ဆူးငှက်
မန္တလေး၏ သီတင်းကျွတ်ပွဲတော်သည် ဘုရားပွဲများနှင့်ဆက်စပ်နေသော ပွဲတော်ဖြစ်သည်။ကဆုန်လပြည့်ညောင်ရေသွန်းပွဲတော် ပြီးသည့်နောက် မန္တလေးတွင် ပွဲလမ်းများ ပါးလျားသွား၏။
ထို့ကြောင့် မန္တလေးမှ ဇာတ်၊အငြိမ့်၊ ရုပ်သေး၊ ဆိုင်းအဖွဲ့များသည် ကဆုန်လတွင် “သေတ္တာပိတ် ”ဟုခေါ်သောနောက်ဆုံးပွဲများကို ကပြကြပြီး အဖွဲ့အသီးသီးဖြုတ်သိမ်းကာဇာတ်ခေါင်းခွဲကြသည်။ ထို့နောက် ပညာရှင်အသစ်များပြန်လည်ဖွဲ့စည်းပြီး နယုန်၊ ဝါဆို၊ ဝါခေါင်လများတွင်တီးလုံးတိုက်ကြ၊ဇာတ်တိုက်ကြသည်။ မကြာမီ သီတင်းကျွတ်လဆန်းသည်နှင့် ဘုရားပွဲတော်များစတင်သည်နှင့် စတင်၍ ကပြကြရမည့် “သေတ္တာဖွင့်ပွဲ ” အတွက် ကြိုတင်ပြင်ဆင်ကြသည်။
မန္တလေးတွင် မန္တလေးမြို့ မတည်မီ ကတည်းက တည်ရှိခဲ့သော ဘုရား၊စေတီကြီးများ၊ ဥပမာ မဟာမုနိ၊ဘုရားသုံးဆူ၊ အိမ်တော်ရာ၊ရွှကျီးမြင်၊ အရိပ်မထွက်၊ ဘုရားနီ၊ ချမ်းသာရ၊ အင်းခရု၊ စသည်တို့ဖြစ်သည်။မန္တလေးမြို့နှင့် အတူတည်သော ဘုရားစတီတော်ကြီးများ၊ ဥပမာကျောက်တော်ကြီး၊ စန္ဒာမုနိ၊ မဟာလောကမာရဇိန် ကုသိုလ်တော်၊ သကျသီဟ …စသည်တို့၏ သတ်မှတ်ထားသည့် ရက်များတွင်ကျင်းပသည့် ပွဲတော်ကြီးများကို “ ဂဇက်ရဘုရားပွဲတော် ” များဟုခေါ်ဆိုကြ၏။
ထို့ပြင် ရပ်ကွက်ဓမ္မာရုံအသီးသီး၏ ဘုရားပွဲတော်များမှာလည်း သီတင်းကျွတ်လဆန်းသည်နှင့်ကျင်းပကြရာ မလွန်ကြက်သွန်တန်း ဓမ္မာရုံရုံဘုရားပွဲ၊ တရုတ်တန်းရှေ့တော်ပြေးဝင်း ဓမ္မာရုံဘုရားပွဲများပြီးနောက်“ဂေဇက်ရ ” ဘုရားပွဲတော်အဖြစ် သီတင်းကျွတ်လဆန်း ၁၀ ရက် ၁၁ ရက်နေ့များတွင်မြို့လယ်၊ ၈၂လမ်း၂၉ လမ်းနှင့်လမ်း၃၀ကြားရှိ ဘုရားသုံးဆူ ဘုရားပွဲတော်ကို စတင်ကျင်းပသည်။
ထိုသို့ မလွန်ကြက်သွန်တန်း ဓမ္မာရုံပွဲ၊ ရှေ့တော်ပြေးဝင်း ဓမ္မာရုံပွဲနှင့် ဘုရားသုံးဆူ ပွဲတော်များမှ စ၍သီတင်းကျွတ်အကြိုအဖြစ် ဘုရားပွဲတော် ဂေါစရဂမ်ရပ်ကွက်ရှိ အိမ်အသီးသီးကမီးရောင်စုံများထွန်းညှိကြ၏။
အဆိုပါ ဘုရားပွဲတော်ကြီးများသည် သီတင်းကျွတ်အခါသမယနှင့် တိုက်ဆိုင်ကျင်းပကြ၍ဘုရားပွဲနှင့် စပ်ဆိုင်သော ရပ်ကွက်များကလည်း ဘုရားပွဲတော်တွင် မီးရောင်စုံထွန်းညှိ၍ဆင်နွှဲကြသည်။ ရှေးက သီတင်းကျွတ် ဘုရားပွဲတော်အမှီ မီးပုံးချိုးကြ၏။ မီးပုံးများကို အိမ်မှာကိုယ့်ဘာသာ ချိုးကြသည်။ “ ဘီလူးမမျက်ကွင်း ” ဟုခေါ်သော ခြောက်မြှောင့် မီးပုံးကို အများဆုံး ချိုးကြသည်။ ထို့နောက်မီးကြာခွက်များကိုလည်း ကြိုပြီးပြုလုပ်ကြ၏။ မီးကြာခွက် ဆိုတာကဆီစိမ်စက္ကူ ကို ကြာဖူးကြာဖက်လို ကိုက်ညှပ်ပြီး၊ အညာဖျင်ကြမ်း လက်သုတ် ပုဝါကြားညှပ်၊ လက်ဖနောင့်နှင့်ဖိတွန်းပြီး ကြာဖတ်လေးလို ခုံး၍ တွန့်အောင်ပြုလုပ်ရသည်။ ထို့နောက် ဆီမီးခွက်နှုတ်ခမ်းမှာ ထိုကြာဖက်လေးတွေ အထပ်ထပ် ကပ်ပြီး ဆီမီးပူဇော်ကြသည်။
အများစုက ထိုဆီမီးကြာခွက်တွေ၊ ဖယောင်းတိုင်နှင့် ထည့်ထွန်းသည့် စက္ကူမီးပုံးတွေချိုးပြီး ထွန်းညှိကြ၏။ မီးပုံးအတွက် ပစ္စည်းများကို ေဈးချိုစီရုံထဲက မှန်ရောင်စက္ကူဆီစိမ်စက္ကူများဝယ်ပြီးပြုလုပ်ကြရသည်။
ထို့ပြင်ဖယောင်းတိုင်ထည့်ထွန်းသည့်“မီးလည်”များလည်းပြုလုပ်ကြသည်။မီးလည်ဆိုသည်မှာ အပေါ်က ဒလက်လို၊ ပန်ကာရွက်လို ဂျပ်နှင့်အဝိုင်းပြုလုပ်ပြီး“ဆလင်ဒါပြောင်းရှည်”ပုံဖြစ်သည်။ ဆလင်ဒါ ပတ်ပတ်လည်မှာ အရုပ်တွေရေးဆွဲကြ၏။ထိုဆလင်ဒါထဲ ဖယောင်းတိုင်မီး မီးထည့်ထွန်းသောအခါ အပူငွေ့က အထက်တက်ပြီး ဂျပ်ပြားဝိုင်းကဒလက်များကို တွန်းထွက်သောအခါ ဆလင်ဒါမီးအိမ်က လည်သည်။ ထိုမီးအိမ်ပေါ်တွင် သမင်လေးတွေလိုက်တမ်း ပးတမ်း ကစားတဲ့ပုံတို့၊အချို့ စိတ်ကူး စိတ်သန်းကာင်းသူတွေက အင်္ဂုလိမာလ ချွတ်ခန်းတို့၊ မာရ်နတ် ဖျက်ဆီးခန်းတို့၊သုဝဏ္ဏသာမလေးပစ်ခန်း တို့လို ဇာတ်တော်တွေလည်းရေးဖွဲ့ကြ၏။
ထိုစဉ်က ရပ်ကွက်ထဲ တိုက်ကြီးတာကြီး ၁ လုံး ၂ လုံးလောက်ကပဲ လျှပ်စစ်မီးလုံးနှင့် မီးပူဇော်ကြသည်။မန္တလေးတွင် သီတင်းကျွတ်လန်း ၁၄ ရက်မှစ၍ လပြည့်နေ့နှင့် လပြည့်ကျော် ၁ရက်နေ့အထိ မီးပူဇော်ကြသည်။ တာဝတိံသာမှ ဆင်းသက်ကြွရောက်လာသည့် ဘုရားရှင်ကို ရည်မှန်းပြီး ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း သဖွယ်လည်း မီးစောင်းတန်းများထွန်းညှိကြသည်။ အိမ်တော်ရာဘုရားပွဲတော်တွင် အင်္ဂါထောင့်ရှိ ကျိုက်ထီးရိုးစေတီ ပရိဝုဏ်၌တီထွင်ဆန်းသစ်သော မီးပုံး၊ မီးလုံးများစဉ်မထပ်ရအောင် ထွန်းညှိ ပူဇော်လေ့ရှိသည်။ ဗုဒ္ဓဝင်လာဇာတ်တော်ကြီးများကို သရုပ်ဖော် ထွန်းညှိကြသကဲ့သို့၊ ထိုစဉ်ကခတ်စားသော အပိုလို ၁၁အာကာသယာဉ်ကို လွှတ်တင်သည့်စတန်အမှတ် ၅ ဒုံးပျံ ပုံစံမျိုးကိုလည်း ၂ ထပ်တိုက်နီးပါး ချိုး၍ မီးထွန်းညှိလည်းရှိသည်။
သီတင်းကျွတ်ပွဲတော် အခါသမယသည် မန္တလေး၏ အထင်ကရ ဘုရားပွဲတော်ကြီးများကျင်းပသည့် အချိန်မို့ တစ်မြို့လုံး မီးရောင်စုံ ထိန်ထိန်ညီးဖြင့် စည်ကားသော်လည်း ယခင်က ဗျောက်ဖောက်၍ ကာယိန္ဒြေပျက်စေမှုမျိုး အလျင်းမရှိခဲ့ပေ။ ဘုရားပွဲတော်ကြီးများနှင့် အပြိုင်စေ◌ျးချိုဝါးတန်းရပ်၊မြို့လယ် ရသာတန်းရပ်၊ မြောက်ပြင်ထားဝယ်ရပ်၊ အရှေ့ပြင် အောင်တော်မူရပ် စသည်ဖြင့်မီးထွန်းပွဲတော်ကြီးများ စည်ကားစွာကျင်းပ၍ မန္တလေးသီတင်းကျွတ်ပွဲတော်အပြောင်းအလဲတစ်မြို့လုံးက “ မီးလမ်းလျှောက် ” ဟူသောခါ်ဝေါ်မှုဖြင့်ခြေလျင်တစ်မျိုး၊ စက်ဘီးများဖြင့် တစ်သွယ်မိသားစုနှင့်ပျာ်ရွှင်စွာ သွားလာကြ၏။
သီတင်းကျွတ် မီးထွန်းပွဲတော်နှင့်ဘုရားပွဲတော်များတွင် သက်ဆိုင်ရာ ရပ်ကွက်ခံများက လာသမျှ အယုတ်အလတ် အမြတ်မရွေး ဧည့်ခံကျွေးမွေးကြသည့် အစဉ်အလာရှိခဲ့ကြသည်။
ဆူးငှက်