟာ နာရီပိုင်း၊ ရက်ပိုင်း၊ သီတင်းပတ်မှသည် လပိုင်းအထိ ဆက်လက် ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ ပဲခူးရိုးမအတွင်း ရစ်(ချ်)တာစကေး ၆ နဲ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ နောက်ဆက်တွဲ ငလျင်ဟာ ဇန်နဝါရီ ၁၃ ရက်အထိ ခုနစ်ကြိမ်အထိ လှုပ်ခတ်ထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာ ရှေးယခင် နှစ်သန်းပေါင်းများစွာကတည်းက ကမ္ဘာ့ငလျင်ကြောနဲ့ ပြည်တွင်းရှိ ငလျင်ပြတ်ရွေ့တွေပေါ်မှာ တည်ရှိနေတာကြောင့် ငလျင်ဒဏ်ကို မကြာခဏဆိုသလို ခံစားရတဲ့ နိုင်ငံတွေထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။ ဒါပေမယ့် ငလျင်ဘေးနဲ့ပတ်သတ်လို့ ရှေးယခင် ခေတ်ကာလအစဉ်အဆက်မှသည်ယနေ့ထက်တိုင် ကြိုတင်ကာကွယ်ရေး၊ လူထုအသိပညာပေးမှုနဲ့ ထိခိုက်ဆုံးရှုံးနိုင်မှု နည်းနိုင်သမျှနည်းပါးစေရေး စတဲ့ စနစ်ကျပြီး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့ အစီအမံနဲ့ အစီအစဉ်တွေ ချမှတ်ထားရှိမှုမှာတော့ အားရကျေနပ်စရာအနေအထား မရှိသေးပါဘူး။ အဲ့ဒီ့ အစီအမံနဲ့ အစီအစဉ်တွေဟာ အစီရင်ခံစာရွက်တွေပေါ်နဲ့ ပြင်ပမှာ ဟန်ပြသက်သက်အနေအထားသာ ရှိနေသေးတယ်လို့ သဘာဝဘေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပြည်သူတွေက ပြောဆိုလျက် ရှိကြပါတယ်။
အခုနောက်ပိုင်း ကာလတွေမှာ မြန်မာနိုင်ငံအတွင်း ငလျင်လှုပ်ခတ်မှုတွေ မကြာခဏဆိုသလို ဖြစ်ပေါ်နေတာမှာ အနီးစပ်ဆုံး ဖြစ်စဥ်တခုဖြစ်တဲ့ စက်တင်ဘာ၂၃ ရက်နေ့၊ ညနေ ၅ နာရီ၊ ၃၃ မိနစ်အချိန်ဝန်းကျင်က ပဲခူးတိုင်း၊ ဒိုက်ဦးမြို့ရဲ့အနောက်ဘက် ၂၁ မိုင်အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ချ်)စကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့သလို အဲ့ဒီ့ည ၈ နာရီ၊ ၅၄ မိနစ်အချိန်က ပဲခူးမြို့ရဲ့ အနောက်ဘက် ၁၂ မိုင်ခန့်အကွာ ရန် ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အင်းတကော်အနီး ဗဟိုပြုပြီး အင်အား ရစ်(ချ်)စကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အား အသင့်အတင့်ရှိတဲ့ ငလျင်လည်း ထပ်မံ လှုပ်ခတ်သွားခဲ့တယ်လို့မိုး/ဇလရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲ့ဒီ့ ငလျင်လှုပ်ခတ်မှုကြောင့် ရန်ကုန်နဲ့ ပဲခူးတိုင်းအတွင်း နေထိုင်သူတွေအနေနဲ့ ငလျှင်ဒဏ်ကို သိသိသာသာခံစားခဲ့ရတဲ့အပြင် ငလျင်ဒဏ်ကြောင့် ရန်ကုန်တိုင်းအတွင်းရှိ မှော်ဘီမြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်တို့မှ အထပ်မြင့် လူနေကန်ထရိုက်တိုက်တချို့ ဘေးကိုယိုင်ပြီး ပူးကပ်သွားခြင်း၊တိုက်ဘေးနံရံတွေမှာ အက်ကွဲကြောင်းတွေထွက်လာခြင်း၊ ကွန်ကရစ်တွေကွာကျခြင်း၊ သာသနိကအဆောက်အအုံတချို့ ပြိုကျပျက် စီးခြင်းတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မိုး/ဇလရဲ့ ထုတ်ပြန်ချက်တွေအရ စက်တင်ဘာ ၂၄ ရက်၊ ညနေ ၅ နာရီ၊ ၄၄ မိနစ်အချိန်ဝန်းကျင်မှာလည်း ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရဲ့ အရှေ့တောင်ဘက် ၈ မိုင်ခန့်အကွာ၊ မှော်ဘီမြို့နယ်၊ မြောင်းတကာနဲ့ ဖောင်ကြီးတို့အကြား ဗဟိုပြုပြီး အင်အားရစ်(ချ်)စကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ့လိုပဲ စက်တင်ဘာ ၂၅ ရက်နေ့၊ မနက် ၇ နာရီ၊ ၂၀ မိနစ်အချိန်ဝန်းကျင်ကလည်း ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရဲ့ မြောက်-အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာမှာ အင်အားရစ်(ချ်)စကေး ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ ငလျင်တခု လှုပ်ခတ်သွားခဲ့ပြီး အဲ့ဒီ့ ငလျင်လှုပ်ခတ်မှုကြောင့် မှော်ဘီမြို့နယ်၊ ပန်းတပွင့်တောင် တောရစာသင်တိုက်ရှိ သာသနိကအဆောက်အအုံတချို့ ပြိုကျပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
“ငလျင်ဟာ ခန့်မှန်းလို့မရတဲ့ သဘာဝဘေးတမျိုးဖြစ်တဲ့ အတွက်ကြောင့် တိတိကျကျတော့ ပြောလို့မရဘူး။ သို့သော်လည်းပဲ ဟိုတရက်ကလှုပ်ခဲ့တဲ့ ၅ ဒသမ ၁ နဲ့ အဲ့ဒီ့ငလျင်ရဲ့နောက်ပိုင်းမှာလှုပ်တဲ့ ငလျင်လေးတွေက သူ့ထက် အင်အားပမာဏ နည်းတဲ့အတွက် ကျွန်တော်တို့က သူ့နောက်မှာဖြစ်ပေါ်တဲ့ နောက်ဆက်တွဲငလျင်ငယ်အနေနဲ့ပဲ သုံးသပ်လို့ရပါတယ်။ ဒါတွေက ငလျင်ကြီးလာမယ့် ရှေ့ပြေးလက္ခဏာတွေလားဆိုတာကတော့ ငလျင်က တိတိကျကျပြောလို့မရတဲ့ သဘာဝဘေးတမျိုးဖြစ်တဲ့အတွက် ဘယ်သူမှတော့ ခန့်မှန်းလို့မရဘူး၊ ဒါပေမယ့် ငလျင်ရဲ့သဘာဝအတိုင်း အဲ့ဒီ့နေ့ကလှုပ်တဲ့ ငလျင်ဟာဆိုရင် ၅ ဒသမ ၁ ရှိတယ်၊ သူ့ရဲ့ ဗဟိုချက်အနက်ကလည်း တိမ်တဲ့အတွက်ကြောင့်မို့လို့ သူ့ရဲ့နောက်မှာ နောက်ဆက်တွဲလေးတွေလာတာမျိုးကို တွေ့ရပါတယ်။ ငလျင်ကတော့ လှုပ်ခတ်ပြီဆိုလို့ရှိရင် ပြင်းအားပမာဏ များတယ်၊ ဒါမှမဟုတ် အသင့်အတင့်ရှိမယ်၊ နောက် ဗဟိုချက်အနက်ကလည်း တိမ်တယ်ဆိုရင် နောက်ဆက်တွဲ ငလျင်တွေလာတဲ့ ဖြစ်စဉ်တွေ အများကြီးရှိပါတယ်။ ၂၀၁၁ တာလေငလျင်တို့၊ ၂၀၁၆ ထဲမှာ ကလေးအနီးရယ်၊ ချောက်မြို့ရယ်မှာလှုပ်တဲ့ငလျင်တို့ ဒီငလျင်တွေမှာဆိုရင်လည်း နောက်ဆက်တွဲငလျင် လာတာမျိုးလေးတွေရှိတယ်။ နောက် ၂၀၁၂ ကလှုပ်တဲ့ သပိတ်ကျင်းအနီးက ငလျင်ဆိုလို့ရှိရင်လည်း နောက်ဆက်တွဲ ငလျင်ငယ်လေးတွေလာတာမျိုး ရှိပါတယ်။ ပြီးခဲ့တဲ့လ စက်တင်ဘာ ၂၃ ရက်နေ့ကလှုပ်ခဲ့တဲ့ ၅ ဒသမ ၁ အဆင့်ရှိတဲ့ ငလျင်ကတော့ ကျွန်တော်တို့ စစ်ကိုင်းပြတ်ရွေ့လို့ မသုံးသပ်ပါဘူး။ စစ်ကိုင်းပြတ်ရွေ့ အနောက်ဘက်မှာရှိတဲ့ တခြား ပြတ်ရွေ့ငယ်ရဲ့ ရွေ့လျားမှုကြောင့်လို့ သုံးသပ်ထားပါတယ်” လို့ မိုး/ဇလဌာန၊ မြေငလျင်ဌာနခွဲ (နေပြည်တော်) က ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်။
ငလျင်တွေဟာ အခါအားလျော်စွာဖြစ်ပေါ်တဲ့ ဘူမိဗေဒဆိုင်ရာဖြစ်ရပ်တွေ ဖြစ်ပေမယ့်လည်း ၎င်းတို့ဟာ မည်သည့်ရှုထောင့်နေမှ ကြိုတင်ခန့်မှန်း မရနိုင်ဘဲ အမြဲရုတ်တရက်၊ မမျှော်လင့်ဘဲဖြစ်တတ်ကြပါတယ်။ ဒါ့ကြောင့် ငလျင်အန္တရာယ်မြင့်မားတဲ့ ဒေသများတွေမှာ နေထိုင်သူတွေဟာ ငလျင်လှုပ်တဲ့အခါ ဘာလုပ်ရမယ်ဆိုတာကို သိရှိနိုင်ဖို့အတွက် ကြိုတင် ပြင်ဆင်ထားသင့်တယ်လို့ သဘာဝဘေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ရန်ကုန်မြို့မှာ ၁၉၈၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အတွင်း တည်ဆောက်ခဲ့တဲ့ အဆောက်အအုံတွေဟာ ငလျင်ဒဏ် ခံနိုင်ရည်ရှိမှုကို ထည့်သွင်းတွက်ချက် တည်ဆောက်ထားခြင်း မရှိဘူးလို့ သိရပါတယ်။ ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံ မြောက်ပိုင်းမှ မုတ္တမပင်လယ်ကွေ့အထိ ကီလိုမီတာ ၁၀၀၀ ခန့် အကွာအဝေးနဲ့ သွယ်တန်းနေတဲ့ စစ်ကိုင်းပြတ်ရွေ့အနီးမှာ တည်ရှိပြီး ၁၉၃၀ ပြည့်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ရစ်(ချ်)တာစကေးအဆင့်ရှိ ငလျင်ကြောင့် ပဲခူးမြို့မှာ လူဦးရေ ၅၀၀ ခန့်နဲ့ ရန်ကုန်မြို့မှာ လူဦးရေ ၅၀ ခန့် သေဆုံးခဲ့ပါတယ်။ ၁၉၃၀ ပြည့်နှစ်မှာ ရန်ကုန်မြို့ရဲ့ လူဦးရေဟာ ၄ သိန်းခန့်သာ ရှိပေမယ့်လည်း လက်ရှိအချိန်မှာ လူဦးရေ ၆ သန်းကျော် ရှိလာတာကြောင့် မြေငလျင်တခု လှုပ်ခတ်တဲ့ဒဏ်ကို ခံစားရရင် ဆုံးရှုံးမှုနဲ့ ပျက်စီးမှုတွေကို မည်သူမျှ ခန့်မှန်းလို့ မရနိုင်ဘူးလို့ မြို့ပြတည်ဆောက်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တဦးက ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ၂၀၁၁-၂၀၁၂ မတိုင်ခင်က ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေဟာ ကြံ့ခိုင်မှု အင်မတန် အားနည်းတယ်။ အဲဒီနောက်ပိုင်းမှာတော့ အဆောက်အအုံတွေက ငလျင်ဒဏ်ခံနိုင်တဲ့ ဟာတွေကို ထည့်သွင်းတွက်ချက် ဆောက်လုပ်လာကြတာကို တွေ့ရတယ်။ အဲ့ဒီ့မတိုင်ခင်က ငလျင်ဒဏ်ခံနိုင်ဖို့ ထည့်သွင်း တည်ဆောက်ထားတာ မရှိလောက်ဘူးလို့ ထင်တယ်။ ဒါပေမယ့် ခုနောက်ပိုင်း တည်ဆောက်ထားတာတွေကလည်း ငလျင်နဲ့ပတ်သက်လို့ ထည့်သွင်း စဉ်းစားထားတာ မရှိဘူးဆိုရင် ၁၉၃၀ ငလျင်တုန်းက အခြေအနေမျိုး ကြုံရတဲ့အခါ ခံနိုင်ရည် အင်မတန် အားနည်းနိုင်တယ်။ အဲ့ဒီတုန်းက ရန်ကုန်ရဲ့လူဦးရေက အကြမ်းဖျင်းပြောရရင် ၂ သိန်း ကနေ ၄ သိန်းလောက်ပဲ ရှိတယ်။ အခုဆိုရင် လူဦးရေက ၆ သန်း၊ ၇ သန်း ဖြစ်နေပြီ။ အဲ့ဒါကြောင့် အများကြီးသတိထားရမှာဖြစ်ပါတယ်။ သို့သော်လည်းပဲ အဲဒါကြီးကိုသိပြီး ကြောက်လန့်နေစရာ မလိုဘူး။ ငလျင်က လူကို သေစေတာ မဟုတ်ဘူး။ အဆောက်အအုံတွေက လူကိုသေစေတာ။ အဲ့တော့ ခံနိုင်ရည်အားနည်းနေတဲ့ အဆောက်အအုံတွေကို ပြန်လည် မွမ်းမံ ပြင်ဆင်တာမျိုးတွေ လုပ်ထားသင့်တယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နဲ့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီတို့ ပူးပေါင်းပြီး ရွှေတိဂုံစေတီတော် အပါအဝင် စေတီ ၃ ဆူ နဲ့ မြို့နယ် ၆ မြို့နယ်ရဲ့ မြေသားရွေ့လျားမှု၊ နိမ့်ကျမှုနဲ့ မြင့်တက်မှုကို သိရှိနိုင်ဖို့ ငလျင်တိုင်းစက်နဲ့ GPS စက်တွေကို မဟာဝိဇယစေတီတော် ဝတ္တကမြေအတွင်း တပ်ဆင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကုန်ရဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက်ရှိ မြေသားခိုင်မာပြီး စက်အား အနှောင့်အယှက်နည်းတဲ့ နေရာတွေမှာလည်း ဆက်လက် တပ်ဆင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ့စက်တွေနဲ့ တိုင်းတာချက်တွေအရ ရွှေတိဂုံစေတီတော်၊ မဟာဝိဇယစေတီတော်နဲ့ အလံပြဘုရားတို့ရဲ့ ဝတ္တကမြေနဲ့ အနီးဝန်းကျင်နေရာတွေအပြင် ဗဟန်းမြို့နယ်၊ ဒဂုံ၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းနဲ့ ကျောက်တံတားမြို့နယ်တို့ရဲ့ မြေသားရွေ့လျားမှု၊ နိမ့်ကျမှုနဲ့ မြင့်တက်မှုတို့ကို လေ့လာသိရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကုန် ရှင်သန်ရေးကူညီမှုအသင်းချုပ် ( YRO ) ကလည်း ငလျင်လှုပ်တဲ့အခါ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ ကယ်ဆယ်ရေးအဖွဲ့ပေါင်း ၁၉၀ ကျော်နဲ့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီ့ ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၊ လူကယ်ပြန်၊ ကြက်ခြေနီအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လူအင်အား ၃၀၀၀၊ လူနာတင်ယာဉ် အစီးရေ ၅၀၀ ကျော်တို့နဲ့ အရေးပေါ် ကယ်ဆယ်‌ရေးတွေ လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ငလျင်လှုပ်ခြင်း၊ ရေကြီးရေလျှံခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာပါက မြို့နယ်အသီးသီးရှိ လူမှုကူညီရေးအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့တွေကို ဆက်သွယ် အကူညီတောင်းခံနိုင်ပြီး ကျန်းမာရေးဆိုင်ရာကိစ္စတွေအတွက် ဆေးရုံအသီးသီးရှိ ဆရာဝန်တွေနဲ့ ချိတ်ဆက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
“ငလျင်နဲ့ ပတ်သက်ပြီးတော့ ဖြစ်မှ ကူညီမှုတွေပေးတာထက် ဒါနဲ့ပတ်သက်လို့ ပြည်သူလူထုကို အသိပညာပေးမှုတွေ၊ ကြိုတင်ပြင်ဆင်မှုအပိုင်းနဲ့ ပတ်သက်လို့ ဟောပြောပွဲတွေ များများလုပ်ပေးသင့်တယ်။ ပြည်သူနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းမှုတွေ လုပ်ထားတဲ့အခါ ငလျင်လှုပ်ခဲ့ရင် ထိုက်သင့်တဲ့ ပမာဏကို လျှော့ချနိုင်လိမ့်မယ်။ မြန်မာနိုင်ငံမှာက တခြားသော ဘေးအန္တရာယ်တွေနဲ့ ပတ်သက်လို့ အသိပညာပေးမှုတွေ အများကြီး ရှိပေမယ့် ငလျင်ပတ်သက်တဲ့ အပိုင်းကတော့ လုပ်ဆောင်မှု အရမ်းကို အားနည်းနေတယ်” လို့ မြေငလျင်ပညာရှင်တဦးက ပြောပါတယ်။
မြန်မာနိုင်ငံဟာ မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး စတဲ့ သဘာဝဘေးမျိုးစုံ ဖြစ်ပွားနိုင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ အဲ့ဒီ့ ဘေးအန္တရာယ်တွေထဲကမှ ငလျင်ဘေးအန္တရာယ်ဟာ ကြိုတင်ခန့်မှန်း၊ သိရှိနိုင်ခြင်း မရှိတာကြောင့် အလွန်အန္တရာယ်ကြီးမားတဲ့ ဘေးအန္တရာယ်တမျိုး ဖြစ်တာကြောင့် “အသံတိတ်လူသတ်သမား” လို့လည်း မြေငလျင် ကျွမ်းကျင်ပညာရှင်တွေက တင်စား ခေါ်ဝေါ်ကြပါတယ်။
အင်အားပြင်းငလျင်တွေ ဖြစ်ပေါ်လာပါကလည်း ပျက်စီးဆုံးရှုံးမှု ကြီးမားတတ်ပြီး နောက်ဆက်တွဲ ငလျင်ငယ်တွေ (Aftershock) လှုပ်ခြင်း၊ ရေကာတာကြီးတွေ ကျိုးပျက်ပြီး ရေလွှမ်းခြင်း၊ တောင်ပြိုခြင်း၊ မြေပြို ခြင်း၊ ဆူနာမီရေလှိုင်းတွေ ဖြစ်ပေါ်နိုင်ခြင်း၊ ရုတ်တရက် လျှပ်စစ်ကြိုးများ ပူးသွားခြင်းတို့ကြောင့် လျှပ်စစ်မီးပွားမှတဆင့် မီးလောင်ခြင်း၊ လောင်စာဆီ၊ ဓာတ်ငွေ့ပိုက်တွေ ပျက်စီးရာမှတဆင့် မီးလောင်ကျွမ်းခြင်း စတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
ငလျင်အန္တရာယ်မဖြစ်ပွားမီ မိမိအိမ်မှာ ပြိုကျ၊ ပြုတ်ကျ၊ ကွဲရှနိုင်တဲ့ ပစ္စည်းတွေ၊ တွဲလောင်းကျနေတဲ့ အရာတွေကို အန္တရာယ်မဖြစ်စေဖို့ မြဲမြံအောင် ပြုလုပ်ထားရမည်ဖြစ်ပြီး မိသားစုသုံး အရေးပေါ်ပစ္စည်းတွေ၊ အရေးကြီး စာရွက်စာတမ်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့နဲ့ မိမိအိမ်ရဲ့ ခိုင်ခံ့မှုကို ပုံမှန်စစ်ဆေးပြီး တောင့်တင်းခိုင်မာအောင် ပြုလုပ်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။

ငလျင်လှုပ်တဲ့ခါမှာတော့ ၅ စက္ကန့်အတွင်း အဆောက်အအုံအပြင်သို့ ရောက်နိုင်ပါက ပြေးထွက်ရမှာဖြစ်ပြီး မပြေးထွက်နိုင်ပါက ခိုင်ခံ့တဲ့ စားပွဲ၊ ခုတင်အောက်မှာလည်းကောင်း၊ အခန်းရဲ့ ထောင့်နေရာတွေမှာလည်းကောင်း အကာအကွယ်ယူပြီး နေရမှာဖြစ်တယ်လို့ သိရပါတယ်။ မြင့်မားတဲ့ အဆောက်အအုံ၊ လျှပ်စစ်မီးကြိုး၊ ဓာတ်တိုင်တွေ၊ သစ်ပင်တွေ၊ ပြိုကျနိုင်တဲ့ အရာတွေနဲ့ ဝေးရာသို့ပြေးရမှာဖြစ်ပြီး ကွင်းပြင်တွေမှာ ခေတ္တခိုလှုံမှုတွေပြုလုပ်ဖို့လည်း လူကယ်ပြန်က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံဟာ အင်အားပြင်း ငလျင်လှုပ်ခတ်စေတဲ့ စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ကုလားတန်ပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့တွေကဲ့သို့သော ပြတ်ရွေ့ကြောကြီးတွေပေါ်မှာ အဓိကအားဖြင့် တည်ရှိနေပြီး အင်အား ရစ်(ချ်)တာစကေး ၆ နဲ့အထက် လှုပ်ခတ်နိုင်တဲ့ ငလျင်ကြောကြီး ၅ ခုနဲ့ ရစ်(ချ်)တာစကေး ၂ မှ ၅ အထိ လှုပ်ခတ်တတ်တဲ့ မြေငလျင်ကြော ၄၀ ခန့် ရှိနေတာကြောင့် မြေငလျင်အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှု များစွာ ပြုလုပ်ထားဖို့ လိုအပ်တဲ့ နိုင်ငံတနိုင်ငံအဖြစ် မှတ်ယူရမှာ ဖြစ်ပါတယ်။
#VOM #voiceofmyanmar #ငလျင်​အန္တရာယ်

Related posts

Leave a Comment

VOM News

FREE
VIEW