အောက်တိုဘာ ၁၄ – ၂၀၂၃
SN (VOM)
နစကရဲ့ EV ကား တင်သွင်းခွင့်ပါမစ်နဲ့ ပတ်သက်လို့ ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ စိတ်ဝင်စားမှု မရှိသလောက် နည်းပါးနေပြီး ဒီသတ်မှတ်ချက်ဟာ အကျိုးဖြစ်ထွန်းမှု မရှိနိုင်ဘူးလို့ ပြောဆိုကြပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သင်္ဘောသားတွေအပါအဝင် ပုံမှန်လစာရရှိတဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ တနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂ သိန်းနဲ့အထက် လွှဲပို့ပါက လွှဲပို့ငွေရဲ့ ၅ ရာခိုင်နှုန်းတန်ဖိုးနဲ့ညီမျှတဲ့ လျှပ်စစ်သုံးမော်တော်ယာဉ် (EV) ကို တနှစ်လျှင်တစီးနှုန်း တင်သွင်းခွင့်ပြုသွားမယ်လို့ မနေ့ အောက်တိုဘာ ၁၃ ရက် နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပုံမှန်လစာ ရရှိသူတွေမှအပ တခြားဝင်ငွေရရှိသူတွေအနေနဲ့ တနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅ သောင်းနဲ့အထက် လွှဲပို့ပါက လွှဲပို့ငွေရဲ့ ၅ ရာခိုင်နှုန်း တန်ဖိုးနဲ့ ညီမျှတဲ့ လျှပ်စစ်သုံး မော်တော်ယာဉ်၊ လျှပ်စစ်သုံး မော်တော်ဆိုင်ကယ် တနှစ်ကို တစီးနှုန်း တင်သွင်းခွင့်ပါမစ် ပေးသွားမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
ဒါနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတဦးက “အခွန်ရဖို့ မက်လုံးပေးတာ၊ ၂၅ ရာခိုင်နှုန်း အခွန်ပေးအောင် ဝင်ငွေကို တရားဝင် ပြခိုင်းတာ။ လူလည်လုပ်တာ။ ဒီပါမစ်ကို အခုလည်း စိတ်မဝင်စားဘူး၊ ဘယ်သူမှလည်း စိတ်မဝင်စားဘူး၊ ဘယ်တော့မှလည်း စိတ်ဝင်စားမှာမဟုတ်ဘူး” လို့ ပြောပါတယ်။
စီးပွား/ကူးသန်းရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ အခုလို EV ကား ပါမစ် ခွင့်ပြုပေးခြင်းဟာ နိုင်ငံတော်မှာ လျှပ်စစ်သုံးယာဉ်တွေ အသုံးပြုမှု ပိုမိုတိုးတက်ဖြစ်ထွန်းစေဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စကို အထောက်အကူပြုဖို့ ရည်ရွယ်တာဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒါ့ကြောင့် သင်္ဘောသားတွေအပါအဝင် ပြည်ပမှာ အလုပ်လုပ်ကိုင်လျက်ရှိကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိတို့ရရှိတဲ့ လစာငွေ (ဒါမှမဟုတ်) အခြားဝင်ငွေတွေကို မြန်မာနိုင်ငံသို့ ဘဏ်လမ်းကြောင်းမှတဆင့် ပြန်လည်လွှဲပို့ခြင်းအပေါ် အထူးအစီအစဉ်တရပ်အနေနဲ့ လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တင်သွင်းခွင့်ပါမစ်တွေကို ခွင့်ပြု ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
“နစကအနေနဲ့ ဒီထုတ်ပြန်ချက် မထုတ်ခင်မှာ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လစာဝင်ငွေ ဘယ်လောက်ရှိတယ်ဆိုတာ အရင်ဆုံး စုံစမ်းသင့်တယ်။ အခြေခံ လစာနည်းတဲ့သူတွေဆိုရင် ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အများစုက တနှစ်ကို သုံးသောင်းလောက်တောင် မလွှဲနိုင်ပါဘူး။ သင်္ဘောသားတွေထဲမှာရော၊ ပြည်ပမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေထဲမှာပါ တနှစ်ဝင်ငွေ ကန်ဒေါ်လာ ၂ သိန်းဝင်တဲ့သူက မရှိသလောက်ကိုရှားပါတယ်။ အဲ့တော့ သူတို့ နစကအနေနဲ့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဒီကိစ္စက အရာမထင်နိုင်ဘူး” လို့ ဂျပန်နိုင်ငံရောက် မြန်မာလုပ်သားတဦးက ပြောပါတယ်။
စီးပွား/ကူးသန်းရဲ့ ထုတ်ပြန်ချက်မှာတော့ ဖော်ပြထားတဲ့ ဝင်ငွေရရှိသူစာရင်းမှာ အကျုံးဝင်သူတွေကို လျှပ်စစ်သုံးမော်တော်ယာဉ်၊ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တင်သွင်းခွင့်ပြုရာမှာ တဦးတယောက်ချင်း တင်သွင်းမှုကိုလည်းကောင်း၊ တဦးတယောက်ချင်း တင်သွင်းဖို့အတွက် ယာဉ်တန်ဖိုးမပြည့်မီပါက စုပေါင်းပြီးတင်သွင်းမှုကိုလည်းကောင်း ပါမစ်ခွင့်ပြုပေးသွားမှာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။
အခုလို ပြည်ပရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေကို EV ကားတင်သွင်းခွင့် ပါမစ်ပေးမယ့်အကြောင်းအရာနဲ့ ပတ်သက်လို့ EV ကားကုမ္ပဏီတခုဖြစ်တဲ့ KHAING KHAING SANGDA GROUP LIMITED ကို VOM က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပေးမယ့် တာဝန်ရှိသူ ခရီးထွက်နေတာကြောင့် မေးမြန်းခွင့် မရခဲ့ပါဘူး။
စီးပွား/ကူးသန်းအနေနဲ့ လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် ဝယ်ယူတင်သွင်းခွင့်ပြုတဲ့ အစီအစဉ်ကို အခု ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်မှ စတင်ကာ ခွင့်ပြုသွားမှာဖြစ်ပြီး ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၆၇-၃၄၀၈၄၃၃ နဲ့ အီးမေးလ် dottraining2008@gmail.com ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့ အသိပေးကြေညာထားပါတယ်။
Photo: Crd
Telegram Link: https://t.me/VOMNEWS2023/3006