အောက်တိုဘာ ၊ ၁၈ ၊ ၂၀၂၃
SP ( VOM)
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်ကနေစလို့ ၁၁ ရက်အထိ ထောင်တွင်း အစာအငတ်ခံ ဆန္ဒပြသူ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေကနေ ထပ်တိုး နောက်မှုဖွင့် အရေးထားတယ်လို့ မုံရွာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ပေးတဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။
“အစာအငတ်ခံ ဆန္ဒပြတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပုဒ်မ ၅၀၅ – က နဲ့ အမှုဖွင့် အရေးယူထားတဲ့ ကိုဝင်းကျော်ခေါင်၊ ကိုဆန်းမြင့်လွင်၊ ကိုပြည်စုံဖြိုး၊ ကိုဝင်းခန့်ကို၊ ကိုဘုန်းမြင့်ကျော်၊ ကိုညီဟိန်း၊ ကိုသန်းဝေလွင်၊ ကိုခိုင်မြဲကျော်၊ ကိုစည်သူမောင်၊ ကိုမျိုးဆက်မောင်၊ ကိုသူရိန်မြင့်၊ ကိုဝေယံထွန်း၊ ကိုကောင်းထက်၊ ကိုမျိုးမင်းထွန်း၊ ကိုသူရိန်ဝင်း၊ ကိုထက်နိုင်လင်း၊ ကိုနိုင်မှူး အဲ့ဒီ ၁၄ ယောက်ကို ထပ်တိုး နောက်မှုတွေနဲ့ အရေးယူခံရတာဖြစ်တယ် ” လို့ မုံရွာ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။
အဲ့ဒီ နိုင်ငံရေး အကျဉ်းသား ၁၄ ယောက်ကို၊ အကျဉ်းထောင် အရာရှိ တစ်ဦးက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၄၇ နဲ့ အမှုဖွင့် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
“ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြတုန်းက ပါဝင်ခဲ့တဲ့ အခြား နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်တဲ့၊ ကိုဝေမိုးနိုင်၊ ကိုဘုန်းမြင့်အောင်၊ ကိုမိုးကျော်ထက်၊ ကိုနေဇင်ငြိမ် ထက်၊ ကိုနေဆန်း၊ ကိုချမ်းငြိမ်းအောင်၊ ကိုရဲရင့်သူ၊ ကိုကျော်စိုးအေး၊ ကိုအောင်သူဟိန်း တို့ ကိုးဦးကိုလည်း ထောင်တွင်း ပြစ်ဒဏ်လျှော့ရက် တနှစ်ပိတ်ပင်တယ်လို့ ကြားရတယ် ၊ ဆန္ဒ စပြရတဲ့ အကြောင်းအရာက နိုင် / ကျဉ်းတွေရဲ့ စားသောက်စရာတွေ အပြင် စာအုပ်စာတမ်းတွေကို ထောင်အာဏာပိုင်တွေက သိမ်းဆည်းသွားလို့ ဆန္ဒပြကြတာဖြစ်တယ် ” လို့ မိသားစုဝင် တယောက်က ပြောပါတယ်။
ထောင်တွင်း ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး အကျဉ်းထောင် ဝန်ထမ်းတချို့ ကိုလည်း ဌာနတွင်း အရေးယူတာတွေ ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ ၊ ပုသိမ်အကျဉ်းထောင်မှာလည်း၊ နိုင်ငံရေး အကျဉ်းသား ၆၂ ဦးကို၊ ထောင်တွင်းဆန္ဒပြလို့ ဆိုပြီး နောက်တိုးအမှုတွေနဲ့ တရားစွဲဆို ရုံးထုတ်တယ်လို့ သိရပါတယ်။ အဲ့ဒီထဲက ထောင်ဝန်ထမ်းတွေကို ပြန်လည်ခုခံတဲ့ နိုင်ငံရေး အကျဉ်းသား ၁၆ ယောက်ကိုတော့၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃ အရ တရားစွဲတယ်လို့ သိရပါတယ်။
ကျန်တဲ့ ၁၇ ယောက်ကို ရာဇသတ်ကြီး ပုဒ်မ ၃၃၂ အရ တရားစွဲပြီး ၊ အခြား ၃၇ ယောက်ကို တော့ ထောင် ဒဏ် ခြောက်နှစ်စီ ချလိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီလို အမိန့်ချခံရတဲ့ အကျဉ်းသား ၃၇ ယောက်ထဲမှာ မူလပြစ်မှုတွေဖြစ်တဲ့ ၅၀၅ – က ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေတွေနဲ့ တရားရုံးမှာ တရားရင်ဆိုင်နေရဆဲ သူတွေပါဝင်တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၅ ရက်ကလည်း၊ စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊ ကလေး အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ လူငယ် လေးယောက်ကို ကလေး အထူးတရားရုံးကနေ နောက်ထပ် ပြစ်ဒဏ်တွေ တိုးမြင့်ချထားခံရတယ်လို့ သိရပါတယ်။
“ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာ တော်လှန်သင်္ကြန်ဆိုပြီး ကိုသန်းစိုးဦး ၊ ကိုမျိုးကိုဝင်း ၊ မကျိန်ဒွန့်ကိမ် ၊ မနှင်စံတို့ ၄ ယောက်ဟာ လုပ်ခဲ့ကြတယ် ၊ အဲ့ဒီလို တော်လှန်သင်္ကြန် လုပ်ပြီး ဧပြီ ၁၆ ရက်မှာ သူတို့ လေးယောက်လုံး ဖမ်းခံရတယ် ၊ စတင်ဖမ်းတုန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က အရ အမှုဖွင့်အရေးယူခဲ့တယ် ၊ အဲ့ဒီ အမှုကို တရားရုံးက ပြီးခဲ့တဲ့ မေလထဲမှာ ထောင် နှစ်နှစ်စီ အမိန့်ချလိုက်တယ် ၊အမှုပြီးပြီလို့ ထင်ခဲ့တယ် ၊ အဲ့ဒီနောက် အထူးတရားရုံးကနေ သူတို့ လေး ယောက်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၀(ဇ) နဲ့ ၅၂ (က) ဆိုတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုပြီး မနေ့ စက်တင်ဘာ ၂၅ ရက်က နောက်ထပ် ထပ်တိုး ပြစ်ဒဏ် ၁၀ နှစ်စီချလိုက်တာဖြစ်တယ် ” လို့ ကလေးမြို့ တရားရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“သူတို့ဖမ်းခံရပြီးနောက် ရုံးထုတ်တော့ သိရတာက ၅၀၅ – က နဲ့ပဲ အရေးယူထားတာဖြစ်တယ်လို့ ပြောတယ်။ ထောင် နှစ်နှစ်ပဲကျတယ်ဆိုတော့ မိသားစု စိတ်အေးရပြီထင်ခဲ့ရတာ။ အခုတော့ ထောင် ၁၀ နှစ် ထပ်တိုးလိုက်တယ် ” လို့ မကျိန်ဒွန့်ကိမ်ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။
သူတို့ရဲ့ ပြစ်ဒဏ်တွေကို သီးခြားစီ ကျခံဖို့ အမိန့်ချခဲ့တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ် ကျခံကြရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။