မြင်းခြံမြို့နယ်မှာ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ နဲ့ NLD ပါတီဝင်၂ ဦး အသတ်ခံရ

အောက်တိုဘာ ၊ ၁၄ ၊ ၂၀၂၃
SP ( VOM)
မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ ကျောက်ကုန်းကျေးရွာမှာ မနေ့ အောက်တိုဘာ ၁၃ ရက် မနက် ၁၀ နာရီခွဲ ဝန်းကျင်က နိုင်ငံရေး ပါတီဝင် လူ ၃ ဦးပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” အသတ်ခံရသူတွေက ကျောက်ကုန်းရွာမှာနေတဲ့ ဒေါ်လှလှဟန် ၊ ၄၈ နှစ် ၊ ဦးမောင်မောင်မြင့်၊ ၄၀ နှစ်၊ ဖြစ်တယ် ၊ သူတို့ ၂ ယောက်စလုံးကို သေနတ်နဲ့ ပစ်သတ်သွားတာ ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး မြင်းခြံခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က ” မနက် ၁၀ နာရီခွဲလောက်မှာ အမည်မသိ လက်နက်ကိုင် ( စုံစမ်းဆဲ) လူ ၅ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ ကျောက်ကုန်းရွာက ဦးသန်းနိုင်ရဲ့ အိမ်ကိုရောက်လာတယ် ၊ သူတို့ ရောက်လာတယ်ဆိုရင်ပဲ အိမ်ရှင် ဦးသန်းနိုင်က ထွက်ပြေးလွတ်မြောက်သွားတယ် ၊ ဦးသန်းနိုင်ရဲ့ မိန်းမ ဒေါ်လှလှဟန် နဲ့ ဦးသန်းနိုင်ရဲ့ ညီဝမ်းကွဲ.ဖြစ်သူ ဦးမောင်မောင်မြင့် တို့ ၂ ယောက်ကျန်ခဲ့တယ် ၊ သူတို့ ၂ ယောက်စလုံးကို ဒလန် သတင်းပေးတွေ အရှင်မထားဘူး ပြောပြီး လူ ၅ ယောက်က သေနတ်နဲ့ ပစ်သတ်သွားတာဖြစ်တယ် ၊ အဲ့ဒီနေရာက M 22 ကျည်ဆံ ၄ တောင့် သိမ်းဆည်းရမိတယ် ၊ သေဆုံးသူတွေက နိုင်ငံရေး အရောင်အသွေးရှိတယ် ၊ အဲ့ဒီ ဖြစ်စဥ်ကို အမှုဖွင့်အရေးယူထားတယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် ဒလန်လို့ ပြောပြီး ပစ်သတ်ခံရတဲ့ ဒေါ်လှလှဟန် ဆိုသူက ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီဝင် ဖြစ်ပြီး ၊ ဦးမောင်မောင်မြင့်ဆိုသူက NLD ပါတီဝင်တွေ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်ကလည်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ ပျိုးကန်ကျေးရွာမှာ ကြံ့ခိုင်ရေး ပါတီဝင် ၄ ဦးကို ဒလန်လို့စွပ်စွဲကာ သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
အဲ့ဒီ အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်က မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ ဆူးရစ်ကုန်းကျေးရွာမှာ ပြည်ခိုင်ဖြိုး ပါတီဝင် ၄ ဦးကို ဒလန်လို ပြောဆို စွပ်စွဲပြီး သတ်ခံရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း မြင်းခြံခရိုင်ထဲမှာရှိတဲ့ ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူတွေ ၊ ပါတီဝင်တွေ ၊ စီးပွားရေး လုပ်ငန်းရှင်တွေ သတ်ဖြတ်ခံရတဲ့ လူသတ်မှု ဖြစ်စဥ်ပေါင်း ၇၀ ကျော်ရှိပြီး သေဆုံးသူ ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW